POST TYPE

ARTICLE

သိပ္ပံဂူ
13-May-2017 tagged as သမိုင်း

ရွာသူ၊ ရွာသားများက ယင်းနေရာကို သိပ္ပံဂူဟုသာ ခေါ်ကြသည်။

ထင်ရှားသည့် မြန်မာစာပေ အကျော်အမော်တစ်ဦးသည် ဂျပန်ခေတ်တွင် စစ်ဘေးရှောင်ရင်း ဓားပြလူဆိုးတို့၏ လက်ချက်ကြောင့် သေဆုံးခဲ့ရရာ ယခုတိုင် တောတွင်းတစ်နေရာတွင် ထာဝရ လဲလျောင်းနေရတော့သည်။ 
“သိပ္ပံမောင်ဝလား၊ သိပ္ပံမောင်ဝက ကျွန်တော်တို့ ရွာကပဲ စောင့်ရှောက်ထားတယ်”

အရပ်ထောင်ထောင်မောင်းမောင်းနှင့် အညာသားလည်းဖြစ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးလည်း ဖြစ်သည့် ဦးစိုးမြင့်က လွန်ခဲ့သည့် ၇၅ နှစ်ကပင် ကွယ်လွန်ခဲ့ပြီ ဖြစ်သည့် စာရေးဆရာကြီး သိပ္ပံမောင်ဝနှင့် ပတ်သက်၍ ယင်းသို့ စကားဆိုလိုက်ခြင်း ဖြစ်သည်။ 

လက်ရှိအသုံးပြုနေသည့် ခေတ်သစ်မြန်မာစာပေ အရေးသားများ ပေါ်ပေါက်ရေးတွင် ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့နှင့်အတူ ဦးဆောင်သူတစ်ဦး ဖြစ်သည့်အပြင် တက္ကသိုလ် မြန်မာစာ ဂုဏ်ထူးတန်းကို ပထမဦးဆုံး တက်ရောက်ခဲ့ပြီး ပထမအဆင့်ဖြင့် အောင်မြင်ခဲ့သူ၊ ဗြိတိန်နိုင်ငံ  အောက်စ်ဖို့ဒ်တက္ကသိုလ်တွင် ပညာသင်ခွင့် ရရှိခဲ့ပြီး အိုင်စီအက်စ် (အရေးပိုင်မင်း) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို ဆောင်းပါး၊ ဝတ္ထုနှင့် ပြဇာတ်များစွာကို ရေးသားခဲ့ပြီး နိုင်ငံကျော် စာရေးဆရာလည်း ဖြစ်သည့် ဦးစိန်တင် (ခ) သိပ္ပံမောင်ဝ ဖြစ်သည်။

အဓိကအားဖြင့် မြန်မာစာပေလောကအတွက် ကြီးမားသည့် အလှည့်အပြောင်းကို ဖြစ်စေခဲ့ပြီး စာပေလောကအပေါ် သြဇာကြီးမားသူတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့သူ ဖြစ်သည်။

“သိပ္ပံမောင်ဝသည် စကားပြေရေးရာ၌ အလွန်ထူးချွန်သည်။ လွယ်ကူသော စကားတို့ကို သုံးလျက် ရှင်းလင်းပြတ်သားစွာ ရေးနိုင်သည်။ ထို့ကြောင့် သူ့စာတို့ကို ဖတ်ရသည်မှာ ထင်လွယ်၊ မြင်လွယ်၊  သိလွယ်ပေသည်” ဟု နိုင်ငံကျော် စာရေးဆရာကြီး မင်းယုဝေက မှတ်ချက်ပြုထားသည်။

ဖုန်ထူလမ်းနှင့် ယာခင်းများ၊ ဝါးရုံတောများကို ကျော်လွန်၍ နွေရာသီတွင် ရေစီးမသန်တော့သည့် ချောင်းတစ်ခုကို ဖြတ်ပြီးလျှင် ရွာသို့ရောက်သည်။ ချောင်းကိုဖြတ်၍ ကုန်းတက်ကို တက်နေစဉ်မှာပင်  ဗိမာန်သဏ္ဌာန် အဆောက်အအုံဖြူဖြူကို လှမ်းမြင်နေရသည်။

ဆယ်ပေပတ်လည် ဝန်းကျင်ရှိ လေးတိုင်စင် ကွန်ကရစ် အဆောက်အအုံ။ အပေါ်တွင်လည်း ကွန်ကရစ်သားဖြင့် အမိုးမိုးထားသည့် ဂူသင်္ချိုင်းပုံစံသည် ယင်းဒေသတွင် တွေ့မြင်နေကျ ပုံစံမျိုး မဟုတ်ပါ။ အဆောက်အအုံကို တံတိုင်းလေးဘက်ဖြင့် ကာရံထားသည်။

စစ်ကိုင်းတိုင်းဒေသကြီးရှိ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် အတွင်းက ဂါးထာကျေးရွာတွင် ဖြစ်သည်။(ဂါးထာကျေးရွာကို ဂါထာ၊ ဂါးတာ၊ ဂါးဒါ စသဖြင့် အမျိုးမျိုး ရေးသားကြသော်လည်း ဤဆောင်းပါးတွင် ပြည်ထဲရေး အမည်ပေါက် ဂါးထာဟုသာ သုံးစွဲပါမည်)

“အဲဒီကာလက သူ ဒီမှာနေတဲ့အခါကျတော့ ညကြီးအချိန်မတော် ဓားပြတိုက်တာပဲ ခင်ဗျာ” ဟု ဦးစိုးမြင့်က ဆိုသည်။

သို့သော် ယခု အသက် ၅၀ ကျော်အရွယ် ဦးစိုးမြင့်အနေနှင့် သူမမွေးခင် နှစ်အစိတ်လောက်က ဖြစ်ခဲ့သည့် ယင်းအဖြစ်အပျက်ကို ကိုယ်တိုင်သိမီခဲ့ခြင်း မဟုတ်ဘဲ ရှေးလူကြီးသူမတို့ ပြောဆိုခဲ့သည်များမှ မှတ်သားမိသည်များကို ပြန်လည်ပြောဆိုရခြင်း ဖြစ်သည်။

ကိုလိုနီလက်အောက်ခံ မြန်မာနိုင်ငံကို ဂျပန်တို့ ဝင်ရောက်လာချိန်၊ အင်္ဂလိပ်တို့ စစ်ပြေးချိန်ကာလ ဖြစ်သည်။

မြန်မာပြည်အောက်ပိုင်းတွင် စစ်မီးတောက်ရာ တစ်မြို့ပြီး တစ်မြို့သို့ စစ်ဘေးရှောင်ရင်း အညာဒေသ ကန့်ဘလူမြို့သို့ သိပ္ပံမောင်ဝတို့ မိသားစု ရောက်ရှိခဲ့သည်။ ယင်းမှ မြို့၏အရှေ့ဘက် ဆယ်မိုင်ခန့်အကွာရှိ ဂါးထာရွာသို့ ပြောင်းရွှေ့ခိုလှုံသည်။

ယင်းအချိန်က နိုင်ငံတစ်ဝန်းတွင် အင်္ဂလိပ်တို့ ကျန်ရစ်သည့် လက်နက်များ ပျံ့နှံ့ခဲ့သည်ဖြစ်ရာ ယင်းလက်နက်များကို အမှီပြု၍ လက်နက်ကိုင် တော်လှန်သူများ၊ သောင်းကျန်းသူများလည်း ထူပူခဲ့သည်။ ဦးစိုးမြင့်၏အဆိုအရ ရဲဘော်များ ဖြစ်သည်။

ကန့်ဘလူမြို့နယ်အတွင်းလည်း အဆိုပါ ရဲဘော်များ ထကြွခဲ့သည်။
“လက်နက်တွေ အနှံ့တောပြား (အနှံ့အပြား) နေရစ်တဲ့ အခါကျတော့ သေနတ်ရထားတဲ့ကောင်က ရဲဘော် ထလုပ်တာကိုး”

ရဲဘော်ဆိုသည်က စနစ်တကျ ဖွဲ့စည်းထားသည့် တပ်ဖွဲ့ဝင်များမဟုတ်။ သာမန်အရပ်သူ အရပ်သားက လက်နက်ကိုင်ဆောင်ထားခြင်းမျှသာ ဖြစ်ပြီး လက်နက်အားကိုးဖြင့် ရပ်ရွာအပေါ်တွင်  ဗိုလ်ကျစိုးမိုးနေကြသူများ ဖြစ်သည်။

ဂါးထာသည် ယင်းအချိန်များက တောကြီးမျက်မည်း ဖြစ်သည်။ ယခု ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုလမ်းမပေါ်ရှိ စပါယ်နံ့သာ ကျေးရွာသည်လည်း ထိုစဉ်က ကားလမ်းမပေါက်သေး၊ တောခေါင်ခေါင်က ကျေးရွာမျှသာ။ 

အဆိုပါ စပါယ်နံ့သာရွာမှ ရဲဘော်သက်ထွန်း ခေါင်းဆောင်သည့် လက်နက်ကိုင်များက သိပ္ပံမောင်ဝတို့ အုပ်စုကို ဓားပြဝင်တိုက်ခြင်း ဖြစ်သည်။ 

“၂ နာရီလောက်အချိန် ဓားပြ ဝင်တိုက်တာ။ ဓားပြဝင်တိုက်တဲ့အခါကျတော့ ဓားပြတွေလာပြီဆိုတာ သူသိတယ်၊ သိတော့ အိမ်ပေါ်က ဆင်းပြေးတာ။ ဆင်းပြေးတဲ့ အခါကျတော့ ကလေးတစ်ယောက် ကျန်ရစ်တယ်။ ကလေးတစ်ယောက်က ငိုတာပေါ့။ ငိုတဲ့အခါကျတော့ သတိရလာတော့ ကလေးကို ပြန်ခေါ်တဲ့အချိန်မှာ ဟိုကလှမ်းပစ်တာ”

ပစ်ခတ်မှုကြောင့် သိပ္ပံမောင်ဝ တစ်ဦးတည်းသာ သေဆုံးခဲ့ပြီး ၎င်းတို့ပိုင်ဆိုင်သည့် ရွှေ၊ ငွေ၊ ဥစ္စာပစ္စည်းများကို ဓားပြများက လှည်းများဖြင့် တိုက်ယူသွားကြကြောင်း ဦးစိုးမြင့်က ဆိုသည်။ သူ့အဆိုအရ လှည်းခုနစ်စီး၊ ရှစ်စီးခန့် ဖြစ်သည်။

သို့သော်။ 

အဆိုပါဓားပြမှုနှင့် ပတ်သက်၍ ယင်းအချိန်က မြန်မာ့အလင်းသတင်းစာက သတင်းရေးသားခဲ့သည်။ အခင်းဖြစ်ပွားပြီး နှစ်ရက်အကြာတွင် ရေးသားသည့် သတင်းတစ်ပုဒ်တွင် သေဆုံးသူမှာ သိပ္ပံမောင်ဝ (ဦးစိန်တင်) တစ်ဦးတည်းသာမက ကန့်ဘလူမြို့၊ နယ်ပိုင်ဝန်ထောက်ဟောင်း ဦးဘသန်းနှင့် ၎င်း၏ ဇနီးတို့လည်း ပါဝင်သလို ရွှေငွေပစ္စည်း သုံးသိန်းကျော်ဖိုးကို လှည်း ၂၁ စီးဖြင့် တိုက်ယူသွားခြင်း  ဖြစ်သည်။

အခင်းဖြစ်ပွားပုံမှာလည်း ကွဲလွဲမှု ရှိနေသည်။ (အဆိုပါဖြစ်စဉ် သတင်းအပြည့်အစုံကို သိပ္ပံမောင်ဝ ရေးသားခဲ့သည့် အောက်စ်ဖို့ဒ်တက္ကသိုလ် ခရီးသွားမှတ်တမ်း စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။)  

၁၈၉၉ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင်  မွန်ပြည်နယ် မော်လမြိုင်မြို့၊ မုပွန်နတ် ကျွန်းအရပ်တွင် ဖွားမြင်ခဲ့ပြီး နိုင်ငံဝန်ထမ်းဘဝ ၁၃ နှစ်တာကာလအတွင်း မြို့အုပ်၊ နယ်ပိုင်ဝန်ထောက်၊ အရေးပိုင်၊ ဒုတိယအတွင်းဝန် စသည့် ရာထူးများဖြင့် ကျောက်ဆည်၊ စစ်ကိုင်း၊ မိတ္ထီလာ၊ မင်းဘူး၊ ဟင်္သာတ၊ ဇလွန်၊ မြောင်းမြ၊ ညောင်တုန်း၊  ရန်ကုန်၊ အင်းစိန်၊ စလင်းနှင့် ရွှေဘိုမြို့တို့တွင် တာဝန်ထမ်းဆောင်ခဲ့ကာ ကွယ်လွန်ချိန်တွင် အသက် ၄၃ နှစ်ဖြစ်ပြီး ဇနီးနှင့် သားသမီးသုံးဦး ကျန်ရစ်သည်။ (ကွယ်လွန်ချိန်သည် မွေးနေ့အလွန် နောက်တစ်ရက်တွင် ဖြစ်သည်။)

သိပ္ပံမောင်ဝသည် စာအမျိုးအစား စုံလင်စွာ၊ မြောက်မြားစွာ ရေးသားနိုင်သူ ဖြစ်သလို နေ့စဉ်မှတ်တမ်းကိုလည်း ပြေးရင်းလွှားရင်း ကြားမှပင် ရေးသားခဲ့သေးသည်။

မကွယ်လွန်မီ နောက်ဆုံးရက် (ဇွန်လ ၅ ရက်) ကလည်း ရေးသားခဲ့သည်။ 

ထိုနေ့သည် သူ၏မွေးနေ့ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ရှစ်နှစ်ခန့်က မိတ်ဆွေဗေဒင် ဆရာတစ်ဦးက ယခုနှစ် မွေးနေ့မတိုင်မီ သေလောက်သည့်ဘေးနှင့် တွေ့ကြုံနိုင်ဖွယ်ရှိကြောင်း ဟောပြောခဲ့ရာ ထိုစဉ်က မယုံကြည်ခဲ့သော်လည်း စစ်ကြောင့် ပြေးလွှားရင်း ဒုက္ခမျိုးစုံကြုံရသည့် အခါတွင်မှ အဆိုပါ ဟောပြောချက်ကို ပြန်လည်သတိရမိကြောင်း ရေးသားခဲ့သည်။

“ယနေ့ကား မွေးနေ့ဖြစ်၏။ သန်းခေါင်ကျော်လျှင် မွေးနေ့လွန်တော့မည်။ မိတ်ဆွေဗေဒင်ဆရာ ဟောပြောချက်အရ ဆိုလျှင် ဘေးအပေါင်းတို့မှ လွတ်ကင်းတော့မည်။ ဤအကြောင်းများကို တွေးမိသောကြောင့် ဝမ်းမြောက်မိတော့သတည်း” ဟု၍လည်း ဆက်လက်ရေးသားထားသေးသည်။

သိပ္ပံမောင်ဝ၏ အလောင်းကို ဗိုလ်တဲအနီးက လျှိုထဲတွင် မြှုပ်နှံခဲ့သည်။ ကျန်ရစ်သည့်ဇနီးနှင့် သားသမီးများသည်လည်း ရန်ကုန်သို့ အပြီးတိုင် ပြန်သွားခဲ့ကြတော့သည်။ 

ယင်းနေရာတွင် ယခုအခါ ယာခင်းများ ဖြစ်နေပေပြီ။ ပိန္နဲပင်တစ်ပင်သာ အမှတ်အသားအဖြစ် ရှိနေသည်။

သေဆုံးပြီး နှစ်ပေါင်းနှစ်ဆယ်ကျော်အကြာ ဗိုလ်ချုပ်နေဝင်း၏ တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် သိပ္ပံမောင်ဝ၏ မိသားစုဝင်များက ဂါးထာသို့ တစ်ခေါက်ပြန်ရောက်ခဲ့သည်။ 

မြှုပ်နှံထားသည့်နေရာကို တူးဖော်၍ အရိုးများကို လက်ရှိနေရာဖြစ်သည့် ကုန်းမြင့်ပေါ်သို့ ပြောင်းရွှေ့ကာ ဂူသွင်းခဲ့ခြင်း ဖြစ်သည်။ 

“သူတို့အမျိုးအနွယ်တွေ လာတယ်၊ အရိုးလာဖော်တယ်၊ အရိုးလာဖော်တော့ ဒီက မှတ်မိတဲ့လူကြီးတွေ၊ ရှေးလူကြီးတွေ ရှိသေးတဲ့အခါကျတော့ နေရာလိုက်ပြပြီးတော့မှ အရိုးဖော်ပြီးတော့မှ ဂူတည်ထားခဲ့တာ” ဟု ဦးစိုးမြင့်က ဆိုသည်။

ဂူနှင့်အတူ ကျောက်စာတစ်ချပ်ကိုလည်း ရေးထိုးခဲ့ပြီး အမိုးပါဝင်သည့် အဆောက်အအုံကို တည်ဆောက်ခဲ့သည်။

ကျောက်စာကို စာအုပ်ပုံသဏ္ဌာန်ပြု လုပ်ထားပြီး ‘မြန်မာစာပေ တိုးတက်ရေးသည် ကျွန်ုပ်တို့၏ တာဝန်ဟူ၍ ခံယူသော စာရေးဆရာ သိပ္ပံမောင်ဝသည် ပြန်လည်အားသစ်စ မြန်မာစာပေလောကအတွက် သူသန်ရာမှ ကြိုးပမ်းရင်း ၁၃၀၄ ခု၊ နယုန် လဆုတ် ၉ ရက်၊ စနေနေ့၊ ၆-၆-၄၂၊  အင်္ဂလိပ်အပြေး ဂျပန်အဝင် ကာလပျက်တွင် ဂါးတာရွာဗိုလ်တဲ၌ ဓားပြလူဆိုးတို့၏ အထင်မှား လက်လွန်မှုကြောင့် အနိစ္စ ရောက်ရှာသည်’ ဟု ရေးထိုးထားသည်။

လက်ရှိတွင် သိပ္ပံမောင်ဝ၏ သား၊သမီးများနှင့် မျိုးဆက်များသည် ရန်ကုန်တွင် နေထိုင်သည်ဟု သိရပြီး ဂူသွင်းပြီး ၂၅ နှစ်အကြာတွင် နောက်တစ်ကြိမ်လာ ရောက်ကာ ဆွမ်းကပ်လှူခဲ့သေးသော်လည်း ယင်းအကြိမ်သည် နောက်ဆုံးလာရောက်ခြင်း ဖြစ်ကြောင်း ဦးစိုးမြင့်က ဆိုသည်။ ယခုဆိုလျှင် အဆက်ပြတ်နေခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော်ရော့မည်။

အချိန်ကာလ တိုက်စားမှုကြောင့် အုတ်ဂူ၏ အစိတ်အပိုင်းအချို့သည် ပျက်စီးခဲ့ရာ ရွာခံများက စုပေါင်း၍ ပြုပြင်ထားသလို အနီးနား ကျေးရွာများနှင့် စုပေါင်း၍ အုတ်တံတိုင်း ကာရံခဲ့ကြသည်။

အလှူရှင် ကမ္ဗည်းစာတန်းများတွင် ကျောင်းအုပ်ဆရာကြီး၊ ကျေးရွာကျန်းမာရေး ဆရာမတို့ ပါဝင်သလို တောင်သူလယ်သမားများလည်း ပါဝင်သည်။ ‘ဂါထာကျောင်း၊ ဦးအာဒိစ္စကောင်းမှု၊ အလှူငွေ  ၅၀၀၀ိ/’ ဆိုသည့် ကမ္ဗည်းကိုလည်း တံတိုင်းတွင် တွေ့ရသည်။

ဂါးထာသည် ရှေးက လမ်းပန်းခက်ခဲခဲ့ပြီး မည်သည်နေရာနှင့်မျှ ကားလမ်းမပေါက်။ သစ်ကြီးဝါးကြီးရှိရာ အရပ်ဖြစ်ပြီး ကန့်ဘလူမြို့နယ်ထဲမှ ကျေးရွာများစွာက လာရောက်၍ သစ်ဝါးခုတ်ကြရနေရာ ဖြစ်သည်။ တပ်မတော်အစိုးရများ လက်ထက်အထိ ဓားပြများ ကျက်စားလေ့ ရှိသလို နွားမှောင်ခို၊ သစ်မှောင်ခိုတို့ ပေါများသည်။

ယင်းအချက်များက မိသားစုဝင်များ အပါအဝင် သိပ္ပံဂူသို့ လူအရောက်အပေါက် နည်းပါးစေခြင်း ဖြစ်သည်။

ယခုအခါ အိမ်ခြေငါးရာခန့် ရှိသည့်  အုပ်စုရွာကြီးတစ်ရွာ ဖြစ်နေပြီး သူ့အုပ်စုတွင် ဆည်ကြီး၊ ဆားတွင်းကြီး၊ စလွယ်တို့ ပါဝင်သည်။ ရွာတွင် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ရှိနေပြီး ယခင်ကလောက် လမ်းပန်းမခက်ခဲတော့။ ကန့်ဘလူမြို့မှ လမ်းတစ်ဝက်ကို ကတ္တရာ လမ်းပေါက်ပြီး ယင်းမှခွဲထွက်သည့် မြေလမ်းကိုလည်း ကျောက်သားလမ်းအဖြစ် အဆင့်မြင့်တင်လျက် ရှိသည်။ တယ်လီနောမြန်မာ၏ ဆက်သွယ်ရေးတိုင်လည်း ရှိနေပြီ။ လျှပ်စစ်မီးတော့ မရသေး။

“ကျွန်တော်တို့ရွာတွေက ဘာမှမထွက်ဘူးလေ၊ ပညာရေးကလည်း နောက်ကျခဲ့တယ်” ဟု ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က ဆိုသည်။

နောက်ကျသည့်အလျောက် ဆယ်တန်းအောင်မြင်သူ ရွာတွင်မရှိခဲ့။ ယခုမူ ရွာခံကျောင်းဆရာ၊ ဆရာမများပင် ရှိနေပြီ။

အုတ်ဂူသို့ စာပေအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များ တစ်ခါတစ်ခါ လာရောက်လေ့လာတတ်ကြသည်။ အချို့က လမ်းကြုံ၍။ အများစုကမူ ဒေသအတွင်းရှိ စာပေဝါသနာရှင်များသာ အမှတ်တရ လာရောက်ကြခြင်း ဖြစ်သည်။ 

အမှတ်တရအနေနှင့် လူမှုကွန်ရက်များတွင် ဓာတ်ပုံရိုက်တင်ကြသည်ကလွဲ၍ အခြားထူးခြားချက်များ အုတ်ဂူနှင့် ပတ်သက်၍ မရှိဟု ဦးစိုးမြင့်က ဆိုသည်။

များသောအားဖြင့်မူ အုတ်ဂူသည် ရွာအဝင်တွင်ရှိရာ တစ်ရွာနှင့်တစ်ရွာ ကူးလူးခရီးသွားကြသည့် ဒေသခံများအတွက် နေ့လယ်နေပူပူတွင် ခေတ္တနားခိုရာလည်း ဖြစ်နေသေးသည်။ 

ခရီးသွား လူငယ်ယောက်ျားလေးအချို့ အမိုးအောက်သို့ဝင်၍ ဂူပေါ်တွင် ထိုင်ကြ၊ လဲလျောင်းနေကြသည်ကို တွေ့ရသည်။ တစ်ဦးက ကျောက်စာကိုဖတ်ရင်း ဗိုလ်တဲဆိုသည့် ဝေါဟာရကို နားမလည်ဟု ဆိုသည်။
“ဗိုလ်တဲဆိုတာ ဘာလဲ” ဟု ထိုလူငယ်က မေးသည်။ 

တစ်ချိန်ကမူ ဗိုလ်တဲများသည် မြန်မာနိုင်ငံ အနှံ့အပြားတွင် ရှိနေခဲ့သလို ထိုနေရာများမှပင် လူတန်းစားတစ်ခုသည် မြန်မာလူမျိုးတို့ကို အုပ်ချုပ်ခြင်း၊ တိုင်းရေးပြည်ရေးများကို စီမံခန့်ခွဲခြင်းကစ၍ အပန်းဖြေခြင်း၊ အနားယူခြင်း၊ အမဲပစ်ထွက်ခြင်းများလည်း ပြုလုပ်ခဲ့သည်။ 
ဗိုလ်တဲသည် တောကြီးမျက်မည်းထဲက ဂါးထာကျေးရွာတွင်လည်း ရှိခဲ့သည်။

သို့ကလို ယင်းဗိုလ်တဲသည်ပင် စစ်ပြေးရာနေရာ ဖြစ်ခဲ့သည်။ ယင်းဗိုလ်တဲတွင်ပင် နေ့စဉ်မှတ်တမ်းများ ရေးသားခဲ့သည်။ မကွယ်လွန်မီ တစ်လခန့် (မေလ  ၂ ရက်နေ့) က ရေးသားခဲ့သည့် မှတ်တမ်းတစ်ခုတွင် ယခုလို ရေးသားခဲ့သေးသည်။

“ဤအကြိမ် ပြေးခြင်းကား နောက်ဆုံးပြေးခြင်း ဖြစ်ပါစေ၊ စစ်စ၍ဖြစ်ကတည်းက  တစ်ပြေးတည်း ပြေးလာရသောကြောင့် မြင့်နှင့် ကလေးများမှာ အတော်ပင်ပန်းရှာလေပြီ။ ကလေးများရော မြင့်ပါ ရှေးကကဲ့သို့ ဝဝဖြိုးဖြိုး မရှိကြ။”

ယင်းဗိုလ်တဲတွင် နိုင်ငံကျော် စာရေးဆရာကြီးတစ်ဦး ဓားပြတို့၏ လက်ချက်ဖြင့်  အသက်ဆုံးခဲ့ရလေသည်။

ယခုမူ ဗိုလ်တဲအစား အုတ်ဂူတစ်လုံး ကျန်ရစ်ခဲ့သည်။ 

ရှေးအခါက ရန်ကုန်တက္ကသိုလ်ကို ကောလိပ်သိပ္ပံကျောင်းဟု ခေါ်တွင်ကြသည်။ ကောလိပ်သိပ္ပံကျောင်းသားတစ်ဦးက စာပေများရေးသားစဉ်တွင် အဆိုပါ ကောလိပ်သိပ္ပံကျောင်းကို အစွဲပြု၍ သိပ္ပံ (မောင်ဝမှ ကနဦးကတည်းက ရယူထားသည့် ကလောင်နာမည်တစ်ခု ဖြစ်သည်။  ဦးစိန်တင်အနေနှင့် သိပ္ပံမောင်ဝ အပါအဝင် အခြားကလောင်ခွဲ ၅၇ ခု ရှိသည်ဟု မှတ်သားရသည်။) ဆိုသည့် အမည်ကို ယူခဲ့သည်။

အဆိုပါ သိပ္ပံအမည်ခံ စာရေးဆရာကြီးသည် ယခုအခါတွင် အုတ်ဂူထဲတွင် ထာဝရ လဲလျောင်းနေချေပြီ။

ရွာခံများကမူ ယင်းသမိုင်းအချက်များထက် အာလုပ်ပြုရလွယ်ကူသော သိပ္ပံဆိုသည့် စကားလုံးကိုပင် ဆက်လက်သုံးစွဲကြပြန်သည်။ 
သိပ္ပံဂူဟူ၍။ 

အောင်မျိုးထက်