News

POST TYPE

ARTICLE

ပိုးလမ်းမသစ်ကြီး
12-May-2017 tagged as တရုတ်

အားလုံးတက်ကြ ခါးပတ်လမ်း အမြန်ရထား

ရှီကျင့်ဖျင်သည် ကမ္ဘာ့ခေါင်းဆောင်များနှင့် တွေ့ဆုံရန်အတွက် ပြင်ဆင်မှုတွေ လုပ်နေပြီး၊ ထိုပြင်ဆင်မှုကား သူ၏ အလွန်ရည်မှန်းချက်ကြီးသော အလှမ်းကျယ်လွန်းသော နိုင်ငံခြားရေး ပေါ်လစီကြီး ဖြစ်ပေသည်။

ဧပြီလ ၁၀ ရက်နေ့တွင် ကုန်ရထားတစ်စီးသည် လန်ဒန်မြို့၏ ဘာကင်းဘူတာရုံ (Barking Station) ဆွဲထုတ်ပြီးနောက် စကော့ဝီစကီ၊ ကလေးနို့မှုန့်နှင့် အင်ဂျင်နီယာ ပစ္စည်းကိရိယာများ တင်ဆောင်၍ တရုတ်ပြည်သို့ ထွက်ခဲ့သည်။ ထိုရထားကြီး ၃ ပတ်လောက်နီးနီးတွင် တရုတ်နိုင်ငံ အရှေ့ခြမ်း ယီဝူမြို့သို့ (Yiwu) ရောက်ခဲ့သည်။ ထိုခရီးစဉ်သည် ဒုတိယအရှည်ဆုံး အသွားအပြန်ခရီးကို သွားခဲ့ခြင်း ဖြစ်သည်။ (၂၀၁၄ ခုနှစ် ယီဝူနှင့် မဒရစ်ဒ် ခရီးစဉ်ပြီးလျှင် ဒီခရီးစဉ်ဟာ စံချိန်တင်တာပါပဲ။) ဒီခရီးစဉ်သည် ရေကြောင်းအတိုင်း ဗြိတိသျှနိုင်ငံမှ တရုတ်ပြည်သို့သွားလျှင် တစ်လကြာမည့် အချိန်ကာလကို ဖြတ်ပစ်လိုက်တာပါပဲ။

ထိုရထားထွက်ခွာပြီး နောက်တစ်နေ့တွင် သိပ်ပြီးတော့ ဟိုးလေးတကျော် မဖြစ်ခဲ့ပါ၊ ဒါပေမဲ့ ပိုပြီးဖြစ် နိုင်ခြေရှိ၍ အရေးပါသည့် အဖြစ်အပျက်ကတော့ မြန်မာနိုင်ငံ၊ ကျောက်ဖြူဆိပ်ကမ်းရဲ့သတင်းက ရှေ့တန်းရောက်ပြီး နေရာယူသွားခဲ့သည်။ အလုပ်သမားများ စတင်ပြီး၍  ရေနံတွေကို ရေနံတင်သင်္ဘောပေါ်မှ အသစ်ပိုက်လိုင်းထဲသို့ ဝင်ရောက်စေပြီးနောက် မြန်မာဆိပ်ကမ်းမှနေ၍ တရုတ်ပြည် အရှေ့တောင်ဘက် ယူနန်ပြည်နယ်၏ မြို့တော်ကူမင်းသို့ ပို့လွှတ်ခဲ့ကြသည်။ ထိုပိုက်လိုင်းသည် မာလက္ကာရေလက်ကြားကို ရှောင်ကွင်းပြီး တရုတ်ပြည်၏ ပြည်ပတင်သွင်းရမည့် ရေနံ ၈၀ ရာခိုင်နှုန်းကို ထိုပိုက်လိုင်းမှ ပို့ဆောင်မည်။ နောက်ဆုံးတော့လည်း တရုတ်ပြည်၏ အနောက်ဘက်တွင်ရှိပြီး ကြီးမားကျယ်ပြန့်သည့် မြို့တော် ချောင်ကျင်းအတွက် စွမ်းအင်ပို့ဆောင်ထောက်ပံ့နိုင်၍ နိုင်ငံရေးကြောင့် ဖြစ်လာမည့် ရေလက်ကြား အဖျက်အမှောင့် ပြဿနာများကို ကျော်လွှားနိုင်မည် ဖြစ်ပြီး၊ ထိုအကျိုးဆက်ကြောင့် ဖြစ်လာမည့် ပျော့ကွက်များ၊ အားနည်းချက်များလည်း အချိန်ကြာမြင့်စွာ မရှိနိုင်တော့ပါ။

ထိုပိုက်လိုင်းနှင့် ရထားလမ်း အဖြစ်အပျက် နှစ်ခုသည် ရှီကျင့်ဖျင်ရဲ့ ‘ခါးပတ်နှင့်လမ်း ပဏာမခြေလှမ်း’ တို့ ဖြစ်ပြီး၊ တရုတ်သမ္မတကြီး၏ ပြည်ပဆက်ဆံရေး မူဝါဒတစ်ခု ဖြစ်သည့် ဗဟိုပြုသင်္ကေတ ဖြစ်ပေသည်။ ထိုမူဝါဒကို ဗိုလ်ချုပ်ကြီးများ ကြိုက်နှစ်သက်စွာ ခေါ်ဆိုသည့်အတိုင်း ‘ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်’။ ဒေါ်လာ ဘီလီယံ ၁၅၀ ဘဏ္ဍာရေးအတိုင်း အခြေခံအဆောက်အဦတို့ အတွက် ပိုးလမ်းမအဟောင်း တရုတ်ပြည်၏ တောင်ဘက်နှင့် အနောက်ဘက်ခြမ်းတို့နှင့် ထိစပ်နေသည့် နိုင်ငံများအတွက် တစ်နှစ်အတွင်း သုံးစွဲရန် ဖြစ်သည်။ မစ္စတာရှီ မျှော်လင့်ထားသည်မှာ ဈေးကွက်သစ်များကို တရုတ်ကုမ္ပဏီများအတွက် ဖော်ဆောင်နိုင်ပေမည်။ ထို့အပြင် သူ့ရဲ့ အစိုးရအနေနှင့် နယ်ပယ်ဝန်းကျင်သစ် တစ်ခုတွင် သြဇာလွှမ်းမိုးနိုင်ရန် ရည်ရွယ်သည်။

သမ္မတကြီးရှီသည် ခမ်းနားထည်ဝါသော တွေ့ဆုံပွဲကြီးကို ဘေဂျင်းမြို့တော်ကြီးမှာ ထိုစီမံကိန်း ဆင်ယင်ကျင်းပရန် ပြင်ဆင်မှုများ လုပ်နေသည်။ ထိုစီမံကိန်း အခမ်းအနားကြီးမှာ ခါးပတ်လမ်း ဆွေးနွေးပွဲကြီးအဖြစ် နာမည်ကြီးနေသည့် ပွဲကြီးဖြစ်ပေသည်။ မေလ ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင် နိုင်ငံပေါင်း ၂၈ နိုင်ငံမှ ခေါင်းဆောင်များ ထိုအခမ်းအနားသို့ တက်ရောက်ကြမည် ဖြစ်သည်။ ထိုအထဲတွင် ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်နှင့် မြန်မာ့ခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ပေမည်။ မစ္စတာရှီသည် ထိုစီမံကိန်းကြောင့် စုဝေးရောက်ရှိနေသည့် နိုင်ငံ့ခေါင်းဆောင်များကို သူ့နိုင်ငံ၏ ကိုယ်ပိုင်အားကိုး ယုံကြည်မှုနှင့် သူကိုယ်တိုင်ကလည်း ကမ္ဘာ့ခေါင်းဆောင်တစ်ယောက်အဖြစ် ပြသရန် ကြိုးစားမည် ဖြစ်သည်။ သို့သော် သေချာကြည့်ကြမည် ဆိုပါက လိမ်လည်လှည်ြ့ဖားမှုကြီးလည်း ဖြစ်နိုင်ပါသည်။ တကယ့်လက်တွေ့တွင် မစ္စတာရှီ လက်တွေ့ရင်ဆိုင်ရမည်ကား ယင်းစီမံကိန်းကြီးနှင့် သက်ဆိုင်ရာ နိုင်ငံများမှ လူများစွာတို့က တုံ့ပြန်ကြမည့် လူမှုရေး၊ နိုင်ငံရေး ပြဿနာရပ်များ ဖြစ်သည်။ 

သိပ်ပြီးမမြန်နိုင်ပါ  

ထိုစီမံချက်သည် သုံးပွင့်ဆိုင် ပြဿနာကြီးအတွင်းသို့ တိုးဝင်နေသည်။ ပထမ ပြဿနာမှာ မရှင်းလင်းပေ။ ဘယ်အရာသည် ပထမ ဦးစားပေးလဲ (သို့) ဘယ်သူဦးဆောင်လုပ်မှာလဲ။ “သေချာတိကျတဲ့ ပန်းတိုင်ကို ချမှတ်နိုင်ဖို့ ကျွန်တော်တို့ ဘာမှမလုပ်ရသေးဘူး” ဟု ဘေဂျင်း နိုင်ငံတကာရေးရာ လေ့လာရေးတက္ကသိုလ်မှ ကျို့တောင်ရှမ်က ပြောသည်။ ပြည်နယ်တိုင်းတွင် သူတို့ ကိုယ်ပိုင်ခါးပတ်လမ်း ရင်းနှီးမြှုပ်နှံမှု ရှိသည်။ ထို့ကြောင့် အစိုးရပိုင် ကုမ္ပဏီပေါင်း ရာပေါင်းများစွာက လုပ်ကြမည်။ အစိုးရ၏ ခိုင်မာသည့် ကျောထောက်နောက်ခံနှင့် ကူညီမှုများကြောင့် စီမံကိန်းများစွာကို အလျင်အမြန် လုပ်ဆောင်နိုင်လိမ့်မည်။ သို့မဟုတ်ပါက ၂၀၁၃ ခုနှစ်က မစ္စတာရှီ ပြောခဲ့သလို စိတ်ကူးအိုင်ဒီယာသက်သက်သာ ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်မျှ နေ့စဉ် စီမံခန့်ခွဲနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ခါးပတ်လမ်း စီမံကိန်း စာရင်းဇယား ပုံနှိပ်ထုတ်ဝေခြင်းသည် ထောင်ပေါင်းများစွာသော ဘဏ္ဍာရေးဆိုင်ရာ သံသယရှိသော စီမံချက်များ ဖြစ်ပေမည်။ ထို့အပြင် သွေးနားထင် ရောက်နေပြီး အကျင့်ဆိုးများရှိသည့် တရုတ်ကုမ္ပဏီများသည် တချို့သော နိုင်ငံများတွင် လုပ်ငန်းလည်ပတ်ရာ၌ အင်အားကြီးမားသော တရုတ်ပြည်၏ အရှိန်အဝါကို သုံးခြင်းကြောင့် သက်ဆိုင်ရာ ဒေသခံ ပြည်သူများ၏ မုန်းတီးကြောက်လန့်မှုများ ပိုတိုးပွားစေခဲ့သည်။

ထိုစီမံချက်အား အခြားနာမည်တစ်ခု ပေးခဲ့ပါမူ တရုတ်တို့၏ ကြိုးပမ်းအားထုတ်မှု ရောင်ပြန်ဟပ်နိုင်ပြီး နိုင်ငံခြားသားများအတွက် နှစ်လိုဖွယ် လုပ်ပေးနိုင်ပေမည်။ မစ္စတာရှီ ပထမပြောခဲ့စဉ်က ‘ပိုးလမ်းမကြီး စီးပွားရေး ခါးပတ်လမ်း’ (Silk Road economic belt) ဟူ၍ ဖြစ်သည်။ ထိုအတွက်ကြောင့် အငြင်းပွားစရာ မလိုပါ။ သို့သော် ပထဝီဒေသဆိုင်ရာ နယ်ပယ်သစ် စကားရပ်အရ တီထွင်ဖန်တီးထားခြင်းသာ ဖြစ်သည်။ ယီဒိုင် ယီလူ (Yidai Yilu) (သို့) ဝမ်းဘဲ့, ဝမ်းရုတ် - One [land] Belt, One [maritime] Road. အင်္ဂလိပ် အဓိပ္ပာယ်အရ အလွန်အရုပ်ဆိုးပြီး တာဝန်ရှိပုဂ္ဂိုလ်များ သဘောပေါက်သည့် အချိန်တွင် အန္တရာယ်များကြောင်း ညွန်းပြနေသည့် အရာအားလုံးမှာ တရုတ်ပြည်၏ စီမံချက်များ ဖြစ်သည်။ ၎င်းတို့ အလိုရှိခဲ့သည်မှာ ယခုစွန့်စားမှုကြီးသည် အားလုံးပါဝင်နိုင်မည့် တစ်ခုတည်းသော ဖက်စပ်လုပ်ငန်ကြီး ဖြစ်သည်။ 
ထို့ကြောင့် သူတို့သည် ခြောက်ကပ်ကပ်နိုင်သော အသံဖြစ်သည့် belt-and-road ဟု ဘာသာပြန်ခဲ့ကြသည်။ (သို့သော်လည်း ဆိုးရွားသော နာမည်အတိုကောက်ကနေပြီး ထုတ်ပေးလိုက်သည့် ဆွေးနွေးပွဲ၏ အမည်နာမကတော့ BARF)။

ဒုတိယပြဿနာမှာ လုံလောက်သော အမြတ်အစွန်း ရနိုင်သည့် စီမံကိန်းများကို ရှာဖွေပြီး ထိုရည်မှန်းချက်ကြီးသော စီမံချက်များကို ပေါင်းကူးပေးရပါမည်။ ထိုစီမံချက်များသည် အာရှ-ဥရောပ ကုန်သွယ်မှု အဖွဲ့အစည်းများနှင့် ထိုအဖွဲ့၏ ပြိုင်ဘက် အမေရိကန်တို့ ချုပ်ကိုင်ထားသည့် အတ္တလန်တစ် ကုန်သွယ်ဖက်များကို ရည်ရွယ်လျက် ဖန်တီးဖော်ဆောင်ပေးရပါမည်။ သေချာမှုတော့ မရှိနိုင်ပါဘူး၊ ဥပမာ လန်ဒန်-ယီဝူ ရထားလိုင်းသည် မည်မျှအောင်မြင်မှု ပေးမည်နည်း။ ကုန်ပစ္စည်းများကို ရေလမ်းထက် ပို၍ မြန်ဆန်စွာ သယ်ယူနိုင်သော်လည်း ဝန်ဆောင်မှုစရိတ် နှစ်ဆပိုများနေပေသည်။ တရုတ်တို့၏ မျှော်လင့်ချက်အနေနှင့် သူတို့ ကျွမ်းကျင်စွာ ဆောက်လုပ်နိုင်သော မြန်နှုန်းမြင့်ရထား သံလမ်းစနစ်ကို ပို့ကုန်အဖြစ်လုပ်ရန် ဖြစ်ပေသည်။ သို့သော် တရုတ်တို့၏ မြန်နှုန်းမြင့် ရထားလမ်းသည် ကီလိုမီတာ ထောင်ပေါင်းများစွာသော သံလမ်းများကို ပြည်တွင်းတွင် ဈေးပေါသော လုပ်သားများဖြင့် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပေသည်။ ထို့အပြင် တစ်စုံတစ်ယောက် နှောင့်ယှက်ခဲ့လျှင် အာဏာပါဝါသုံး၍ ဥပဒေအရ ဖယ်ရှားပစ်ပေမည်။ ထိုနည်းလမ်းကို ကူးချလုပ်ဆောင်ဖို့ရန် အလွန်ခက်ခဲပေလိမ့်မည်။

ခါးပတ်လမ်း စီမံကိန်းသည် မအောင်မြင်မှုများ ပေါ်ထွက်နေပေသည်။ ကာဂျစ္စတန်နိုင်ငံ ကာလာဘောတာဒေသတွင် ရှိသည့် ကျောင်းသာ့ ချိုင်းနား ပက်ထရို (Zhongda China Petrol) နိုင်ငံပိုင် ကုမ္ပဏီက ဧရာမ ရေနံချက်စက်ရုံကြီး တည်ဆောက်ခဲ့သော်လည်း ရေနံစိမ်း လုံလောက်အောင် ဝယ်ယူခဲ့ခြင်း မရှိခဲ့ဘဲ ၆ ရာခိုင်နှုန်း စွမ်းဆောင်နိုင်မှုထက် မပိုခဲ့ပေ။ ထိုနိုင်ငံ၏ ဒုဝန်ကြီးချုပ်က ထိုစက်ရုံအား ခေါ်လိုက်ပုံက ‘ရယ်စရာ စက်ရုံတည်ဆောက်မှုကြီး’ ဟူ၏။ ဒေသခံများကလည်း ပတ်ဝန်းကျင်ကို ထိခိုက်စေသဖြင့် ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။

တရုတ်တို့ မျှော်လင့်ခဲ့ကြသည့် သည်ခါးပတ်လမ်းကြောင်း အတွင်းသို့ တခြားနိုင်ငံများကိုလည်း ဝင်စေချင်သည်။ ထိုနိုင်ငံများမှာ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အီရတ်၊ ဆီးရီးယားနှင့် ယူကရိန်းတို့ ဖြစ်သည်။ သို့သော် ထိုနိုင်ငံများသည် ကမ္ဘာ့ဘဏ်၏ စီးပွားရေး လွယ်ကူစွာ လုပ်ကိုင်နိုင်သော အဖွဲ့အစည်းထဲမှ ချန်ပီယံများ မဟုတ်ကြပေ။ အတိုင်ပင်ခံလုပ်ငန်း- ဂါဗီကာမှ တွန်မေလာ၏ အဆိုအရ တရုတ်တို့သည် ပါကစ္စတန်တွင် ၈၀ ရာခိုင်နှုန်း၊ မြန်မာပြည်တွင် ၅၀ ရာခိုင်နှုန်းနှင့် အာရှအလယ်ပိုင်းတွင် ၃၀ ရာခိုင်နှုန်း ငွေကြေးများ ရှုံးသည်ဟု ထင်ကြသည်။ ဖြစ်နိုင်ခြေအားဖြင့် သူတို့ ဒီစီမံကိန်းအတွက် အကုန်အကျခံနိုင်ပေမည်။ သို့ဖြစ်သော်ငြား သည်စီမံကိန်း အောင်မြင်ဖို့ရန် အတွက် တန်ဖိုးကြီးကြီး ပေးဆပ်ရပေမည်။

တတိယအချက်မှာ အချို့သော နိုင်ငံများတွင် နေထိုင်ကြသော ဒေသခံပြည်သူ အများစုက တရုတ်တို့၏ နိုင်ထက်စီးနင်းလုပ်သည့် အပေါ်တွင် အမြင်မကြည်ခဲ့ကြသလို ဒေါသလည်း ထွက်ခဲ့ကြရသည်။ အာရှ၏ ဒေသအချို့ရှိ ဒီမိုကရေစီနိုင်ငံရေးက တရုတ်တို့ကို စိန်ခေါ်နေပေသည်။ တရုတ်တို့ အများအားဖြင့် အသုံးပြု ချဉ်းကပ်သည့်နည်းမှာ စီးပွားရေး ကတိစာချုပ်များ ရရှိရန်အတွက် မနှစ်မြို့ဖွယ်ကောင်းသော အစိုးရများကို အလွန်နီးကပ်စွာ ဆက်ဆံ၍  ရယူခဲ့ခြင်း ဖြစ်သည်။ ဤလုပ်ဆောင်မှုများသည် မစ္စတာရှီ တီထွင်ခဲ့သော ခါးပတ်လမ်း စီမံချက် မတိုင်ခင်ကပင် အစပြုခဲ့ခြင်း ဖြစ်သည်။ ၂၀၁၁ ခုနှစ် မြန်မာပြည်တွင် ဘဏ္ဍာရေးအရ တရုတ်၏ မဟာရင်းနှီးမြှုပ်နှံမှုကြီး ဖြစ်သော မြစ်ဆုံ ဆည်စီမံကိန်းကို ရပ်ဆိုင်းထားလိုက်ရခြင်းမှာ လူသိများ ကျော်ကြားသည့် ကိစ္စတစ်ခု ဖြစ်သည်။ ၂၀၁၅ ခုနှစ် သီရိလင်္ကာနိုင်ငံတွင် အရွေးချယ်ခံ အစိုးရ တက်လာသောအခါ တရုတ်က ရင်းနှီးမြှုပ်နှံ တည်ဆောက်နေသည့် ဆိပ်ကမ်းများအတွက် မပြီးဆုံးနိုင်သော ရှည်လျားရှုပ်ထွေးသည့် ငြင်းခုံမှုများ ဖြစ်ခဲ့ကြရသည်။ ထိုဆိပ်ကမ်းများသည် အာဏာရှင် သမ္မတဟောင်း၏ မွေးရပ်ဇာတိမြို့တွင် ဖြစ်သည်။ ဇန်နဝါရီလတွင် ဆန္ဒပြသူများ သည် တရုတ်တို့၏ စီမံချက်ကို ဆန့်ကျင်ကန့်ကွက်ရာမှ အကြမ်းဖက်မှုများ ပေါ်ပေါက်ခဲ့ရသည်။

အာရှတိုက်တွင် တရုတ်တို့၏ အရင်းနှီးဆုံး မိတ်ဆွေလည်း ဖြစ်သည့် ပါကစ္စတန်တွင် မစ္စတာရှီ ကိုယ်တိုင် သူအသုံးပြုနေကျ မန္တန်ဖြစ်သော ‘မစွက်ဖက်ရေးဝါဒ (non-interference)’ ကို အသုံးပြု၍ တခြားနိုင်ငံများ၏ ပြည်တွင်းရေး မပါဝင်ရန် သူ့ပါဝါအာဏာ သုံး၍ အတင်းအကျပ် စွန့်ခွာစေခဲ့သည်။ တရုတ်တို့သည် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းလောက်က ပါကစ္စတန်၏ အတိုက်အခံ နိုင်ငံရေးသမားများကို ပွင့်လင်းစွာ မေတ္တာရပ်ခံ အနူးအညွတ် တောင်းပန်ခဲ့ကြရသည်။ ထိုတောင်းပန်မှုတွင် တရုတ်-ပါကစ္စတန် စီးပွားရေးလမ်းမကြီး တည်ဆောက်မှုကို မဆန့်ကျင်ကြရန် ဖြစ်သည်။ ထိုနှစ်နိုင်ငံကူး လမ်းမကြီးသည် ခါးပတ်လမ်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်၍ ရှင်ကျန်းပြည်နယ်သို့ ဆက်သွယ်ပေးသောလမ်းလည်း ဖြစ်သည့်အပြင် အိန္ဒိယသမုဒ္ဒရာအပေါ်တွင် ရှိသည့် ဂွါဒါးဆိပ်ကမ်းနှင့် ချိတ်ဆက်ရန် ဖြစ်သည်။ ပါကစ္စတန်နိုင်ငံကလည်း စစ်သား ၁၀,၀၀၀ ပါသည့် စစ်တပ်တစ်တပ်ကို ချထား၍ ထိုလမ်းမကြီးအား စစ်သွေးကြွ သူပုန်များ၏ ဆန့်ကျင်တိုက်ခိုက်မည့်ရန်ကို ကာကွယ်ခဲ့ရသည်။

ပြဿနာ၏ တစ်စိတ်တစ်ပိုင်းသည် ကြီးမားသည့် စီမံကိန်းကြောင့် ဖြစ်သည်။ တရုတ်ပြည်ကို အလွန်ကြီးမားကျယ်ပြန့်သော ခါးပတ်လမ်းတစ်လျှောက် နိုင်ငံများက ကြောက်ရွံ့နေကြသည်။ ထိုလမ်းကြောင့် လွှမ်းမိုးချုပ်ကိုင်လာမည့် အရေးသည် ရင်လေးဖွယ်ရာ ဖြစ်ပေသည်။ တရုတ် အိတ်ဇမ်းဘဏ် (China Eximbank) တစ်ခုတည်းကသာ ငွေကို ချေးငှားရပေသည်။ ဥပမာ-ထိုဘဏ်စာရင်းဇယားတွင် ကာဂျစ္စတန် နိုင်ငံ၏ နိုင်ငံခြားကြွေးမြီများသည် တတိယအဆင့် နေရာတွင် ရှိနေသည်။ ယူနန်ပြည်နယ် ဆိုလျှင်လည်း တရုတ်နိုင်ငံ၏ အဆင်းရဲဆုံး ပြည်နယ်ထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။ ယင်းသို့ ဆင်းရဲသည့်တိုင်အောင် ထိုပြည်နယ်၏ စီးပွားရေး ပမာဏသည် သူ့ထက် လူဦးရေ ထူထပ်သော အိမ်နီးချင်း မြန်မာနိုင်ငံထက် လေးဆပို၍ ကြီးမားပေသည်။ နိုင်ငံများသည် တရုတ်ပြည်၏ ရင်းနှီမြှုပ်နှံမှုကိုလည်း မျှော်လင့်တောင့်တသလို စိုးရိမ်ပူပန်မှုလည်း ရှိနေကြသည်။

တရုတ်ပြည် အနေနှင့်လည်း သူ၏ လုပ်နည်းလုပ်ဟန်များကို ပြောင်းလဲနိုင်ရန် ကြိုးစားနေပေသည်။ အရှေ့တောင်အာရှမှ NGO များ၏ ပြောပြချက်အရ တရုတ်ကုမ္ပဏီများသည် ယခင်က ဒေသခံများ၏ ဝေဖန်မှုများကို အထင်သေးစွာ ကြည့်မြင်ဆက်ဆံခဲ့ကြသော်လည်း ယခုအခါတွင် ထိုတရုတ်ကုမ္ပဏီများကပင်စတင်၍ ဒေသခံများ၏ ဆန္ဒသဘောထားများကို အလေးအနက်ထား စဉ်းစားလာကြသည်။ တရုတ်ဘဏ်များသည် နိုင်ငံတကာ အဖွဲ့အစည်းများကို ပါဝင်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ကြသည်။ ထိုနိုင်ငံတကာ အဖွဲ့အစည်းများမှာ နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုအဖွဲ့များ၊ ပင်စင်ရန်ပုံငွေအဖွဲ့များ စသည်တို့ ဖြစ်ကြသည်။ ထိုခါးပတ်လမ်း စီမံကိန်းကြီးတွင် ပါဝင်ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် သေချာသည့် မြင့်မားသော အရည်အသွေးများ၊ အဆင့်အတန်းများ ရရှိစေရေး ကူညီကြရန် ဖြစ်သည်။ တရုတ်ပြည်အနေနှင့် ရှေ့လာမည့် ဆွေးနွေးပွဲကြီးတွင် ခါးပတ်လမ်း စီမံကိန်းကြီးနှင့် ပူးတွဲပါလာမည့် တခြားအခြေခံအဆောက်အဦများ စီမံချက်များကို ပူးတွဲအလေးထား တင်ပြနိုင်ဖွယ်ရှိမည် မဟုတ်ပေ။ ထိုအခြေခံအဆောက်အဦ စီမံကိန်းကို သီးခြားအစပျိုး လုပ်ဆောင်မည် ဖြစ်သည်။ ဥပမာ- အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့တော်တွင် အသစ်ဆောက်လုပ်မည့် သယ်ယူပို့ဆောင်ရေးကွန်ရက်တို့ ဖြစ်ပေသည်။ ထိုရည်မှန်းချက်များအဖြစ် ပေါ်လွင်အောင် ဖော်ပြလိမ့်မည်။ ဆိုလိုသည်မှာ မစ္စတာရှီ၏ စီမံကိန်းကြီးသည် ကြောက်စရာ ဒုက္ခပေးမည် မဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်။ သို့သော် ထိုစီမံချက်၏ စကားအသုံးအနှုန်းကိုမူ အစိတ်အပိုင်း အနည်းငယ် ပြောင်းလဲအသုံးပြုသင့်သည်။ ထိုခါးပတ်လမ်း အမြန်ရထားသည် ထိုဘူတာရုံမှ ထွက်ခွာခဲ့လေပြီ။ တရုတ်တို့သည် ရထားပေါ် ဝန်ဆောင်မှုများကို တိုးတက်ကောင်းမွန်ရုံမျှ ကြိုးစားလုပ်ဆောင်လိမ့်မည်။

Ref: The Economist ( 6th May 2017) China. The new silk route (1) All aboard the belt-and-road express

မောင်အဏ္ဏဝါ (ကဒုံ)