News

POST TYPE

ARTICLE

တရုတ်လွှမ်းမိုးမှုအောက်က မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် (ဇာတ်သိမ်းပိုင်း)
ယမန်နေ့မှအဆက်
မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး အတွက် အသက်တမျှ အရေးကြီးသော ငြိမ်းချမ်းရေး ဖော်ဆောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာ့အရေး လေ့လာသူ နိုင်ငံရေးသုတေသီ Yun Sun က အစီရင်ခံစာတစ်စောင်ကို သုတေသနပြု ရေးသားခဲ့ပြီး မတ်လကုန်ပိုင်းတွင် အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) က ထုတ်ပြန်ခဲ့သည်။ အစီရင်ခံစာ၏ ခေါင်းစဉ်မှာ China and Myanmar’s Peace Process ဖြစ်ပြီး တရုတ်နိုင်ငံအစိုးရ အရာရှိကြီးများနှင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ပြုလုပ်ခဲ့သော အင်တာဗျူးပေါင်း ၈၀ ကျော်ခန့်ကို အခြေခံကာ ရေးသားထားခြင်း ဖြစ်သည်ဟု သုတေသီ Yun Sun က ဆိုထားသည်။ စာမျက်နှာ ၂၀ နီးပါးခန့် ရှိသည့် ယင်းအစီရင်ခံစာကို The Voice Daily သတင်းစာတွင် ဆီလျော်သလို အပိုင်းခွဲကာ ဘာသာပြန်ဆို ဖော်ပြသွားမည် ဖြစ်ပါသည်။ နှစ်ပေါင်း  ၅၀ ကျော်၊ ၆၀ နီးပါး ကြာမြင့်နေပြီ ဖြစ်သည့် မြန်မာပြည်တွင်းစစ် အဆုံးသတ်ရေးနှင့် ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးနိုင်ရေးအတွက် ကြိုးပမ်းနေသူများ၊ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး သမိုင်းကြောင်းကို စိတ်ဝင်တစား လေ့လာနေသူများအတွက် များစွာ အထောက်အကူပြုမည့် အစီအရင်ခံစာဟုလည်း ယုံကြည်ပါသည်။ (အစီအရင်ခံစာမူရင်းကို ဖတ်ရှုလိုသူများ အနေနှင့် www.usip.org ဝက်ဘ်ဆိုက်တွင် ဒေါင်းလုပ်ယူကာ ဖတ်ရှုနိုင်ပါသည်)

ကိုးကန့်တပ်ဖွဲ့

တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများ အကြား ကိုးကန့်တပ်ဖွဲ့သည် တရုတ်နိုင်ငံတွင် အငြင်းပွားစရာများကို အများဆုံး ဖန်တီးပေးလျက် ရှိသည့် အုပ်စု ဖြစ်လေသည်။ ကိုးကန့်လူမျိုးများသည် ၁၆၅၉ ခုနှစ် ကူမင်းကို Qing မင်းဆက်က သိမ်းပိုက်ခဲ့ချိန်တွင် ကိုးကန့်ဒေသသို့ ထွက်ပြေးခဲ့ကြသော ဟန်မျိုးနွယ် ဒုက္ခသည်များမှ ဆင်းသက်လာသူများ ဖြစ်ကြသည်။ ကိုးကန့်တို့သည် ကချင်လူမျိုး၊ ‘ဝ’ လူမျိုးတို့ ထက် တရုတ်ပြည်မှ ဟန်မျိုးနွယ်များနှင့် တိုင်းရင်းသားမျိုးနွယ်စုချင်း အလွန်နီးကပ်သူများ ဖြစ်ကြသည်။ ၁၉၃၁ ခုနှစ်က ကိုးကန့်ဒေသတွင် မွေးဖွားခဲ့ပြီး ယဉ်ကျေးမှု တော်လှန်ရေးကာလ ဗမာပြည်ကွန်မြူနစ်ပါတီ (CPB-ဗကပ) ၏ တက်ကြွသော အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ဖူးသူ Peng Jiasheng (ဖုန်ကျားရှင်) ၏ ဦးဆောင်မှုအောက်တွင် MNDAA ရှိလေသည်။ ၁၉၈၉ ခုနှစ် ဗ.က.ပ ပြိုကွဲသွားပြီးနောက် Peng Jiasheng သည် မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ထို့နောက် ၎င်းသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပထမဆုံး အထူးဒေသ၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့လေသည်။ ၂၀၀၉ ခုနှစ်က ဖြစ်ပေါ်ခဲ့သော ကိုးကန့်ပဋိပက္ခကြောင့် Peng Jiasheng အနေနှင့် ကိုးကန့်ဒေသအပေါ် ထိန်းချုပ်ခွင့် ဆုံးရှုံးသွားခဲ့ပြီး ထိုင်း၊ တရုတ်နိုင်ငံနှင့် NDAA-ESS ၏ ထိန်းချုပ်မှုအောက်တွင် ရှိသည့် မိုင်းလားတွင် ပြည်ပြေးဘဝဖြင့် ငါးနှစ်ခန့် နေထိုင်ခဲ့ရသည်။ ၂၀၁၄ ခုနှစ် နှောင်းပိုင်းနှင့် ၂၀၁၅ ခုနှစ် အစောပိုင်းကာလတို့တွင် Peng Jiasheng သည် ကေအိုင်အေနှင့် ‘ဝ’ တပ်ဖွဲ့တို့၏ ထောက်ပံ့မှုဖြင့် မြန်မာစစ်တပ်ကို ကိုးကန့်ဒေသတွင် ထိုးစစ်ကြီးများ ပြုလုပ်ခဲ့သည်။ တရုတ်နယ်စပ်ဒေသတွင် စစ်မက်ပဋိပက္ခကြောင့် ပြဿနာများစွာ ပေါ်ပေါက်လာခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်တွင် MNDAA က တစ်ဖက်သတ် အပစ်အခတ်ရပ်စဲမှုကို ကြေညာလိုက်သည်။ 

ကိုးကန့်ထိုးစစ်များ စတင်ခဲ့သည့် အစောပိုင်းတွင် Peng Jiasheng ၏ လုပ်ရပ်များကို ဘေဂျင်းအစိုးရက ပြင်းထန်စွာ အမျက်ဒေါသထွက်ခဲ့သည်။ (၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တရုတ်အစိုးရ အရာရှိကြီးများနှင့် ပြုလုပ်ခဲ့သော အင်တာဗျူးများအရ သိရခြင်း ဖြစ်သည်) Peng Jiasheng ၏ လုပ်ရပ်များနှင့် ကြိုးပမ်းချက်များသည် တရုတ်အမျိုးသား အကျိုးစီးပွားကို ထည့်သွင်းတွက်ချက်ခြင်းထက် နိုင်ငံရေး အရင်းအနှီး ရရှိစေရန် အလို့ငှာ သူ၏ သေးနုပ်သော ပုဂ္ဂိုလ်ရေး အကျိုးအမြတ်ကိုသာ ရှေးရှုသည့်  လုပ်ရပ်များပင် ဖြစ်သည်ဟု ဘေဂျင်းအစိုးရက ရှုမြင်ခဲ့လေသည်။ ကိုးကန့်ဒေသတွင် စစ်မီးတောက်လောင်စေရေးနှင့် တရုတ်နှစ်ကူးကာလ မတိုင်မီ တရုတ်ပြည်ထဲသို့ စစ်ဘေးဒုက္ခသည် ခြောက်သောင်းခန့် ရောက်ရှိစေရေး ဟူသည့် Peng Jiasheng ၏ မဟာဗျူဟာသည် ဘေဂျင်းအစိုးရအနေနှင့် ပဋိပက္ခများ လျော့ကျစေရန် မြန်မာအစိုးရအပေါ် ဖိအားပေးလာအောင် အကွက်ဆင်ထားသည့် တွက်ချက်လုပ်ဆောင်မှု တစ်ရပ်ပင် ဖြစ်လေသည်။ ထိုမဟာဗျူဟာ အစီအစဉ်အရ (တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာချက်ကြောင့်) မြန်မာစစ်တပ် ပြန်လည်ဆုတ်ခွာသွားခြင်းက Peng Jiasheng အနေနှင့် ကိုးကန့်အထူးဒေသကို ပြန်လည်ထိန်းချုပ်ခွင့် ရရှိကာ ကိုးကန့်လူမျိုးများ၏ တရားဝင်ခေါင်းဆောင်နှင့် ကိုယ်စားလှယ် ပြန်ဖြစ်အောင် လုပ်ဆောင်ပေးနိုင်မည် ဖြစ်သလို ငြိမ်းချမ်းရေး ဖြစ်စဉ်တွင်လည်း ကိုယ်တိုင်ပါဝင်ခွင့်ရမည် ဖြစ်လေသည်။ Peng Jiasheng ၏ မီဒီယာများက တရုတ်ကိုးကန့်ပြည်သူများ အနေနှင့် ယင်းကိစ္စကို ထောက်ခံမှုပေးရန် ဆော်သြခဲ့ရာ တရုတ်ပြည်သူ အများစု၏ စာနာသနားမှု များစွာကို ရရှိခဲ့လေသည်။ 

သို့သော် ကိုးကန့်ပဋိပက္ခအတွင်း မြန်မာစစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုများ တရုတ်နယ်နိမိတ်ထဲသို့ ကျရောက်ခဲ့ခြင်း၊ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် တရုတ်နှင့် ဆက်ဆံရေး လျှော့ချရန် ဆန္ဒသဘောထားများ ရှင်းရှင်းလင်းလင်း ပေါ်ထွက်လာခြင်း စသည်တို့ကြောင့် Peng Jiasheng အပေါ် ထားရှိသည့် ဘေဂျင်းအစိုးရ၏ သဘောထားမှာ ၂၀၁၅၊ မတ်လ နောက်ပိုင်းတွင် မရှင်းမလင်း ဖြစ်လာခဲ့တော့သည်။ ခိုင်မာစိတ်ချရသော သတင်းရင်းမြစ်များ၏ ဖော်ပြပြောဆိုချက်အရ ကိုးကန့်တို့ မြန်မာစစ်တပ်ကို တိုက်ခိုက်ရာတွင် ထိပ်တိုက်မရင်ဆိုင်ဘဲ ပန်းတိုက်နိုင်ရေးအတွက် တရုတ်ပိုင်နက်ကို ကိုးကန့်တပ်ဖွဲ့အား အသုံးပြုခွင့်ပေးခဲ့သည်ဟု သိရသည်။ ထိုမျှမကခဲ့ပေ။ တရုတ်ပြည်သူများ၏ အလှူငွေများ ကောက်ခံရာတွင် လွယ်ကူချောမွေ့စေရေးအတွက် MNDAA ကို ဘေဂျင်းမြို့တွင် ဘဏ်အကောင့်ဖွင့်နိုင်အောင် တရုတ်အာဏာပိုင်များက စီစဉ်ပေးခဲ့သေးသည်။ 
ယူနန်နှင့် ဘေဂျင်းတို့တွင် ဤစာတမ်းအတွက် တွေ့ဆုံဖြစ်ခဲ့သော တရုတ်စကော်လာများနှင့် အစိုးရအရာရှိများ၏ ပြောပြချက်အရ Peng Jiasheng နှင့် သူ၏အပေါင်းအပါများသည် တရုတ်အစိုးရ အရာရှိများနှင့် အစိုးရနှင့် ချိတ်ဆက်နေသော အဖွဲ့အစည်းများနှင့် တွေ့ဆုံနိုင်ရန် ၂၀၁၅ ခုနှစ်အတွင်း တရုတ်နိုင်ငံထဲသို့ အကြိမ်အတော်များများ သွားလာလည်ပတ်ခွင့် ရရှိခဲ့သည်။ ငြိမ်းချမ်းရေး ဆွေးနွေးမှုနှင့် ပတ်သက်သော MNDAA ၏ သဘောတူညီချက်အပေါ် ထားရှိသည့် တရုတ်နိုင်ငံ၏ တရားဝင် ရပ်တည်ချက် သဘောထားမှာလည်း မပြတ်မသား အနေအထားမှ ဗျူဟာကျကျ ထောက်ပံ့ပေးသည့် အနေအထားမျိုး ဖြစ်လာတော့သည်။ 

နိဂုံး (မှတ်ချက်နှင့် ထင်မြင်ချက်)

သမိုင်းကြောင်းဆိုင်ရာ၊ ပထဝီ အနေအထားဆိုင်ရာ၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ဟူသော  အမျိုးစုံလင်လှသည့် အကြောင်းအရင်းများ ရှိနေခြင်းကြောင့် တရုတ်နိုင်ငံသည် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်၊ (အထူးသဖြင့် မြန်မာပြည်မြောက်ပိုင်းဒေသမှ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများနှင့် ပတ်သက်လျှင်) အရေးအလွန်ပါသည့် ပလေယာ (Player) တစ်ဦး ဖြစ်နေခဲ့သလို အဆိုပါ အရေးပါသည့် ပလေယာတစ်ဦး၏ နေရာကို ဆက်လက်ရယူထားဦးမည်သာ ဖြစ်လေသည်။ တစ်ပါးနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုမပြုရေး ဟူသည့် မူဝါဒရှိကြောင်း  ထုတ်ဖော်အသိပေးထားသည့်တိုင် တရုတ်နိုင်ငံသည်  မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်၌ ပါဝင်ပတ်သက်မှုကို ချော့တစ်ခါ၊ ခြောက်တစ်လှည့် ဗျူဟာအဖြစ် အသုံးပြုလျက် ရှိပါသည်။ မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဖြစ်ပေါ်လာအောင် ချော့မြှူနိုင်သည့် ဗျူဟာအဖြစ် အသုံးပြုသလို တရုတ်တို့ လိုလားသည့် မူဝါဒ လမ်းကြောင်းပေါ်မှ မြန်မာနိုင်ငံ သွေဖည်သွားတော့မည့်  အခြေအနေမျိုး ရောက်လာလျှင် ခြောက်လှန့်သည့် ဗျူဟာအဖြစ် အသုံးပြုခြင်းကို ဆိုလိုပေသည်။ 

တရုတ်နိုင်ငံသည် ကြားဝင်စွက်ဖက်မှု မပြုရေး မူဝါဒလမ်းစဉ်ကို ထိန်းထားသည်ဟု တရားဝင် ဆိုခဲ့သော်လည်း လွန်ခဲ့သည့် ငါးနှစ်တာကာလ လက်တွေ့အနေအထားတွင်မူ တရုတ်၏ သဘောထားကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မတွေ့မြင်ခဲ့ရပေ။  ဘေဂျင်းမြို့တွင် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သော အရာရှိတစ်ဦး အဆိုအရ တရုတ်အစိုးရ အရာရှိကြီးများတွင် “တရုတ်နိုင်ငံ အနေနှင့် အမျိုးသားလုံခြုံရေးအပေါ် တိုက်ရိုက်ဆိုးရွားသည့် ဂယက်ရိုက်ခတ်မှုများ ဖြစ်စေသည့် အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်များကိစ္စ အပေါ် ခပ်ပေါ့ပေါ့ သဘောထား၍မဖြစ် ဟူသော  အယူအဆရှိသည်” ဟု သိရသည်။ သို့သော် ယင်းအယူအဆမှာ မူဝါဒအဖြစ် ဘာသာပြန် ပြောင်းလဲသွားနိုင်ခြင်း  ရှိ၊ မရှိ ဟူသည့် အချက်မှာ သမ္မတ ရှီကျင့်ဖျင်ပေါ်တွင် မူတည်နေပါသည်။ ကူမင်းအခြေစိုက် မြန်မာ့ရေးရာ ကျွမ်းကျင်သူ တရုတ်ပညာရှင်များက ထိပ်ပိုင်းခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်ချမှတ်မှု မရှိခြင်းကြောင့် (တိုင်းရင်းသား လက်နက်ကိုင်များကိစ္စ အပေါ်) တရုတ်၏ရ ပ်တည်ချက်မှာ တိတိပပ ရေရေရာရာ မရှိဘဲ ဖြစ်နေခြင်း ဖြစ်သည်ဟု ရှင်းပြကြသည်။ ၂၀၁၅ ခုနှစ် ကိုးကန့်ပဋိပက္ခအတွင်း တရုတ်ပိုင်နက်ထဲကို မြန်မာစစ်တပ်က ပစ်ခတ်လိုက်သော ဗုံးများကျရောက်ခဲ့ပြီးနောက် တရုတ်ထိပ်ပိုင်းခေါင်းဆောင်များသည် တရုတ်နိုင်ငံ၏ တက်ကြွသော အခန်းကဏ္ဍကို တိုးမြှင့်နိုင်ရန် အလို့ငှာ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများမှ တစ်ဆင့် မြန်မာအပေါ် သြဇာလွှမ်းမိုးနိုင်အောင် စတင်လုပ်ဆောင်လာတော့သည်။ 

တရုတ်နိုင်ငံသည် မြန်မာ့ငြိမ်းချမ်းရေးကို ထောက်ခံသည်။ သို့သော် များစွာမဝေးတော့သည့် အနာဂတ်၌ ပြီးပြည့်စုံသည့် ငြိမ်းချမ်းရေးကြီး ပေါ်ထွန်းမည်ဟူသော အချက်ကို တရုတ်တို့ အယုံအကြည် မရှိပေ။ သို့အတွက်ကြောင့် မတူညီသော မရေရာ မသေချာမှုများအတွက် ပြင်ဆင်ထားရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပြောင်းလွယ်ပြင်လွယ် ရှိသော အနေအထားမျိုး အတတ်နိုင်ဆုံး ရောက်ရှိအောင် လုပ်ဆောင်ရေးတို့သည် တရုတ်အတွက် အရေးတကြီး ဦးစားပေးကိစ္စ ဖြစ်လာသည်။ တရုတ်၏ ကဏ္ဍမှာ ထင်မြင်ယူဆချက် မျိုးစုံကြောင့် ထင်ထင်ရှားရှား မရှိဘဲ မှုန်ဝါးနေသည်။ သို့သော် ဗဟိုနှင့် ပြည်နယ်ဒေသ အစိုးရအကြား မတူညီမှု၊ ပုဂ္ဂလိက တရုတ်ဇာတ်ကောင်များ၏ လှုပ်ရှားဆောင်ရွက်မှုတို့ ရှိနေသည်။  (ဥပမာ-တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများအပေါ် Yucheng Group ၏ ပံ့ပိုးကူညီမှု) ထိုသို့သော အရေးကိစ္စများတွင် ဘေဂျင်းအနေနှင့် မည်သည့်အရာမဆို အလွယ်တကူ ငြင်းပယ်လေ့ ရှိသလို  တရုတ်၏ အပြစ်နှင့် ပတ်သက်သော စွပ်စွဲပြောဆိုမှုများကိုလည်း ယင်းဇာတ်ကောင်များပေါ်ကိုသာ  အသာတကြည် ထိုးချလိမ့်မည် ဖြစ်သည်။ 

တရုတ်သည် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထောက်ခံသည်ဟု ဆိုထားသော်လည်း တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများနှင့် ဆက်ဆံရေး ဆက်ရှိနေသည်ကို တွေ့ရသည်။ ယင်းအုပ်စုများ အသက်ဆက် ရပ်တည်ရေးနှင့် လက်နက်ကိုင်တိုက်ပွဲများ ဆင်နွှဲနိုင်ရေးအတွက် အရေးကြီးသည့် ပံ့ပိုးမှုများ ပြုလုပ်ခြင်းတို့ ရှိနေသည်၊ (ရှိခဲ့သည်) ကို တွေ့နိုင်သည်။ ပို၍အရေးတကြီး ထောက်ပြလိုသည့်အချက်မှာ သတ္တုတူးဖော်ရေး၊ သစ်ထုတ်လုပ်ရေးနှင့် ဥပဒေနှင့် ဆန့်ကျင်သော  အခြားလုပ်ငန်းများမှ ရရှိသော ဘဏ္ဍာငွေများသည် စစ်မက်စီးပွားရေး (War Economy) ကို တိုက်ရိုက်လောင်စာထိုးပေးလျက်ရှိပြီး ပဋိပက္ခများကို သက်ဆိုးရှည်စေလေသည်။ တရုတ်ပုဂ္ဂလိက စီးပွားရေး ဇာတ်ကောင်များ၊ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများနှင့် ဆက်သွယ်မှု မရှိကြောင်း ငြင်းဆိုခြင်းဖြင့် တရုတ်နိုင်ငံက မိမိကိုယ်ကိုယ် အပြစ်ရှိသူ မဟုတ်ကြောင်း ထုတ်ပြောနေသော်လည်း ရန်ကုန်အခြေစိုက် မြန်မာအစိုးရ အရာရှိကြီးများ၏ ပြောဆိုချက်အရ မြန်မာပြည်သူ အများစု၏ အမြင်တွင် တရုတ်သည် ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ရေးအတွက် အကြီးမားဆုံးသော အဟန့်အတားကြီးတစ်ခု ဖြစ်နေလေသည်။ ဤ အချက်ကြောင့် ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးမှုများ အတွက် စည်းရုံးပေးမှုများအပြင် တရုတ်အနေနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် တစ်ခုလုံး၌ မည်သို့ အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်နိုင်မည်နည်းဟူသော မေးခွန်းကို ထွက်ပေါ်လာစေသည်။ လက်နက်ကိုင်အုပ်စုအချို့ (လေ့လာစောင့်ကြည့်သူ တရုတ်လူမျိုး ပညာရှင်များ အပါအဝင်) က တရုတ်သည် အလားအလာရှိသည့် မည်သည့်ငြိမ်းချမ်းရေး သဘောတူညီချက်အတွက်မဆို ပြင်ပမှပံ့ပိုးသူ (စပွန်ဆာ) တစ်ဦး၏ အခန်းကဏ္ဍမှ ပါဝင်လိမ့်မည်ဟု ယူဆကြသည်။ သို့သော်လည်း ဘေဂျင်းအနေနှင့် ယင်းသို့ရှုပ်ထွေးသည့် လုပ်ရပ်မျိုးနှင့် ခက်ခဲလှသော တာဝန်ယူမှုမျိုးကို ကြားဝင်စွက်ဖက်မှုမပြုရေး ဟူသည့် မူဘောင်တွင်းမှနေကာ လုပ်ဆောင်မည့်ပုံ မရှိပေ။ ဤစာတမ်းအတွက်  ယူနန်ပြည်နယ်တွင် တွေ့ဆုံဖြစ်ခဲ့သော တရုတ်အစိုးရ လေ့လာဆန်းစစ်သူတစ်ဦး၏ ပြောကြားချက်အရ ယခုလို ဖြစ်လေသည်။ 
“မိသားစုတစ်စု၏ ရှုပ်ထွေးလှသော အတွင်းရေးကို ဉာဏ်အမြော်အမြင်အရှိဆုံး ပုဂ္ဂိုလ်တစ်ဦးသည်ပင် အဆုံးအဖြတ်ပေးနိုင်မည် မဟုတ်ပေ။ မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများကြားက ရှုပ်ထွေးနက်နဲလွန်းလှပြီး သပွတ်အူလိုက်နေသည့် ပြဿနာများထဲတွင် ကျွန်ုပ်တို့ ပါဝင်ပတ်သက်ကာ ဘယ်သူက ဘာလုပ်သည်၊ ဘယ်အချိန်က ဖြစ်သည်၊ ဘယ်မှာဖြစ်သည် စသည်ဖြင့် ဆုံးဖြတ်ပေးမည် ဆိုပါက အလုပ်ဖြစ်မည် မဟုတ်ပေ၊ သို့မဟုတ် လုပ်လည်း မလုပ်ထိုက်ပေ။ ယင်းသို့သော ကဏ္ဍမျိုးကို ကျွန်ုပ်တို့ မှန်းဆ၍ မရနိုင်ပေ”

မြန်မာနှင့် တရုတ် ဆက်ဆံရေးမှာ NLD အစိုးရလက်ထက်တွင် သိသိသာသာ တိုးတက်ကောင်းမွန်လာသည်။ ယင်းသို့ ကောင်းမွန်သည့် ဆက်ဆံရေးများက တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများ ဒိုင်ယာလော့ခ်နှင့် စေ့စပ်ညှိနှိုင်းရေး ဖြစ်စဉ်ထဲသို့ ပါဝင်နိုင်ရေးအတွက် တရုတ်၏ ကြိုးပမ်းချက်အပေါ် များစွာအထောက်အပံ့ ဖြစ်စေသည်။  ရှေ့အနာဂတ်ကိုကြည့်မည်ဆိုပါက ပြည်ထောင်စုငြိမ်းချမ်းရေး ကွန်ဖရင့်သို့ အရေးပါသည့် အုပ်စုများ ပူးပေါင်းတက်ရောက်ကာ ယင်းကွန်ဖရင့်က ငြိမ်းချမ်းရေး၊ တိုင်းရင်းသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်ပေးနိုင်လိမ့်မည် ဟူသော အချက်ကို တရုတ်အနေနှင့် တထစ်ချ ယုံကြည်ဖွယ် မရှိသော်လည်း လက်နက်ကိုင်အုပ်စုများ ယင်းကွန်ဖရင့်သို့ ပူးပေါင်းတက်ရောက်ရေးအတွက် အပေါင်းလက္ခဏာဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်နေမည်ပင် ဖြစ်လေသည်။ သို့သော် ယင်းသည် ခရီးရှည်ကြီးတစ်ခုအတွက် ပထမခြေလှမ်းသာ ဖြစ်နေပေလိမ့်မည်။ တရုတ်နိုင်ငံ၏ မူဝါဒနှင့် အခန်းကဏ္ဍသည် နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေး တိုးတက်ကောင်းမွန်မှုနှင့် တရုတ်အမျိုးသား အကျိုးစီးပွား အဓိပ္ပာယ်ဖွင့်ဆိုမှု အပြောင်းအလဲပေါ်တွင်သာ မူတည်နေမည် ဖြစ်တော့သည်။  

ချွန်ထူးဟန်
ပြီးပါပြီ။