News

POST TYPE

ARTICLE

ကစားစရာအရုပ်မှ ဒရုန်းအထိ တရုတ်ထုတ်များ လွှမ်းမိုးမည်ဟုဆို
ဘေဂျင်း၊ မေ ၇

ယနေ့ သင့်ထံတွင် ဒရုန်းယာဉ်တစ်စီး ပိုင်ဆိုင်နေပါသလား၊ ထိုဒရုန်းယာဉ်မှာ တရုတ်ထုတ်ဖြစ်ရန် များသည်ဆို သောသဘောကို China Daily သတင်းစာတွင် ရေးသားထားပြီး၊ အနာဂတ်တွင် တရုတ်ထုတ် ပစ္စည်းများသည် ကလေးကစားစရာ ဒရုန်းမှသည် လုပ်ငန်းသုံး ဒရုန်းယာဉ်အထိ ကမ္ဘာကို လွှမ်းမိုးတော့မည် ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

ယနေ့ခေတ် ဒရုန်းယာဉ်များ ထုတ်လုပ်မှုတွင် တရုတ်လွှမ်းမိုးလာခြင်းအပေါ် အနောက်နိုင်ငံများတွင်ပါ ဝေဖန်နေကြပြီး China Daily တွင်လည်း တရုတ်နိုင်ငံသည် စစ်ရေးဆိုင်ရာ ဒရုန်းယာဉ်များနှင့် ကလေးကစားစရာ ဒရုန်းများအထိ နိုင်ငံတကာဈေးကွက်ကို တင်ပို့နေသည်ဟု ရေးသားထားသည်။

တရုတ်နိုင်ငံအနေနှင့် ကမ္ဘာ့ဈေးကွက်က တောင်းဆိုလာသည့် ပစ္စည်းများကို အစုလိုက် အပြုံလိုက် ထုတ်လုပ်ပေးမှုကို ပြုလုပ်လာပြီး သိပ္ပံနှင့် နည်းပညာကဏ္ဍကို အများဆုံး မြှင့်တင်လုပ်ဆောင်လျက် ရှိကြောင်း ဘေဂျင်းရှိ Beihang တက္ကသိုလ်ကလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။ 

ယခုအခါ တရုတ်လွတ်မြောက်ရေး တပ်မတော်တွင် BZK-005 ဆိုသည့် ဒရုန်းယာဉ်များကို အသုံးပြုနေကြပြီး ယင်းဒရုန်းယာဉ်များကို ၂၀၁၈ ခုနှစ်တွင် နိုင်ငံတကာဈေးကွက်ကို ဖြန့်ချိရန် ပြင်ဆင်ထားကြောင်း China Daily တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ ရှန်ကျန်းပြည်နယ်ရှိ Da-Jiang ကုမ္ပဏီသည် နိုင်ငံတကာသို့ စီးပွားဖြစ် ဒရုန်းတင်ပို့မှုအတွက် အများဆုံး ထုတ်လုပ်လျက်ရှိပြီး နိုင်ငံတကာ သူဌေးစာရင်းများကို ထုတ်ပြန်ပေးနေသော Forbes မဂ္ဂဇင်းကလည်း ယင်းကုမ္ပဏီကို ထူထောင်သူ ဖရန့်ဝမ်အား ဒရုန်းထုတ်လုပ်ပြီး ကြွယ်ဝချမ်းသာလာသည့် ဘီလီယံနာ သူဌေးကြီးတစ်ဦး အဖြစ် ဂုဏ်ပြုဖော်ပြခဲ့သည်။ 

တရုတ်နိုင်ငံမှ ဖရန့်ဝမ်သည် ကမ္ဘာပေါ်တွင် ဒရုန်းယာဉ်များ ထုတ်လုပ်ပြီး ပထမဆုံး ဘီလီယံကြွယ် သူဌေးကြီးတစ်ဦး ဖြစ်လာသူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ကမ္ဘာ့ဈေးကွက် စောင့်ကြည့်ရေးအဖွဲ့ Pricewaterhouse Coopers ၏ အစီရင်ခံစာအရ ဒရုန်းနည်းပညာ ထုတ်လုပ်မှုသည် ယခုနှစ်အတွင်း ဒေါ်လာ ၂ ဘီလီယံအထိ ဖွံ့ဖြိုးတိုးတက်လာပြီး လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ဒေါ်လာ ၁၂၇ သန်းခန့်အထိ တိုးတက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။ 

ယခုအခါ ကမ္ဘာ့နေရာအနှံ့တွင် ဒရုန်းယာဉ်များဖြင့် လုပ်ငန်းများကို ပြောင်းလဲနိုင်ရန် ကြိုးစားနေကြသည့် အထဲတွင် ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး၌ ဒရုန်းများကို မဖြစ်မနေ သုံးစွဲနေကြကြောင်း၊ ဒရုန်းယာဉ်များဖြင့် လူနေမှုပုံစံ ပြောင်းလဲနေခြင်းတွင် တရုတ်တို့၏ အစုလိုက် အပြုံလိုက် ထုတ်လုပ်ကာ ဈေးကွက်ကို ထိန်းချုပ်နေမှုများအပေါ် စောင့်ကြည့်ရန် လိုအပ်ကြောင်း Business Insider သတင်းတွင်လည်း ရေးသားထားသည်။