News

POST TYPE

ARTICLE

ကန်တော့ပွဲ တစ်ခေတ် ဆန်းသစ်စေမည်
03-Jul-2016 tagged as

“ဗိုလ်မှူးတွေကို သူစေခိုင်းလို့ သွေမဆောင်း လှေလောင်းနဲ့ညီ ... လက်ပြန်ကြိုး အမျိုးမျိုးချည်...ဖမ်းခဲ့ပြန်သည်”

အလိုလေး ... ကိုရင်ဗြိ ဘာတွေ လျှောက်ရေးနေသတုံး။ မထော်မနန်း မသင့်မလျော် ငါးပိကြော်နံ့ရနေတဲ့ စာသားတွေ လျှောက်ရေးနေပြီလား ထင်ကြရော့မယ်။

မဟုတ်ရပါဗျာ။ အခုတစ်လော မြန်မာသီချင်း ကြီးတွေ ဓာတ်ကျနေလို့ ဦးသုမောင်ကြီး ဆိုထားတဲ့ ဘိုးဘိုးအောင် သီချင်းထဲက စာသားလေး ညည်းမိတာပါဗျာ။

ခက်တော့လည်း ခက်သားကလား။ အခုတစ်လော လူတွေ ဘာတွေဖြစ်နေကြတယ် မသိဘူး။

ဟိုတစ်နေ့ကလည်း အာမီက အခွံပဲ ကျန်တော့တယ်လို့ ပြောမိတာ ... အဆောင်မှာ အတူနေတဲ့ သတင်းထောက် အာလူးဆိုတဲ့ ငတိက လှမ်းအော်တယ်။ ဟေ့ကောင် မင်းတရားစွဲ ခံချင်နေလားတဲ့။

ဟုတ်တယ်လေဗျာ။ ဟိုးတစ်လောကမှ သူငယ်ချင်း တစ်ယောက်ဆီက လက်ဆောင်ရထားတဲ့ အာမီရမ် ပုလင်းလေးကို ခုတင်ခေါင်းရင်းမှာ ထားပြီး တစိမ့်စိမ့် ချွေတာ သောက်နေတာ မနက်ခင်းကျ ဘယ်အကောင် ဆော်သွားမှန်း မသိဘူး။ ပြောင်တလင်း ခါသွားပါလေရောလား။

အဲဒါကြောင့် ... အာမီက အခွံပဲ ကျန်တော့တယ်လို့ ပြောမိတာကိုဗျာ။ တရားစွဲခံရမယ်တဲ့။

ဆိုတော့ကာ အခုရက်ပိုင်း ဘာကိုမှ မဟရဲလောက်အောင်ပါပဲဗျာ။

ကိုင်း အခုလည်းကြည့် ... ဘိုးဘိုးအောင် သီချင်းလေး ညည်းမိတာ... ငါးပိကြော်နံ့၊ လက်ထိတ်နံ့တွေ ရလာကြသတဲ့။

စာသားထဲ ဘာများ တရားဥပဒေ ချိုးဖောက်တာ၊ နိုင်ငံတော်ကို အကြည်ညိုပျက်စေတာ ပါသွားလဲဗျာ။

အိုလေ ... နိုင်ငံရေးတွေ ဘာတွေကို မောင်ဗြိတို့က လိုက်မမီပါဘူး။

ဒါပေမဲ့ ကိုယ်ပြောတဲ့ အာမီရမ် အခွံပဲ ကျန်တာတို့၊ ဘိုးဘိုးအောင် သီချင်းတို့မှာ ဘာများ နိုင်ငံကို ထိခိုက်တာပါစေလဲဆိုပြီး သိချင်မိတယ်။

မောင်ဗြိတို့ အဆောင်မှာ နိုင်ငံရေးနဲ့ အမြဲထိတွေ့နေကျ သတင်းထောက်အာလူး ရှိတယ်လေ။ သူစကား ပြောတာကို နားစွင့်ရင် နိုင်ငံအရေးကို တီးမိ ခေါက်မိရှိမှာပဲ ဆိုပြီး မောင်ဗြိလည်း သူပြောသမျှ အသာလေး နားစွင့်ထားတယ်ဗျ။

ဟိုတစ်နေ့ကတော့ အာလူးတစ်ကောင် ဈေးက ပြန်လာပြီး ရှူးရှူးရှဲရှဲ ဖြစ်လာတယ်။ 

ဘာတဲ့ အစိုးရရဲ့ ရက်တစ်ရာ စီမံကိန်းမှာ ကန်စွန်းရွက် တစ်စည်း သုံးရာ ဖြစ်သွားလို့ သူ့လက်သန်းကို ဖြတ်ပစ်မတဲ့။ 

မောင်ဗြိဖြင့် ဒီနိုင်ငံရေး ဆရာကြီးတွေကို လိုက်ကို မမီတာ။ အစိုးရရဲ့ ရက်တစ်ရာ စီမံကိန်းရယ်၊ ကန်စွန်းရွက်သည်ရယ်၊ အာလူးရဲ့ လက်သန်းရယ် ဆက်စပ်လို့ကို မရဘူး။ အေးလေ ... မောင်ဗြိက အော်ရီဂျင်နယ် ငတုံးကိုဗျ။

အာလူးက ပြောသေးတယ်။

ဟိုနေ့က မောင်ဗြိ ပြောသလိုမျိုး အာမီရမ်ဟာ အခွံပဲ ကျန်တယ်တို့၊ အတုဖြစ်နေတယ်တို့၊ အရမ်းပြင်း တယ်တို့လို့ မပြောရဘူးတဲ့။ တရားစွဲတယ်တဲ့။

မောင်ဗြိ မနက်က ဆိုသလို “ဗိုလ်မှူးတွေကို သူစေခိုင်းလို့ သွေမဆောင်း လှေလောင်းနဲ့ညီ ... လက် ပြန်ကြိုး အမျိုးမျိုးချည်... ဖမ်းခဲ့ပြန်သည်”ဆိုတဲ့ သီချင်းစာသားတွေ ဆိုရင်လည်း တရားစွဲမှာတဲ့။

ကိုယ့်ခုတင် ခေါင်းရင်းက အာမီရမ်ဟာ အခွံပဲ ကျန်တော့လို့ အခွံပဲ ကျန်တယ်ပြောတာ ဘာလို့ အပြစ်ရှိသွားတာပါလိမ့်ဆိုတာ မောင်ဗြိ နားမလည်နိုင်ဘူး။

ပြီးတော့ ခုန ဘိုးဘိုးအောင် သီချင်း။

သီချင်းက ရှင်းရှင်းလေး။

ကုန်းဘောင်ခေတ်တုန်းက သူငယ်ချင်း သုံးယောက် ရှိတယ်။ တစ်ယောက် ကောင်းစားရင် တစ်ယောက်က မမေ့ကြေး ဆိုပြီး ကတိထားခဲ့ကြသတဲ့။

သူငယ်ချင်း သုံးယောက်မှာ တစ်ယောက်ကတော့ တောတွင်းမှာ တရားအားထုတ်တဲ့ ရဟန်း ဖြစ်သွားတယ်။

တစ်ယောက်က ဘိုးတော်ဦးဝိုင်းဆိုတဲ့ ရှင်ဘုရင် ဖြစ်သွားတယ်။

တစ်ယောက်က ထွက်ရပ်ပေါက် ဘိုးတော် ဘိုးဘိုးအောင် ဖြစ်သွားတယ်။

အဲ့ဒီမှာ ဘိုးဘိုးအောင်ဟာ အစွမ်းထက်တယ် ဆိုတာသိတော့ ငယ်သူငယ်ချင်း ဘိုးတော်ဦးဝိုင်းက သူ့နန်းကို လုမှာစိုးလို့ သူ့ဗိုလ်မှူးတွေကို လွှတ်ပြီး ဘိုးဘိုးအောင်ကို လက်ပြန်ကြိုးတုပ်၊ လောင်းလှေနဲ့ တင်ပြီး နေပြည်တော်ကို ခေါ်လာခိုင်းတယ်။

ကိုင်း အဲ့ဒီဇာတ်လမ်းထဲက သီချင်းစာသားလေး ဆိုနေတဲ့ဟာကိုဗျာ။ ဘယ့်နှယ် တရားစွဲခံရမတဲ့။

နို့ ... ဒါဖြင့် ဒီလိုတွေ ပြောလို့ ဘယ်သူတွေ တရား စွဲခံရတာလဲဆိုတော့ ... သတင်းစာ တစ်စောင်တောင် စွဲခံနေရပြီတဲ့။

အလိုလေး ... မောင်ဗြိဖြင့် ကြောက်လွန်းလို့ အသားတွေတောင် မည်းသွားတယ်ဗျာ။

ကိုယ်က သူပြောသလို အာမီရမ်တို့၊ ဘာတို့ လျှောက်ပြောထားမိတာကိုး။ တရားလာစွဲရင် ပြဿနာ ကိုးဗျနော့။

ဒါဖြင့် တရားစွဲခံရရင် ဘာဖြစ်မှာတုံး အာလူးရယ်လို့ မေးတော့ အာလူးက စိတ်မပူပါနဲ့တဲ့။ တရားစွဲတဲ့လူတွေက သဘောထားကြီးပါတယ်။ ပြန်တောင်းပန်ရင် ကျေအေးပါတယ်တဲ့။

ဒါနဲ့ မောင်ဗြိလည်း ထပ်လျှာရှည်မိပြန်တယ်။

အဲ့ဒီလို နည်းနည်းပါမိတာနဲ့တင် ကိုအာလူးတို့ သတင်းစာတွေ တရားစွဲခံရမှာလားဆိုတော့။ သူက ဒါပေါ့ဗျာတဲ့။

ဒါဆို သူတို့အကြောင်း ပါမယ်ဆိုတာနဲ့ တရား မစွဲခင် ကြိုတောင်းပန်ထားရင် အဆင်ပြေတာပေါ့လို့ မောင်ဗြိ အကြံပေးမိတယ်။

ဟုတ်တယ်လေ ... တရားစွဲတဲ့ လူတွေအကြောင်း ရေးပြီးတာနဲ့ အောက်မှာ တောင်းပန်စာပါ တွဲထည့် ပေးလိုက်။ ဒါဆို မအိုကေဘူးလား။

နို့မို့ ဟိုလူတွေလည်း အလုပ်ရှုပ်ရတဲ့အထဲ တရား သွားသွား စွဲနေရတာ အာရုံနောက်တာပေါ့လေ။

အာလူးက ပြောသေးတယ်။

နောက်ဆို သတင်းစာ၊ ဂျာနယ်တွေက ပိုများလာမှာတဲ့။ စစ်သားလူထွက်တွေရော၊ အမတ်ပြုတ်တွေရော အကုန်လုံးက ဂျာနယ် လိုက်ထုတ်ကုန်ပြီတဲ့။

အဲ့ဒီကျ အပြန်အလှန် တရားစွဲတာတွေ၊ တောင်းပန်ခိုင်းတာတွေ လာတော့မယ်တဲ့။

အလိုလေး ... ခုန ဘိုးဘိုးအောင် ဇာတ်ထုပ်လို ဘိုးတော်ဦးဝိုင်းက ဘိုးဘိုးအောင်လက်က ဝလုံး တစ်လုံးကို ဖျက်လေ နောက်ထပ် ဝလုံးတွေ ပေါ်လာလေပါပဲလား။

အိမ်း ... ဒီလိုဆိုရင်တော့ဖြင့် နောက်များဆို တရားစွဲတဲ့ လူတွေနဲ့ ဂျာနယ်တွေကြား တရားစွဲပွဲတွေ၊ တောင်းပန်ပွဲတွေ ခေတ်စားတော့မယ်ပ။

ဒီလို တွေးမိတော့ မောင်ဗြိ အကြံတစ်ခု လက်ခနဲ ရသွားတယ်။

ကန်စွန်းရွက်တစ်စည်း သုံးရာဖြစ်သွားလို့ လက်သန်းဖြတ်ပစ်မယ့် ကိုအာလူးလည်း မောင်ဗြိနဲ့ အကျိုးတူ ပူးပေါင်းရင် စီးပွားရေး ကောင်းမယ်။ ကန်စွန်းရွက် တစ်စည်း သုံးထောင်လည်း ဝယ်စားနိုင်စေရမယ်။ လက်သန်းလည်း ဖြတ်စရာ မလိုတော့ဘူးလို့ အဖော် ညှိလိုက်တယ်။

မောင်ဗြိက အုန်းသီးတွေ ရသမျှ လိုက်ဝယ်၊ ကြွက်မြီးရှည်ရှည် အရောင်စိမ်းစိမ်းတွေချည်း ဝယ်မှာ။

အာလူးက ငှက်ပျောသီးတွေ ရသမျှ လိုက်ဝယ်။

ပြီးတာနဲ့ မင်္ဂလာဈေးက လင်ပန်းတွေ ဝယ်ပြီး ငှက်ပျောပွဲ အုန်းပွဲ လုပ်ရမယ်။

ငှက်ပျောပွဲ အုန်းပွဲကို ဟိုလူကြီးတွေကို ခွံ့တဲ့ ဂါပန်းခြင်းတွေလို ပလတ်စတစ်နဲ့အုပ်။

ပြီးတာနဲ့ ငှက်ပျောပွဲ အုန်းပွဲ အထူးအရောင်း ဆိုင်လေးဖွင့်မယ်။

ဂျာနယ်တိုက်တွေ၊ သတင်းစာတိုက်တွေကို မားကက်တင်း ဆင်းမယ်။ သူတို့ တရားစွဲခံရရင် သတင်းစာထဲထည့် တောင်းပန်ရုံမကပဲ မြန်မာဆန်ဆန် အုန်းပွဲ ငှက်ပျောပွဲလေးနဲ့ပါ သွားတောင်းပန်လိုက်ရင် အိုကေတာပေါ့။

တစ်ဖက်ကလည်း အတောင်းပန်ခံချင်လှတဲ့ အထိမခံ ကိုယ်ရွှေပန်းကန်တွေဆီ သွားမယ်။ တောင်းပန်ခံ ကန်တော့ပွဲလေးတွေ ပြန်သွင်းမယ်ဆို အထူး ဈေးနှုန်းနဲ့ သွင်းလို့ ရပါတယ်လို့ သွားညှိမယ်။

ကိုင်း ... ဂလိုဆိုရင်ဖြင့် ဘိုးဘိုးအောင် ဝလုံးလေးတွေလို ဖျက်လေ ပွားလေဖြစ်နေတဲ့ ဂျာနယ်၊ သတင်းစာတွေနဲ့ အထိမခံ ရွှေပန်းကန်တို့ ခေတ်ကြီးကျရင် တရားစွဲပွဲ၊ တောင်းပန်ပွဲတွေ ခြိမ့်ခြိမ့်သဲမှာ မောင်ဗြိတို့ရဲ့ အုန်းပွဲ ငှက်ပျောပွဲ ကုမ္ပဏီလီမိတက် လုပ်ငန်းကြီး တိုးတက် ချမ်းသာပြီပေါ့ဗျာ။ 

ပန်းခြင်းခေတ်ကုန်ပြီး ကန်တော့ပွဲတစ်ခေတ် ဆန်းသစ်ပြီပေါ့ဗျာ။

ကဲဗျို့ ... ပြောနေကြာတယ် ... ဘိုးဘိုးအောင် သီချင်းလေးကို စာသားပြောင်း ညည်းရင်း ... အုန်းသီး ငှက်ပျောသီး အဝယ်ထွက်ပြီဗျို့။

“သတ်ရန်ကို မဆိုထားနှင့်တော့ ထင်ရှားအောင် မြင်ရမည် ... ငါရေးပြပါတဲ့ ဝတစ်လုံးကိုသာ အတည် ... မင်းပျက်အောင် ဖျက်နိုင်ရင် ငါ့ကို နိုင်လိမ့်မည် ... ပထမံဂုဏ်ရောင် ဘိုးဘိုးအောင်ရဲ့ မီဒီယာပညာ လျင်စွာပြမည် ... ထီးဘုရင်မဟာသည် သူကိုယ်တိုင် ထင်လင်းစွာ အတင်း ဖျက်လိုက်ခါမှ ဝတစ်လုံးက နှစ်လုံး ဖြစ်လာမည် ... နှစ်လုံး ဖျက်ပြန်တော့ လေးလုံး ပေါ်လာသည် ... နှစ်ဆ တိုးတာသည် ကျွန်တော်တို့ ဗမာ့တန်ခိုးပါဗျ ... အလွန်ထူးခြားတဲ့ စွမ်းဉာဏ်ရည် ... ဘိုးဘိုးအောင်ပါရမီ”

ဗြိတိသျှကိုကိုမောင်

  • TAGS

ABOUT AUTHOR

(ဗြိတိသျှကိုကိုမောင်)