News

POST TYPE

ARTICLE

ထွက်ပြေးခြင်း ....တတိယကမ္ဘာစစ် ငြိမ်းချမ်းရေးမုန်တိုင်းနှင့် တရုတ်ပဟေဠိ
06-May-2017 tagged as မြန်မာ တရုတ်

တတိယကမ္ဘာစစ်

ပြီးခဲ့သည့် သင်္ကြန်အကြိုနေ့ (၁၃ ဧပြီ၊ ၂၀၁၇) က စာရေးသူ ရဟန်းဝတ်ခဲ့သည်။ ဟိုးငယ်စဉ် ကျောင်းသားဘဝ (ဒုတိယတန်း) ကိုရင်ဝတ်ခဲ့သည်မှလွဲ၍ ဗုဒ္ဓ၏ ဓမ္မရိပ်တွင် ပထမဦးဆုံးအကြိမ် နားခိုဖူးခြင်း ဖြစ်သည်။ သို့အတွက် သတင်းစာဂျာနယ်မဖတ်၊ ရေဒီယို နားမထောင်၊ တီဗီမကြည့်။ (အစက FB တော့ သုံးသေးသည်။ နောက်တော့ အွန်လိုင်းမိတ်ဆွေတစ်ဦးက ‘အကုန်လုံးဖြတ်လိုက်ပါဗျာ’ ပြော၍ FB ပါ ဖြတ်လိုက်သည်။) ဘာရယ်တော့မဟုတ်။ နိုင်ငံရေးနှင့် ခေတ္တသံယောဇဉ်ဖြတ်၍ ‘ထွက်ပြေးကြည့်ခြင်း’ ဖြစ်သည်။ သည်တွင် သူငယ်ချင်း ကိုရဲထွန်း (ယခင် သီပေါပြည်သူ့လွှတ်တော် အမတ်ဟောင်း) က FB မှပင် ယခုလို လှမ်း ‘စ’ သည်။ “သင်္ကန်းဝတ်နေတုန်း တတိယကမ္ဘာစစ်ကြီး ဖြစ်ရင် ဘယ်လိုလုပ်မတုန်း ...။”

စာရေးသူအနေနှင့် ပြောရလျှင် တတိယကမ္ဘာစစ် ကိစ္စကို ပြောလောက်အောင် မပူလှပါချေ။ ယနေ့ခေတ် ကမ္ဘာ့အခြေအနေမှာ စစ်အေးခေတ်နှင့် ဘာမှမထူးလှဟု နားလည်ထားသောကြောင့် ဖြစ်သည်။ စာရေးသူ အမြင်အရ စစ်အေးမှာ အိုင်ဒီအိုလိုဂျီ မျက်နှာဖုံးတပ်ထားသော ‘ဂရိတ်ပါဝါယှဉ်ပြိုင်မှု’ ပင်။ ယနေ့ခေတ်က ဘာမျက်နှာဖုံးမှ မလိုတော့သော ‘ဂရိတ်ပါဝါယှဉ်ပြိုင်မှု’။ ဤယှဉ်ပြိုင်မှု၏ သဘောသဘာဝကို ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်မှ ပါမောက္ခ မိုက်ကယ် မင်ဒဲလ်ဘောင်က ယခုလို ရှင်းပြထားသည်။ “အကယ်၍သာ စစ်အေးကို အားကစားတစ်မျိုးဟု ယူဆလျှင် ‘ဂျပန်ဆူမိုနပန်း’ နှင့် တူပါလိမ့်မည်။ ကြိုးဝိုင်းအတွင်းဝယ် ဧရာမ လူအကောင်ကြီး နှစ်ကောင်၊ ခြေတွေဆောင့်၊ လက်မောင်းတွေတန်း၊ ဟန်ရေးတွေ အမျိုးမျိုးပြ၊ တအားအော် ...၊ ကြည့်လိုက်လျှင် ကြောက်စရာကြီး။ သို့တစေ ပွဲသာပြီးသွားရော တစ်ဦးနှင့်တစ်ဦး ကိုယ်လုံးချင်းပင် မထိလိုက် ...” စသဖြင့်။

ဤနေရာတွင် တတိယကမ္ဘာစစ်နှင့် ပတ်သက်ပြီး ‘ပြောလောက်အောင် မပူ’ ဟု ဆိုထားရာ တစ်စုံတစ်ရာ ပူပန်ကြောင်း ဝန်ခံရာရောက်သည်။ ဤသည်မှာလည်း ဝါရင့်သံတမန်ကြီး ‘ဟင်နရီကစ်ဆင်းဂျား’ ၏ စကားကို မှတ်မိနေသောကြောင့် ဖြစ်သည်။ သူ့စကား ...။ “မျက်မှောက်ခေတ် ခေါင်းဆောင်များမှာ ဒုတိယကမ္ဘာစစ်ကြီးကို မီလိုက်သူတွေဖြစ်ရာ စစ်ပွဲ၏ အနိဋ္ဌာရုံများကို ကိုယ်တွေ့ကြုံဖူးသည်။ ဤလိုဒုက္ခသုက္ခမျိုး ထပ်မံကြုံလိုဟန်မရှိ။ စစ်ကြီးကို မကြုံဖူး၊ မသိဖူးသူများ ခေတ်ရောက်လျှင်တော့ စိုးရိမ်စရာ ရှိကောင်းရှိနိုင်သည် ...” (ကစ်ဆင်းဂျား ပြောသောခေတ်မှာ နစ်ဆင်၊ ဘရက်ဇညက်နှင့် မော်စီတုန်းခေတ်ဖြစ်သည်။) ယနေ့ မြောက်ကိုရီးယားခေါင်းဆောင် ဖက်တီးလေးမှာ စာရေးသူ သမီးအကြီးနှင့်မှ ရွယ်တူဖြစ်ရာ စစ်ပွဲဆိုသည်ကို အတွေ့အကြုံမရှိဘဲ သတ္တိတွေ စွတ်ကောင်းနိုင်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကမူ ဒုတိယကမ္ဘာစစ်အပြီး မွေးဖွားလာသော ‘ဘေဘီဘွန်းမား’ ဖြစ် သည်။ ထို့ထက် ထရမ့်မှာ ထူးထူးခြားခြား စရိုက်လက္ခဏာများဖြင့် အိမ်ဖြူတော် ရောက်လာသော သမ္မတ ဖြစ်သည်။ ရိုင်းရိုင်းပြောရလျှင် ‘အကန်းနှင့် အရူးတို့ ရင်ဆိုင်တွေ့ကြလျှင် ဖြစ်ချင်ရာ ဖြစ်သွားနိုင်သည်။”

ငြိမ်းချမ်းရေးမုန်တိုင်း

ပြီးခဲ့သည့် သင်္ကြန်ကာလမှာ မုန်တိုင်းအန္တရာယ် ခြိမ်းခြောက်မှုကြောင့် ဘုရားတနေရသော ရက်များလည်း ဖြစ်သည်။ နာဂစ်ဒဏ်ကို ဒုတ်ဒုတ်ထိခံခဲ့ရသော မြန်မာနိုင်ငံအနေနှင့် မုန်တိုင်းမှာ နောက်တိုး စိန်ခေါ်မှုအသစ် ဖြစ်နေသည်။ မုန်တိုင်းမှာ အချိန်တိုအတွင်း အရာရာကို တစ်စပြင်ပမာ ဖျက်ဆီးချေမွပစ်တတ်သည်။ ဖွံ့ဖြိုးတိုးတက်မှု အပါအ၀င် အရာရာကို အမှည့်ချွေ - ချွေနေသော နာတာရှည် ဝေဒနာကြီးတစ်ခုကား လွတ်လပ်ရေးရပြီး ကတည်းက ယနေ့ထက်တိုင် ရှိနေခဲ့သည်။ ညီအစ်ကိုချင်း စစ်ခင်းနေကြရသော ပြည်တွင်းစစ်ကြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ စစ်ဘက်အာဏာပိုင်စနစ်မှာ ပြည်တွင်းစစ်အခံပေါ်မှ ပေါ်ထွက်လာသည် ဖြစ်ရာ ပြည်တွင်းစစ် အဆုံးသတ်နိုင်ရေးမှာ ‘အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေး’ နှင့်လည်း ဆက်စပ်နေသည်။ မြန်မာ့ဒီမိုကရေစီ၏ အရင်းခံ ပြဿနာလည်း ဖြစ်သည်။

သို့အတွက် ယခင်အရပ်သားတစ်ပိုင်း အစိုးရ အနေနှင့် ‘ပြည်တွင်းစစ် ရပ်စဲရေး’ ကို မဟာဗျူဟာ ရည်မှန်းချက်တစ်ရပ် အဖြစ် သတ်မှတ်ပြီး ဆောင်ရွက်ခဲ့ရာ ‘တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်’ (NCA) ထွက်ပေါ်လာသည်အထိ အောင်မြင်မှု ရခဲ့သည်။ အဆိုပါ NCA စာချုပ်ကို ပိုမိုကျယ်ပြန့်စွာ အကောင်အထည်ဖော်နိုင်ရန် လက်ရှိအရပ်သားအစိုးရက ဆက်လက်ကြိုးပမ်းခဲ့ရာ ယခုဆိုလျှင် ‘ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ’၊ ဒုတိယ အစည်းအဝေး ကျင်းပဖို့ပင် ရက်သတ်မှတ်နိုင်ခဲ့ပြီ ဖြစ်သည်။ ယခုကျင်းပမည့် ညီလာခံတွင် ‘အားလုံးလက်ခံနိုင်သော အခြေခံမူဝါဒ ဖော်ထုတ်နိုင်ရေးကိစ္စ’ ဆိုသည်ကို အာဂျင်ဒါထဲ ထည့်ထားသည်မှာ ထူးခြားလိမ့်မည်ဟု မှန်းဆရသည်။

လက်ရှိအခြေခံဥပဒေကို တစ်ကြိမ်တည်း၊ တစ်ခါတည်း တစ်ဘရိတ်တည်းနှင့် ပြင်ဆင်ဖို့ ဆိုသည်မှာ လက်တွေ့ဖြစ်နိုင်ခြေ မရှိဟု ဆိုရပါလိမ့်မည်။ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် တစ်ခါက ပြောခဲ့သလို “အခြေခံဥပဒေကိုတော့ လွယ်တာက စပြင်ရမှာပဲ” ဆိုသည်ကသာ လက်တွေ့ဖြစ်နိုင်ခြေ ရှိပါလိမ့်မည်။ ဤကိစ္စနှင့် ပတ်သက်လျှင်လည်း VOA မှ ဦးကျော်ဇံသာနှင့် အင်တာဗျူးတွင် အမေရိကန်ပညာရှင် ‘ဒေးဗစ် စတိန်းဘတ်’ ထောက်ပြထားသည့် အချက်ရှိသည်။ ‘အလွယ်ဆုံးနှင့် အကျိုးအများဆုံး ဖြစ်ဖွယ်ရှိသည်မှာ ဒေသဆိုင်ရာ လုပ်ပိုင်ခွင့် အာဏာကို ပိုပေးလိုက်ဖို့ပင် ဖြစ်လိမ့်မည်’ ဟု ဆိုပါသည်။ တာဝန်ရှိသူများ အနေနှင့် ဤကိစ္စကို အလေးထား စဉ်းစားစေချင်သည်။

တရုတ်ပဟေဠိ

ပထမ သမ္မတဦးထင်ကျော် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၊ နောက် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ ပြီး ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း ...။ သင်္ကြန်ရက်ပိုင်းအတွင်း ခပ်စိပ်စိပ် တွေ့နေရသော မြန်မာထိပ်တန်းခေါင်းဆောင်များ၏ တရုတ်ပြည် ခရီးစဉ်များ ဖြစ်ပါသည်။ ထိုမျှမက နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်ကိုယ်တိုင် လက်ရှိဥရောပ ခရီးစဉ်အပြီးတွင် ‘တစ်ခုတည်းသော ရပ်ဝန်းနှင့် တစ်ခုတည်းသော လမ်းမ’ (One Belt, One Road) ညီလာခံ တက်ရောက်ရန် ပေကျင်းသို့ သွားရောက်မည်ဟု ဆိုသည်။

ဤခရီးစဉ်များက ဘာကိုဖော်ပြနေသနည်းဆိုလျှင် သမ္မတ (ဟောင်း) ဦးသိန်းစိန်က မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ရန် ဆုံးဖြတ်ပြီးသည့် နောက်ပိုင်း ဆိုးဝါးလာသော တရုတ်မြန်မာ ဆက်ဆံရေးမှာ အစိုးရသစ် လက်ထက်တွင် သိသိသာသာ ပြန်ကောင်းလာသည့် လက္ခဏာဟု ဆိုနိုင်ပါလိမ့်မည်။ ထိုမျှမက လွတ်လပ်ရေးရပြီးသည့် နောက်ပိုင်း အစိုးရ အဆက်ဆက် ဂရုဓမ္မထား ကိုင်တွယ်ခဲ့ရသော ‘တရုတ်ပဟေဠိ’ ကို အစိုးရသစ် အနေနှင့် အဖြေညှိဖို့ ကြိုးပမ်းလိုက်သော ဖော်ပြချက်ဟု ဆိုရပါလိမ့်မည်။ အမှန်စင်စစ် တရုတ်နှင့် မြန်မာမှာ အချင်းချင်း အပြန်အလှန် လိုအပ်ချက်များ ရှိနေကြသည့် အိမ်နီးချင်းများ ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှုအတွက် တရုတ်၏ အကူအညီ လိုသလို တရုတ်ပြည်၏ မဟာဗျူဟာ ရည်မှန်းချက် (ပိုးလမ်းမ စီမံကိန်းသစ်၊  သမုဒ္ဒရာနှစ်စင်း ပေါ်လစီနှင့် တစ်ခုတည်းသောရပ်ဝန်း၊ တစ်ခုတည်းသောလမ်းမ - စီမံချက်) အတွက်လည်း မြန်မာနိုင်ငံ၏ ပူးပေါင်းပါဝင်မှု အမှန်ပင် လိုပါသည်။

မြန်မာ့နိုင်ငံရေးသမားအချို့နှင့် မြန်မာလူထုတော်တော်များများ၏ အမြင်တွင် တရုတ်ပြည်ကို ‘စိန်ခေါ်ချက်’ အဖြစ်သာ ကြည့်မြင်လေ့ရှိပြီး ‘အခွင့်အလမ်း’ အဖြစ် စဉ်းစားကြသူ အတော်ပင် နည်းပါသည်။ အထူးသဖြင့် တရုတ်ပြည်၏ ‘တစ်ခုတည်းသော ရပ်ဝန်း၊ တစ်ခုတည်းသော လမ်းမ’ စီမံချက်မှာ နောင်လာမည့် တရုတ်ဦးဆောင်သော ဂလိုဘယ်လိုက်ဇေးရှင်း၏ ပတ်လမ်းတစ်ခု ဖြစ်နိုင်ရာ ဤအချက်ကို စနစ်တကျ သုတေသနပြု အသုံးချနိုင်ဖို့ လိုသည်။ တစ်ပြိုင်နက်တည်းမှာပင် တရုတ် အမေရိကန် အားပြိုင်မှုကြားတွင် ကြားမညပ်စေရန်လည်း ပါးပါးနပ်နပ် ဗျူဟာခင်းဖို့ လိုပါလိမ့်မည်။ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် အပါအဝင် လက်ရှိအစိုးရခေါင်းဆောင်များ အနေနှင့် မဟာဗျူဟာကျကျ ချဉ်းကပ်လေ့လာနိုင်ကြပါစေသတည်း။ 

ကျော်ဝင်း
၂ မေလ၊ ၂၀၁၇