News

POST TYPE

ARTICLE

တရုတ်စစ်သား ၅၀ဝ ကျော် မြန်မာနိုင်ငံသို့ လာရောက်မည်
05-May-2017 tagged as တရုတ်

ရန်ကုန်၊ မေ ၅

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ရေတပ်စစ်သည် ၅၀ဝ ကျော် မေလ ၁၈ ရက်မှ  ၂၁ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည် ဖြစ်ကြောင်း  တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။

တရုတ်ရေတပ်သင်္ဘောအဖွဲ့နှင့်အတူ အဆိုပါ စစ်သည် ၅၀ဝ ကျော်သည် မြန်မာနိုင်ငံ သီလဝါဆိပ်ကမ်းသို့ လာရောက်လည်ပတ်မည် ဖြစ်သည်။ အဆိုပါ ရေတပ်သင်္ဘောအဖွဲ့တွင် စစ်သင်္ဘော သုံးစင်း ပါဝင်မည်ဖြစ်ကြောင်း တရုတ်သံရုံးထံမှ ထပ်မံသိရှိရသည်။

တရုတ်ရေတပ်သင်္ဘော မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် မြန်မာအစိုးရနှင့် တပ်မတော် ခေါင်းဆောင်များ အဆိုပါ စစ်သင်္ဘောများသို့ သွားရောက်လည်ပတ်ကာ လေ့လာမည် ဖြစ်သလို တရုတ်ရေတပ်အရာရှိ စစ်သည်များကလည်း မိဘမဲ့ဂေဟာသို့ သွားရောက်ရန် စီစဉ်ထားကြောင်း တရုတ်သံရုံးက ဆိုသည်။

ယင်းအပြင် မြန်မာနိုင်ငံသို့ အလည်အပတ်လာမည့် တရုတ်ရေတပ်စစ်သည်များနှင့် မြန်မာ့တပ်မတော်မှ အရာရှိ စစ်သည်များ ဘောလုံးပြိုင်ပွဲကိုလည်း ကျင်းပသွားမည် ဖြစ်ကြောင်း တရုတ်သံရုံး၏  သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ရေတပ်သင်္ဘောအုပ်စုမှာ မြန်မာနိုင်ငံသို့ မလာရောက်မီ ဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက်လည်ပတ်ခဲ့ပြီး ဖိလစ်ပိုင်သမ္မတ ဒူတာတေးကိုယ်တိုင် ကြိုဆိုခဲ့သည်။ တရုတ်ရေတပ်သင်္ဘော သုံးစင်းသည် ဧပြီလမှစ၍ တရုတ်နိုင်ငံမှ ထွက်ခွာလာခြင်း ဖြစ်ပြီး အာရှ၊ ဥရောပနှင့် အာဖရိကနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်သို့ သွားရောက်လည်ပတ်မည် ဖြစ်ကာ နှစ်ဝက်ခန့် ကြာမြင့်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။