News

POST TYPE

ARTICLE

မြန်မာ့စစ်အင်အား ကမ္ဘာ့အဆင့် ၃၂ သို့ ရောက်ရှိဟု စစ်လက်နက် အစီရင်ခံစာဆို
05-May-2017 tagged as တပ်မတော်

ရန်ကုန်၊ မေလ ၅

မြန်မာသည် နိုင်ငံ ၁၂၆ နိုင်ငံတွင် ကမ္ဘာ့စစ်အင်အား အဆင့် ၃၂ သို့ ရောက်ရှိလာခဲ့ကြောင်း ကမ္ဘာ့စစ်လက်နက် အစီရင်ခံစာတစ်စောင် ဖြစ်သည့် Global Fire Power က ဧပြီလ ၂၆ ရက်တွင် ထုတ်ပြန်လိုက်သည်။ 

Global Fire Power သည် ကမ္ဘာ့နိုင်ငံများရှိ တပ်မတော်များ၏ လက်နက်အင်အားများကို  တွက်ချက်၍ နှစ်စဉ် ထုတ်ပြန်လျက်ရှိသည်။ 

၂၀၁၅ ခုနှစ်တွင် မြန်မာသည် အဆင့် ၄၄၊ ၂၀၁၆ ခုနှစ်တွင် အဆင့် ၃၃ ရရှိခဲ့သည်။ 

လက်ရှိ ၂၀၁၇ ခုနှစ်တွင်မူ မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၂၇ နိုင်ငံတွင် အဆင့် ၃၂ ရရှိခဲ့ပြီး အာဆီယံ ၁၀ နိုင်ငံအနက် အင်ဒိုနီးရှားနိုင်ငံက အဆင့် ၁၃၊ ဗီယက်နမ်က အဆင့် ၁၆၊ ထိုင်းနိုင်ငံ အဆင့် ၂၁ ဖြင့် မြန်မာနိုင်ငံ၏ အထက်တွင် ရှိနေခဲ့ပြီး ကျန်နိုင်ငံများ၏ အဆင့်သတ်မှတ်ချက်မှာ မြန်မာအောက်သို့ ရောက်လျက်ရှိသည်။ 

အိမ်နီးချင်းနိုင်ငံများတွင် တရုတ်က  အဆင့် ၃၊ အိန္ဒိယက အဆင့် ၄ ဖြင့် မြန်မာသည် အင်အားကြီး နိုင်ငံကြီး နှစ်ခုကြားတွင် ရပ်တည်နေရသည်။ 

မြန်မာသည် ရေတပ်အင်အားတွင် အဆင့် ၁၅ စာရင်းဝင်ခဲ့ပြီး အာဆီယံနိုင်ငံများအနက် အင်ဒိုနီးရှား တစ်နိုင်ငံတည်းသာ အဆင့် ၁၀ ဖြင့် မြန်မာအထက်တွင် ရပ်တည်နိုင်ခဲ့ကာ အခြားသော နိုင်ငံများ၏  အဆင့်သတ်မှတ်ချက်မှာ မြန်မာအောက်သို့ ရောက်လျက်ရှိကြောင်း အဆိုပါ အစီရင်ခံစာအရ သိရသည်။ 

ရေပြင်ပိုင်နက်နှင့် ပတ်သက်၍ သတိထားနေရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမူ အဆင့် ၂၅ ရရှိခဲ့ပြီး မြန်မာအောက်သို့ ရောက်လျက်ရှိသည်။ 

Global Fire Power က ဖော်ပြထားသော စာရင်းများအရ မြန်မာ့တပ်မတော်က ပိုင်ဆိုင်သည်ဆိုသော လက်နက်အချို့မှာ ကြည်းတပ်တွင် တင့်ကား ၅၉၂ စီး၊ Self-Propelled Guns (SPGs) ၁၀၈ စီး၊ Towed-Artillery ၈၈၄ စီး၊ Multiple-Launch Rocket Systems (MLRSs) ၁၀၈ စီး၊ လေတပ်တွင် လေယာဉ် ၂၄၉ စင်း၊ ကြားဖြတ်တိုက်ခိုက်ရေးယာဉ် ၅၆ စင်း၊ Fixed-Wing Attack Aircraft (တောင်ပံတွင်  လက်နက်တပ်ဆင်ထားသော လေယာဉ်) ၇၇ စင်း၊ သယ်ယူပို့ဆောင်ရေးလေယာဉ် ၉၇ စင်း၊ အမောင်းသင်လေယာဉ် ၅၈ စင်း၊ ရဟတ်ယာဉ် ၈၆ စင်း၊ တိုက်ခိုက်ရေး ရဟတ်ယာဉ် ကိုးစင်း၊ ရေတပ်တွင် ဖရီးဂိတ်ငါးစင်း၊ ကော်ဗက်စစ်ရေယာဉ် သုံစင်းတို့ ဖြစ်သည်။