News

POST TYPE

ARTICLE

သတင်းမီဒီယာသို့ ဦးဝင်းထိန်ပြောကြားချက် တပ်မတော် ကန့်ကွက်၊ တုံ့ပြန်သွားမည်ဟုဆို
05-May-2017 tagged as NLD တပ်မတော်

ရန်ကုန်၊ မေ ၅

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်၏ မီဒီယာများအပေါ်  ပြောကြားချက်ကို တပ်မတော်က ပြင်းထန်စွာ ကန့်ကွက်ကြောင်းနှင့် လိုအပ်သော  တုံ့ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က မေလ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

ဦးဝင်းထိန်က အွန်လိုင်းပေါ်၌ ပျံ့နှံ့ နေသော သတင်းများအား မဟုတ်မှန်ကြောင်း ရှင်းလင်းပြောဆိုရာတွင် တပ်မတော်ကို  ထည့်သွင်းပုတ်ခတ် စွပ်စွဲပြောဆိုခဲ့ကြောင်း၊ ယင်းအတွက် တပ်မတော်၏ ဂုဏ်သိက္ခာကို  များစွာထိခိုက်စေကြောင်း သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဘယ်သူ့ကိုမှ စွပ်စွဲတာမှ မဟုတ်ဘဲနဲ့။ ဘယ်သူ့ကိုမှ စွပ်စွဲတာမဟုတ်ဘူး။ သူတို့ ဘာတွေလုပ်တယ် ဘာညာတော့ အဘလည်း မသိဘူးပေါ့။ ထားလိုက်တော့။ ထုတ်ချင်ထုတ်ပေါ့။ ဘာမှပြောစရာ မရှိဘူး” ဟု တပ်မတော်၏ သတင်းထုတ်ပြန်ချက်အပေါ် ဦးဝင်းထိန်က The Voice သို့ ပြောဆိုသည်။

နေပြည်တော် စည်ပင်ဧည့်ရိပ်သာ၌ မေလ ၄ ရက်နေ့က သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ဧရာဝတီ သတင်းဌာနက ယခုကဲ့သို့ သတင်းမှားများကို မည်သူ၊ မည်သည့်အဖွဲ့များကို သံသယ ရှိပါသလဲဟု မေးမြန်းစဉ် “ဘယ်သူတွေကို သံသယရှိလဲ ဆိုတာ ပြောရခက်တယ်။ ဘာကြောင့်လဲဆိုတော့ ကြားနေရတာတွေက အများကြီး။ ကြံ့ခိုင်ရေးကပဲ လုပ်သလား၊ တချို့တပ်မတော် အဖွဲ့အစည်းတွေကပဲ လုပ်သလား။ ကျွန်တော်တို့ကို မလိုလားတဲ့၊ အိုင်တီမှာ ကျွမ်းကျင်တဲ့သူတွေကပဲ လုပ်သလား။ မှန်းဆရခက်တယ်” ဟု ဦးဝင်းထိန်က ပြန်လည်ဖြေဆိုခဲ့သည်။

ယင်းဖြေကြားချက်မှာ အခြေအမြစ် ခိုင်လုံခြင်း မရှိသော သံသယစိတ်အပေါ် အခြေခံ၍ တပ်မတော်အား ထည့်သွင်းပုတ်ခတ် စွပ်စွဲပြောဆိုခြင်းသည် တပ်မတော်၏ ဂုဏ်သိက္ခာကို များစွာထိခိုက်စေကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။