News

POST TYPE

ARTICLE

တရုတ်လွှမ်းမိုးမှုအောက်က မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် (အပိုင်း ၈)
ယမန်နေ့မှအဆက်
Yun Sun ရေးသားပြီး ချွန်ထူးဟန် ဘာသာပြန်ဆိုသည်။ 

မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အသက်တမျှ အရေးကြီးသော ငြိမ်းချမ်းရေး ဖော်ဆောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာ့အရေး လေ့လာသူ နိုင်ငံရေးသုတေသီ Yun Sun က အစီရင်ခံစာတစ်စောင်ကို သုတေသနပြုရေးသားခဲ့ပြီး မတ်လကုန်ပိုင်းတွင် အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) က ထုတ်ပြန်ခဲ့သည်။ အစီရင်ခံစာ၏ ခေါင်းစဉ်မှာ China and Myanmar’s Peace Process ဖြစ်ပြီး တရုတ်နိုင်ငံအစိုးရ အရာရှိကြီးများနှင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ပြုလုပ်ခဲ့သော အင်တာဗျူးပေါင်း ၈၀ ကျော်ခန့်ကို အခြေခံကာ ရေးသားထားခြင်း ဖြစ်သည်ဟု သုတေသီ Yun Sun က ဆိုထားသည်။ စာမျက်နှာ ၂၀ နီးပါးခန့် ရှိသည့် ယင်းအစီရင်ခံစာကို The Voice Daily သတင်းစာတွင် ဆီလျော်သလို အပိုင်းခွဲကာ ဘာသာပြန်ဆို ဖော်ပြသွားမည် ဖြစ်ပါသည်။ နှစ်ပေါင်း  ၅၀ ကျော်၊ ၆၀ နီးပါး ကြာမြင့်နေပြီဖြစ်သည့် မြန်မာပြည်တွင်းစစ် အဆုံးသတ်ရေးနှင့် ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးနိုင်ရေးအတွက် ကြိုးပမ်းနေသူများ၊ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး သမိုင်းကြောင်းကို စိတ်ဝင်တစား လေ့လာနေသူများအတွက် များစွာအထောက်အကူပြုမည့် အစီအရင်ခံစာဟုလည်း ယုံကြည်ပါသည်။ (အစီအရင်ခံစာမူရင်းကို ဖတ်ရှုလိုသူများ အနေနှင့် www.usip.org ဝက်ဘ်ဆိုက်တွင် ဒေါင်းလုပ်ယူကာ ဖတ်ရှုနိုင်ပါသည်)

‘ဝ’ တပ်ဖွဲ့

‘ဝ’ တပ်ဖွဲ့ (UWSA) သည် လွတ်လပ်ရေးရယူရန် ကြိုးပမ်းနေသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ မဟုတ်ပေ။ သို့သော် ‘ဝ’ တို့တွင် နိုင်ငံရေး၊ နယ်နိမိတ်ပိုင်ဆိုင်ရေးတို့အတွက် ခိုင်မာသော ဦးတည်ချက်ပန်းတိုင် သုံးခု ရှိနေလေသည်။ ယင်းတို့မှာ - ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အဆင့်မြင့်မြင့်ရရှိရေး၊ လတ်တလော ထိန်းချုပ်ထားသော မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများကို ဆက်လက်ထိန်းသိမ်းထားနိုင်ရေး၊ ‘ဝ’ အထူးဒေသကို ‘ဝ’ တိုင်းရင်းသားတို့၏ ပြည်နယ်အဆင့်သို့ တိုးမြှင့်သတ်မှတ်နိုင်ရေး စသည်တို့ ဖြစ်သည်။ ‘ဝ’ တို့သည် NCA သဘောတူညီချက်တွင်  ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်း မရှိပေ။ အကြောင်းမှာ ‘ဝ’ တို့သည် ၁၉၈၉ ခုနှစ်ကစ၍ မြန်မာအစိုးရနှင့် စစ်မက်ဖြစ်ပွားမှု မရှိခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ‘ဝ’ အထူးဒေသတွင် တွေ့ဆုံမေးမြန်းခဲ့သူများ၏ ယူဆပြောဆိုမှုများအရ သိရသည်။ ပို၍ဆိုရလျှင် ‘ဝ’ တို့သည် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ကတည်းက ၎င်းတို့ စေ့စပ်ညှိနှိုင်းလာခဲ့သော အဆင့်သုံးဆင့်ပါ အပြန်အလှန် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ရယူလိုကြခြင်း ဖြစ်သည်။ အကြောင်းမှာ ‘ဝ’ တို့သည် ပထမအဆင့် နှစ်ဆင့် (နိုင်ငံတော်နှင့် ပြည်ထောင်စု) ကို ပြီးမြောက်ခဲ့ပြီး အပစ်အခတ်ရပ်စဲရေး ဒိုင်ယာလော့ခ်တွင် ပါဝင်ဆွေးနွေးနေရခြင်းသည် နောက်ကြောင်းပြန်သည့် ကိစ္စတစ်ရပ် ဖြစ်သည်ဟု ယုံကြည်ထားသောကြောင့် ဖြစ်လေသည်။ ‘ဝ’ တပ်ဖွဲ့တွင်း သဘောထား တင်းမာသော အင်အားစုများက နေပြည်တော်အခြေစိုက် (မြန်မာ) ဗဟိုအစိုးရအနေနှင့် စေ့စပ်ဆွေးနွေးမှုတွင် ဖြစ်ပေါ်လာမည့် သဘောတူညီချက် မှန်သမျှကို နောက်ထပ်တစ်ကြိမ် စွန့်လွှတ်မည်မဟုတ် ဟူသော အချက်ကို အနည်းငယ်မျှသာ ယုံကြည်မှု ရှိကြသည်။ 

အမှန်ဆိုရလျှင် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများ အားလုံးအနက် တရုတ်နိုင်ငံနှင့် အနီးကပ်ဆုံး ရင်းနှီးချစ်ကြည်မှုရှိပြီး တရုတ်တို့၏  စာနာထောက်ထားမှု အများဆုံး ရရှိသည့် အုပ်စုမှာ ‘ဝ’ တို့ပင် ဖြစ်ဟန်ရှိသည်။ တရုတ်နိုင်ငံမှ ဒေသအစိုးရ အရာရှိအချို့က မှတ်ချက်ပေး ပြောဆိုမှုများအရ တရုတ်နိုင်ငံသည် ‘ဝ’ တပ်ဖွဲ့ကို ‘တရုတ်၏ တရားမဝင် ရင်သွေး’ အဖြစ် သဘောထားသည်။ လက်ရှိ ‘ဝ’ တပ်ဖွဲ့၏ တပ်မှူး Bao Youxiang ၏ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တစ်ခု ဖန်တီးရေးဟူသော ဦးတည်ချက်ကိုကြည့်မည်ဆိုပါက ၁၉၆၀ ပြည့်နှစ်များဆီက သမိုင်းကြောင်းကို နောက်ကြောင်းပြန်ကြည့်လျှင် သိနိုင်မည် ဖြစ်သည်။ ထိုစဉ်က Bao Youxiang ၏ ပြောက်ကျားတပ်ဖွဲ့သည် ယဉ်ကျေးမှု တော်လှန်ရေးကာလ အတွင်း ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) နှင့် ပူးပေါင်းခဲ့ပြီး UWSA (ညီညွတ်သော ပြည်နယ်တပ်ဖွဲ့) ဖွဲ့စည်းထူထောင်ရန် တိုက်ပွဲဝင်ခဲ့သည်။ ‘ဝ’ တပ်ဖွဲ့ ခေါင်းဆောင်များသည် ယနေ့အချိန်ကာလအထိ ဘေဂျင်းအစိုးရ၏ သီးသန့်ခွင့်ပြုချက် ရယူရန်  မလိုအပ်ဘဲ ယူနန်မြို့တွင်းသို့ လွတ်လွတ်လပ်လပ်ပင် သွားလာဝင်ရောက်ကာ ဆေးကုသမှု ခံယူခွင့် ရှိထားသည်။ ယင်းခံစားခွင့်သည် မည်သည့်လက်နက်ကိုင် အုပ်စုတစ်ခုမျှ မရရှိသော အခွင့်အရေး တစ်ရပ်လည်း ဖြစ်လေသည်။  

‘ဝ’ ဒေသသည် မြန်မာပြည်၏ တစ်စိတ်တစ်ဒေသဖြစ်သည် ဟူသော ‘ဝ’ တပ်ဖွဲ့၏ ခံယူချက်ကို တရုတ်နိုင်ငံက ထောက်ခံသည်။ ‘ဝ’ တပ်ဖွဲ့တွင် ‘ဝ’ ဒေသကို တရုတ်ပြည်၏ပိုင်နက် ဖြစ်လာရေး ဟူသည့် ဦးတည်ချက် မရှိသလို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိမှုကိုလည်း စွန့်လွှတ်ရန် ဦးတည်ချက် မရှိပေ။ တရုတ်နိုင်ငံကမူ ‘ဝ’ တပ်ဖွဲ့နှင့် မြန်မာအစိုးရအကြား ပဋိပက္ခဖြစ်မည့် အရေးကို မမြင်တွေ့လိုပေ။ မြန်မာအစိုးရ စစ်တပ်နှင့် ‘ဝ’ တပ်ဖွဲ့အကြား ပစ်ခတ်မှုများ ရှိခဲ့သည့်တိုင် ယင်းသို့ ဆိုးရွားသည့် အခြေအနေမျိုး မပြုလုပ်ဘဲ နေကြရန် နှစ်ဖက်စလုံးကို တရုတ်က ဖိအားပေးလျက်ရှိသည်။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှ နုတ်ထွက်ရန် ‘ဝ’ တပ်ဖွဲ့ကို တရုတ်နိုင်ငံက တွန်းအားပေးမည် မဟုတ်သလို ‘ဝ’ တို့ လက်သင့်မခံလိုသော ကျေအေးပေးမှု မှန်သမျှကို လက်သင့်ခံရန်လည်း တွန်းအားပေးလိမ့်မည် မဟုတ်ပေ။ တရုတ်နိုင်ငံနှင့် ‘ဝ’ တပ်ဖွဲ့တို့၏  သဘောထားအမြင်တွင် သတ်မှတ်ပြဋ္ဌာန်းထားသော ကျေအေးပေးမှုဟူသည် ပြိုကွဲပျက်စီးလွယ်ပြီး ရေရှည်မှာလည်း တည်တံ့နိုင်ခြင်း မရှိသလို အနာဂတ်ကာလ၌ ကြီးမားသည့် မတည်မငြိမ်မှုများကိုသာ ဖြစ်ပေါ်စေနိုင်သည် ဟူသည့် သဘောမျိုး ရှိနေပေမည်။ 

တရုတ်သည် မြန်မာပြည်မြောက်ပိုင်းဒေသမှ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများအကြား ‘ဝ’ တပ်ဖွဲ့၏ ဗျူဟာကျသည့် ဦးဆောင်မှုကဏ္ဍကို ထောက်ခံသည်။ ‘ဝ’ တပ်ဖွဲ့သည်လည်း ကိုးကန့်တို့၏  ရှမ်းပြည်အရှေ့ပိုင်းအဖွဲ့ခွဲနှင့် တရားမဝင် သဘောမျိုး မဟာမိတ်ဖွဲ့ရမှုကို နှစ်သက်သည်။ ပထဝီ အနေအထား နီးကပ်မှု၊ သမိုင်းကြောင်း အစဉ်အလာအရ ရင်းနှီးကျွမ်းဝင်မှုတို့ကြောင့် ဖြစ်သည်။ ယင်းအုပ်စု နှစ်ခုစလုံးသည် ငြိမ်းချမ်းရေးဖြစ်စဉ် အပါအဝင် အရေးကိစ္စ အတော်များများနှင့် ပတ်သက်၍ အနီးကပ် ပူးပေါင်းကာ ရပ်တည်ဖြေရှင်းခဲ့ကြသည်။ ထို့ပြင် ယခင် NCA သဘောတူညီချက်ကိစ္စတွင် မပါဝင်ခဲ့သောMNDAA၊ တအာင်းနှင့် ရခိုင်တပ်ဖွဲ့တို့ကို ပံ့ပိုးကူညီခဲ့ကြသည်။ ‘ဝ’ တပ်ဖွဲ့သည် ၂၀၁၅ ခုနှစ်မှစ၍ ပန်ဆိုင်းမြို့တွင် တိုင်းရင်းသားလူမျိုးများ ထိပ်သီးညီလာခံသုံးခုကို ကျင်းပပေးခဲ့ခြင်းဖြင့် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများ အကြား ၎င်း၏ ဦးဆောင်မှုအပေါ် ထောက်ခံမှုရအောင် ကြိုးပမ်းခဲ့လေသည်။ အကျိုးဆက်မှာ ကေအိုင်အေ ဦးဆောင်သောUNFC ကို ယှဉ်ပြိုင်နိုင်ရန် ဦးတည်ခြင်း ဖြစ်သည်ဟု သတ်မှတ်ခံလာရခြင်းပင် ဖြစ်သည်။ ကေအိုင်အေသည် ‘ဝ’ တပ်ဖွဲ့ကို အဆင့်တူအဖြစ် သတ်မှတ်ထားသည့် တစ်ခုတည်းသော တိုင်းရင်းသား လက်နက်ကိုင်အုပ်စု ဖြစ်ဟန် ရှိလေသည်။  နှစ်ဖက်စလုံးက လူသိရှင်ကြား အသိအမှတ်ပြု ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း ကေအိုင်အေနှင့် ‘ဝ’ တပ်ဖွဲ့တို့သည် တစ်ဦးနှင့်တစ်ဦး မိတ်ဖက်များအဖြစ်သော် လည်းကောင်း၊ ပြိုင်ဘက်များအဖြစ်သော် လည်းကောင်း ရှုမြင်ကြသည်။ ကေအိုင်အေတပ်ဖွဲ့ အတွင်းရှိ အုပ်စုအချို့ကို အပေးအယူ လုပ်လွန်းသူများအဖြစ် ‘ဝ’ တို့က ဝေဖန်ကြသလို ‘ဝ’ တပ်ဖွဲ့ကိုလည်း ပိုနေမြဲကျားနေမြဲ အခြေအနေကို ကြိုက်နှစ်သက်လွန်းသူများအဖြစ် ကေအိုင်အေအုပ်စုမှ အချို့က ရှုမြင်ကြသည်။ ကချင်ပြည်သူ အများစုကတော့ ‘ဝ’ တပ်ဖွဲ့၏ ကြိုးပမ်းချက်များတွင် ၎င်းတို့ လွတ်လပ်ရေးအတွက် ကာလကြာရှည် တိုက်ပွဲဝင်နိုင်အောင် စေ့ဆော်ပေးသည့် အိုင်ဒီယော်လော်ဂျီမျိုး မရှိဟု ရှုမြင်ကြပါသည်။ မြန်မာနိုင်ငံတွင်း တရားဝင် ‘ဝ’ ပြည်နယ်တစ်ခု ဖြစ်လာစေလိုသည့် ‘ဝ’ တပ်ဖွဲ့၏ ဆန္ဒအပေါ် ကချင်ပြည်သူများက အားမလိုအားမရ ဖြစ်လျက် ရှိသည်။ 

‘ဝ’ တပ်ဖွဲ့အပေါ် တရုတ်အစိုးရက စစ်ရေးထောက်ပံ့မှု လုပ်ဆောင်ခဲ့ခြင်း ရှိ၊ မရှိ ဟူသည်မှာ လေ့လာစောင့်ကြည့်သူ အများစုအတွက် အခရာကျသည့် မေးခွန်းတစ်ခု ဖြစ်လေသည်။ ‘ဝ’ တပ်ဖွဲ့တွင် တရုတ်ကြေးစားများစွာ ပါရှိနေပေသည်။ သို့သော် ယင်းသို့  တရုတ်ကြေးစားများ ပူးပေါင်းပါဝင်နေခြင်းသည် တရုတ်အာဏာပိုင်တို့ဘက်က စနစ်တကျ စည်းရုံးပေးခဲ့ခြင်းကြောင့်တော့ မဟုတ်ပေ။ ယူနန်ပြည်နယ်တွင် ရရှိသည့် ပျမ်းမျှဝင်ငွေထက် ပိုမိုများပြားသော လစာကို ‘ဝ’ တပ်ဖွဲ့က ပေးနေခြင်းကြောင့် ဖြစ်သည်ဟု ‘ဝ’ တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော တရုတ်ကြေးစားများ၏ ရှင်းလင်းပြောပြချက်အရ သိရသည်။ ‘ဝ’ တပ်ဖွဲ့တွင်အသုံးပြုသော အပေါ့စားလက်နက် အများစုမှာ တရုတ်လုပ်လက်နက်များကို ပြန်လည်တပ်ဆင်ထားခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ ‘ဝ’ တို့တွင် အနည်ဆုံး လက်နက်စက်ရုံ နှစ်ခုရှိပြီး တရုတ်လုပ် မော်ဒယ်များကို အခြေခံသည့် အပေါ့စား တိုက်ခိုက်ရေးလက်နက်များ ထုတ်လုပ်လျက်ရှိသည်။ တရုတ်နိုင်ငံက ‘ဝ’ တပ်ဖွဲ့ကို ထောက်ပံ့ပေးနေပါသည် ဟူသော ကောက်ချက်မှာ ဖြစ်နိုင်ခြေ ရှိသော်လည်း ယင်းယူဆချက်အတွက် သက်သေအထောက်အထား တစ်စုံတစ်ရာ မရှိပေ။ 

‘ဝ’ တို့၏ ပိုင်နက်သည် ကချင်ပြည်နယ်လိုမဟုတ်။ သဘာဝသယံဇာတ ပေါကြွယ်ဝခြင်း မရှိပေ။  သံဖြူတူးဖော်ရေး လုပ်ငန်းမှာ အခြေအနေ ကောင်းလာသည့်အချိန်တွင် သံဖြူဈေးနှုန်း ကျဆင်းခြင်းကြောင့် များစွာ ထိခိုက်ခဲ့သည်ဟု ‘ဝ’ ဒေသမှ ကိုယ်စားလှယ်များက ဆိုသည်။ ‘ဝ’ တို့သည် ဘဏ္ဍာငွေအတွက် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနှင့် ကာစီနို လောင်းကစားလုပ်မှု အပါအဝင် တရားမဝင် စီးပွားရေးလုပ်ငန်းများအပေါ် မှီခိုအားထားခဲ့သည့် အစဉ်အလာ ရှိလေသည်။ ယင်းတရားမဝင် စီးပွားရေး လုပ်ဆောင်ချက်များက တရုတ်ဈေးကွက်နှင့် စားသုံးသူများကို ထောက်ပံ့ပေးလျက် ရှိသည်။ အဆိုပါဈေးကွက်နှင့် စားသုံးသူများက ဘေဂျင်းအစိုးရအတွက်  နယ်စပ်ဖြတ်ကျော် ဒုစရိုက်မှုကြီးမျိုးစုံကို ဖန်တီးပေးလျက်ရှိသည်။ သို့သော် ‘ဝ’ တို့၏ လုပ်ဆောင်ချက်များအပေါ် တရုတ်အစိုးရက အောင့်အည်းသည်းခံကာ တရုတ်နိုင်ငံတွင်း ရာဇဝတ်မှုများ တိုက်ဖျက်ရေးဟူသော ခေါင်းစဉ်ဖြင့် တင်းကျပ်သည့် ဥပဒေများ ကျင့်သုံးရန် ကြိုးပမ်းသည်။ 

‘ဝ’ တပ်ဖွဲ့အပေါ် တရုတ်၏ နိုင်ငံရေး ပံ့ပိုးပေးနိုင်မှု အင်အားမှာ အတော်ပင် ကောင်းလှသည်။ သို့သော် တရုတ်တို့ ပံ့ပိုးပေးမှု အတိအကျနှင့် အတိုင်းအတာ ကိုတွက်ချက်ရန်မှာ လွန်စွာခဲယဉ်းသည်။ မြန်မာ့တပ်မတော်နှင့် ‘ဝ’ တပ်ဖွဲ့အကြား ပဋိပက္ခဟူသည် စဉ်းစား၍ မရနိုင်သော အရာတော့ မဟုတ်ပေ။ သို့သော် မဝေးကွာလှသည့် အနာဂတ်တွင် ပဋိပက္ခ ဖြစ်လာနိုင်ခြေမှာ  အနည်းငယ်မျှသာ ရှိလေသည်။ အကြောင်းမှာ တရုတ်နိုင်ငံဘက်က ဆန့်ကျင်ကန့်ကွက်မှု ရှိနေခြင်း၊ ‘ဝ’ တို့၏ အင်အားကောင်းမွန်ခြင်းတို့ကြောင့် ဖြစ်သည်။ တရုတ်နိုင်ငံသည် ‘ဝ’ တို့၏ အိပ်မက်ဖြစ်သော  ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေး ဟူသည့် ရည်မှန်းချက်ကို  စွန့်လွှတ်တွန်းအားပေးလိမ့်မည် မဟုတ်ပေ။ တွန်းအားပေးနိုင်သည့် အကြောင်းအရင်းလည်း မရှိပေ။ ‘ဝ’ တပ်ဖွဲ့ကို တရုတ်နိုင်ငံက မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများ အကြား တရုတ်အမျိုးသား အကျိုးစီးပွားအတွက် သစ္စာရှိသော နောက်လိုက်ကောင်းတစ်ဦးအဖြစ် ရှုမြင်လေသည်။          

ချွန်ထူးဟန်
ရှေ့တစ်ပတ် တနင်္လာနေ့တွင် အဆုံးသတ်ပါမည်။