News

POST TYPE

ARTICLE

တပ်မတော်သည် နိုင်ငံရေးလုပ်နေခြင်းမဟုတ်ဟု တပ်ချုပ်ပြောကြား
ရန်ကုန်၊ မေ ၎

တပ်မတော်သည် နိုင်ငံရေး လုပ်နေခြင်း မဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဖြစ်စဉ်များ ချုပ်ငြိမ်းရန်နှင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရန် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး မစ္စတာ စကော့မာစီရယ်လ်တို့သည် မေလ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာတွင် တွေ့ဆုံစဉ် ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထိုတွေ့ဆုံမှု၌ သံအမတ်ကြီးက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်တစ်ချို့နှင့် တွေ့ဆုံဆွေးနွေးခဲ့မှု အခြေအနေများကို တင်ပြပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီးတွင် အဖွဲ့အားလုံး ပါဝင်တွေ့ဆုံနိုင်မည့် အခွင့်အလမ်းများနှင့်ပတ်သက်၍ မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မကြာမီပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီးအား များစွာ မျှော်လင့်ချက်ထားပြီး ၎င်းတို့အနေဖြင့် အကောင်းဘက်မှ ဦးတည် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားအရေးကို နိုင်ငံရေးအရ ဆွေးနွေးနိုင်သည့် လမ်းကြောင်းများစွာ၊ အခွင့်အရေး များစွာရှိသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

အမေရိကန်နိုင်ငံ သံအမတ်ကြီး စကော့မာစီရယ်လ်က မြန်မာနိုင်ငံ၏ လက်နက်ကိုင် ပဋိပက္ခမှာ ဖြစ်ပေါ်လာခဲ့သည့် သမိုင်းကြောင်းသည် ရှည်လျားသည့်အပြင် ပါဝင်သည့် အဖွဲ့အစည်းများလည်း များပြားပြီး ယင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခြင်းသည် ကမ္ဘာပေါ်ရှိ အခက်အခဲဆုံး စစ်ပွဲကြီးတစ်ခုကို အောင်နိုင်ခြင်းဟု မှတ်ယူရမည်ဖြစ်ကြောင်း ပြောသည်။

ယင်းအပြင် ရခိုင်ပြည်နယ် အရေးကိစ္စနှင့်ပတ်သက်၍ အမှန်တကယ် ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်များ၊ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့်ပတ်သက်၍ စွပ်စွဲပြောဆိုမှုများအပေါ် တပ်မတော်ပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ခဲ့မှုများနှင့် မြန်မာ-အမေရိကန် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေး တိုးမြှင့်မှု ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် တပ်မတော်ဘက်မှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် တို့တက်ရောက်ခဲ့ပြီး အမေရိကန်သံအမတ်ကြီးနှင့်အတူ စစ်သံမှူး Colonel James McAden နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ရေး ကော်မတီထံမှ သိရသည်။

J-09