News

POST TYPE

ARTICLE

မဟာမုနိ အပါအ၀င် ဘုရားသုံးဆူ၌ ဆေးလိပ်မသောက်ရနယ်မြေ သတ်မှတ်ရန် စီစဉ်
မန္တလေး၊ မေ ၃

မန္တလေးမြို့တော်ရှိ မဟာမုနိဘုရား အပါအဝင် လူသိများသော ဘုရားသုံးဆူကို ဆေးလိပ်မသောက်ရနယ်မြေ အဖြစ် သတ်မှတ်နိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ပြောကြားသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ (၆) ထပ်ဆောင်ခန်းမ၌ မေလ ၃ ရက်နေ့က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းတို့ ပူးတွဲကျင်းပသည့် ဆေးလိပ်ငွေ့ကင်းစင်ရေး နယ်မြေများ ထူထောင်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဘုရားလာဖူးတဲ့သူတွေက ဘုရားဖူးသက်သက်ပဲ။ ဆေးလိပ်မသောက်ရဘူး။ အများပြည်သူတွေ ဘုရားဖူးတဲ့နေရာမှာ ကလေးတွေလည်း ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေလည်း ပါတယ်။ သူတို့တွေ ဆေးလိပ်ငွေ့ မရှူမိအောင်လို့ပါ” ဟု ဒေါက်တာသန်းစိန်က ပြောဆိုသည်။

မန္တလေးမြို့ရှိ  မဟာမုနိရုပ်ရှင်တော်မြတ်၊ ကမ္ဘာမှတ်တမ်း အမွေအနှစ်စာရင်းဝင် ကုသိုလ်တော်ဘုရား ကျောက်စာများ တည်ရှိရာ မဟာလောကမာရဇိန်ဘုရားနှင့် ကျောက်တော်ကြီးဘုရားတို့ကို ဆေးလိပ်ကင်းစင်နယ်မြေများ အဖြစ် သတ်မှတ်နိုင်ရန် လုပ်ဆောင်မည် ဖြစ်ကြောင်း၊  အချို့သော ဘုရားများတွင် ဆေးလိပ်မသောက်ရဟု တားမြစ်ထားသော်လည်း စနစ်မကျသေးကြောင်း၊ စနစ်တကျ ဖြစ်စေရန် ဂေါပကအဖွဲ့များကို ပညာပေးမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ အခြားသော ဘုရားများတွင်လည်း ဆက်လက်လုပ်ဆောင်ရန် အစီအစဉ်ရှိကြောင်း၊ ဆေးလိပ်မသောက်ရနယ်မြေ သတ်မှတ်သကဲ့သို့ ဆေးလိပ်သောက်သုံးနိုင်သည့် နေရာများကိုပါ သတ်မှတ်ပေးသွားမည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းအဖွဲ့ထံမှ သိရသည်။

“ဒီနေရာတွေက ဘုရားဖူးလာတဲ့ သူနဲ့အင်မတန်မှ လူဦးရေ ထူထပ်တဲ့နေရာ ဖြစ်ပါတယ်။ ဒီနေရာတွေမှာ ကွမ်းမစား ဆေးလိပ်မသောက်ခြင်းဖြင့် ကုသိုလ်ယူပါရန် ဆိုတဲ့ ဆိုင်းဘုတ်တွေထောင်ပြီး ပညာပေးကာလ သတ်မှတ်ပြီး တားမြစ်မယ်။ အကယ်၍ တားမြစ်ထားတာတွေကို ဖောက်ဖျက်ရင် ဒဏ်ငွေဘယ်လောက်ဆိုတဲ့ အရံအတားအနေနဲ့ ချိတ်ထားမယ်လို့တော့ စဉ်းစားထားတယ်” ဟု မဟာမုနိ ဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောကြားသည်။

မဟာမုနိ ဘုရားဂေါပကအဖွဲ့သစ် လက်ထက်တွင် ဆေးလိပ်မသောက်ရ နယ်မြေများ သတ်မှတ်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ယင်းသို့ ပြုလုပ်နိုင်ရန် သြဝါဒ ဆရာတော်ကြီးများနှင့် ဂေါပကအဖွဲ့ဝင်များ ညှိနှိုင်း၍ အမြန်ဆုံး ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

M-05