News

POST TYPE

ARTICLE

နမ့်ခမ်းတွင် တပ်မတော်နှင့် TNLA တိုက်ပွဲဆက်ဖြစ်၊ အရပ်သားများ ထိခိုက်ဒဏ်ရာရ
04-May-2017 tagged as NCA တပ်မတော် TNLA

ရန်ကုန်၊ မေ ၃

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တပ်မတော်နှင့် တအာင်း/ ပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး ဒေသခံ အရပ်သားအချို့ လက်နက် ထိမှန်၍ ထိခိုက်ဒဏ်ရာ ရမှုများ ဖြစ်ပွားခဲ့ကြောင်း နမ့်ခမ်းမြို့နယ် ရဲစခန်းမှ သိရသည်။

နမ့်ခမ်းမြို့ နမ့်ဆရီး ကျေးရွာအုပ်စု၊ နမ့်ဟွမ်ကျေးရွာတွင် နှစ်ဖက်တပ် ထိတွေ့မှုများကြောင့် လက်ဖက်ခူးနေသည့် ဒေသခံတိုင်းရင်းသူ အမျိုးသမီးသုံးဦး ဒဏ်ရာရရှိခဲ့ပြီး နမ့်ဆမ်မြို့နယ် ဆေးရုံသို့ ရောက်ရှိနေကြောင်း နမ့်ခမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

တပ်မတော်နှင့် TNLA တပ်များသည် မေလ ၂ ရက်နေ့မှ စတင်၍ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မေလ ၃ ရက်နေ့ထိ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကာ လက်နက်ကြီး ပေါက်ကွဲမှုများကို နမ့်ခမ်းမြို့မှ ကြားနေရဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးက မေလ ၃ ရက်နေ့ နေ့လယ်ပိုင်းက ပြောကြားသည်။

ဖြစ်စဉ်တွင် တပ်မတော်မှ တပ်မတော်သား ၁ ဦး ကျဆုံး၍ ၁ ဦး ဒဏ်ရာရခဲ့ကြောင်း TNLA ထံမှ M22 ကျည် ၄၀ဝ၊ RPG ဗုံးသီး ၁ လုံး၊ TNLA ယူနီဖောင်း တစ်စုံ၊ ကျောပိုးအိတ်တစ်လုံး သိမ်းဆည်း ရမိခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

မေလ ၃ ရက်နေ့ နံနက်ပိုင်းတွင် နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင်းရွာအရှေ့ဘက် မောင်းအောက်အနီးတစ်ဝိုက်တွင် TNLA တပ်ရင်း ၅၇၁ နှင့် မြန်မာ့တပ်မတော် တပ်မ ၈၈ တို့ နှစ်ဖက် ရင်ဆိုင်တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ မေလ ၂ ရက်နေ့မှစတင်၍ ကောင်းခေ ကျေးရွာနှင့် ပန်စံကျေးရွာဘက်မှ ကောင်းဝိုင်းဘက်သို့ ထပ်မံ ထိုးစစ်ဆင်သောကြောင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ထို့ပြင် မေလ ၂ ရက်နေ့တွင် တပ် မတော်နှင့် TNLA တပ်များ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး တပ်မတော်မှ ရဟတ်ယာဉ်များဖြင့် လာရောက် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး အမြောက် လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA ထံမှ သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ TNLA ဘက်မှ ဖြေကြားသည်များသာ သိရှိရပြီး တပ်မတော်ဘက်ကမူ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။

တအာင်း/ပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) အဖွဲ့သည် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု အဆင်မပြေဖြစ်နေသည့် မြောက်ပိုင်း မဟာမိတ်အဖွဲ့တွင် ပါဝင်ပြီး NCA လမ်းကြောင်းကို မလိုက်ပါလိုသည့် အဖွဲ့တစ်ဖွဲ့လည်းဖြစ်သည်။

J-08,R-07