News

POST TYPE

ARTICLE

ဂျပန်နိုင်ငံတွင် ယှဉ်ပြိုင်ခဲ့သည့် ရိုးလက်ဝှေ့ကစားသမားများကို ရွှေတစ်ကျပ်သားစီ ချီးမြှင့်
01-May-2017 tagged as လက်ဝှေ့

ရန်ကုန်၊ မေ ၁

ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ဧပြီလ ၁၈ ရက်က ကျင်းပခဲ့သည့် Lethwei In Japan -3 အမည်ရှိ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် မြန်မာ့ရိုးရာ လက်ဝှေ့ကစားသမားများကို ရွှေတစ်ကျပ်သားစီ ဆုချီးမြှင့်ခဲ့ကြောင်း ပွဲစီစဉ်သည့် မြန်မာမီဒီယာဂရုပ်ထံမှ သိရသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဧပြီလ ၃ဝ ရက်တွင် အဆိုပါ ကစားသမားများကို တွေ့ဆုံခဲ့ရာ၌ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ရွှေတစ်ကျပ်သားစီ ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

ယင်းပွဲတွင် ပါဝင်ထိုးသတ်ခဲ့သည့် မြန်မာလက်ဝှေ့ကစားသမား ခြောက်ဦးကို ဂုဏ်ပြုလွှာနှင့် ရွှေတစ်ကျပ်သားစီ ချီးမြှင့်ပေးခဲ့ခြင်း ဖြစ်သည်ဟု မြန်မာမီဒီယာဂရုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဝဏ္ဏက ပြောကြားသည်။

ပြည်ပနိုင်ငံများတွင် ယင်းကဲ့သို့သော လက်ဝှေ့ပြိုင်ပွဲများကို နှစ်လတစ်ကြိမ်နှုန်းဖြင့် ကျင်းပမည်ဖြစ်ရာ ဇွန်လအတွင်း၌လည်း ကျင်းပရန် စီစဉ်ထားသည်ဟု မြန်မာမီဒီယာဂရုပ်က ထုတ်ပြန်ထားသည်။

တိုကျိုမြို့ရှိ ကိုလခုအန်ခန်းမတွင် ကျင်းပခဲ့သည့် အဆိုပါ စိန်ခေါ်ပွဲကို တွဲဆိုင်းခုနစ်ဆိုင်းဖြင့် ကျင်းပခဲ့ရာ လေးဆိုင်းမှာ အနိုင်အရှုံး အဖြေပေါ်ခဲ့ပြီး သုံးဆိုင်းမှာမူ ပူးတွဲသရေဖြင့် ပြီးဆုံးခဲ့သည်။

ယင်းပွဲတွင် မြန်မာလက်ဝှေ့သမားများ ဖြစ်သည့် စောငမန်း၊ သားအသည်းတပွင့်၊ ဆလိုင်းချမ်းမြေ့ကို၊ ကျားဘဟိန်းတို့က ပြိုင်ဘက်များကို အနိုင်ရခဲ့ပြီး ဖျံသွေးနှင့် တိမ်တိုက်တို့မှာမူ ပူးတွဲသရေဖြင့် ကျေနပ်ခဲ့ရသည်။

ပုံ- အား/ကာ

J-04