News

POST TYPE

ARTICLE

အလဲထိုးစံချိန်ကို ဆက်လက်ထိန်းသိမ်း၍ ကမ္ဘာ့ဟဲဗီးဝိတ်တန်း ချန်ပီယံ ရွှေခါးပတ်များကို ဂျိုရွှာ ဆွတ်ခူး
30-Apr-2017 tagged as လက်ဝှေ့

လန်ဒန်၊ ဧပြီ ၃၀

ဗြိတိန်လက်ဝှေ့ကစားသမား အန်တိုနီ ဂျိုရွှာသည် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ဝင်ဘလေ ဘောလုံးကွင်းကြီး၌ ကမ္ဘာ့ဟဲဗီးဝိတ်တန်း ချန်ပီယံဟောင်းတစ်ဦးဖြစ်သူ ယူကရိန်း လက်ဝှေ့ကစားသမား ဝလာဒီမာ ကလစ်ရှ်ကိုနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သော ပွဲစဉ်တွင် အလဲထိုးရလဒ်ဖြင့် အနိုင်ယူကာ ကမ္ဘာ့ဟဲဗီးဝိတ်တန်း၏ ချန်ပီယံသစ်အဖြစ် ရပ်တည်လိုက်နိုင်ပြီ ဖြစ်ကြောင်း BBC က ဖော်ပြထားသည်။

အသက် ၂၇ နှစ် အရွယ်ရှိ ဂျိုရွှာသည် ယခုပွဲစဉ်တွင် ၎င်းဆွတ်ခူးရရှိထားသော IBF ဟဲဗီးဝိတ်တန်း ချန်ပီယံရွှေခါးပတ်ကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ခြင်းနှင့်အတူ WBA နှင့် IBO ဟဲဗီးဝိတ်တန်း ချန်ပီယံ ရွှေခါးပတ်များကိုလည်း ထပ်မံပိုင်ဆိုင်ခွင့် ရသွားခဲ့ပြီး ၎င်း၏ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ဖြတ်သန်းမှုအတွင်း ယှဉ်ပြိုင်ထိုးသတ်ခဲ့သော ပွဲစဉ် ၁၉ ပွဲလုံးကို အလဲထိုးရလဒ်ဖြင့် အနိုင်ရယူနိုင်ခဲ့သော စံချိန်တစ်ခုကိုပါ ဂျိုရွှာက တင်ရှိသွားနိုင်ခဲ့သည်။

ဂျိုရွှာနှင့် ကလစ်ရှ်ကိုတို့သည် ပွဲအစ ပထမပွဲချီနှင့် ဒုတိယပွဲချီတို့တွင် တစ်ဦးကိုတစ်ဦး အကဲစမ်းသည့် သဘောမျိုးသာ ထိုးသတ်ခဲ့ကြပြီး တတိယမြောက်ပွဲချီသို့ အရောက်တွင်မှ ဂျိုရွှာက တွဲလုံးလက်သီးများ ပစ်လွှတ်၍ ပွဲအရှိန်ကို မြှင့်တင်ပစ်လိုက်ခြင်း ဖြစ်သည်။

အသက် ၄၁ နှစ် အရွယ်ရှိ ကလစ်ရှ်ကိုသည် စတုတ္ထမြောက်ပွဲချီနှင့် ပဉ္စမမြောက်ပွဲချီများသို့ အရောက်တွင် ဂျိုရွှာကို ပြန်လည်ထိန်းချုပ်လိုက်နိုင်ပြီး ကလစ်ရှ်ကို၏ ပြင်းထန်အားပါသော လက်သီးချက်အချို့ကြောင့် ဂျိုရွှာမှာ လွန်စွာ အခက်တွေ့သွားခဲ့ရသည်။

ကလစ်ရှ်ကိုသည် ဆဋ္ဌမမြောက်ပွဲချီတွင် ဂျိုရွှာကို ကြိုးဝိုင်းကြမ်းပြင်ထက်သို့ လဲကျသွားသည်အထိ ဖိအားပေး ထိုးသတ်နိုင်ခဲ့ပြီး ဂျိုရွှာမှာ ၎င်း၏ ပရော်ဖက်ရှင်နယ် လက်ဝှေ့ကစားသမားဘဝ ဖြတ်သန်းမှု ပွဲစဉ်ပေါင်း ၁၉ ပွဲ အတွင်း ပထမဆုံးအကြိမ်အဖြစ် လက်ဝှေ့ကြမ်းပြင်ထက်သို့ လဲကျသွားသည့် အခြေအနေကို ရင်ဆိုင်လိုက်ရခြင်းပင် ဖြစ်သည်။

ဂျိုရွှာသည် ကြိုးဝိုင်းဒိုင်လူကြီး၏ အမှတ်စဉ်ရေတွက်မှုကို ခံယူအပြီးတွင် ပြိုင်ပွဲဆက်လက်ယှဉ်ပြိုင် ထိုးသတ်ရန် လဲကျနေရာမှနေ၍ ပြန်ထလာခဲ့ပြီး ယင်းနောက်ပိုင်း ပွဲချီများတွင်မူ ကလစ်ရှ်ကိုက ဂျိုရွှာကို အလဲထိုးဖြင့် ပွဲဖြတ်နိုင်ရေးထက် နောက်ဆုံးပွဲချီတိုင်သည်အထိ ဆွဲခေါ်ကာ အမှတ်ဆုံးဖြတ်ချက်ဖြင့် အနိုင်ယူနိုင်ရေးကို ဦးတည်သွားခဲ့ခြင်းကြောင်း ပြိုင်ပွဲမှာ အနည်းငယ် အရှိန်ပြန်လျော့သွားခဲ့သည်။

ဂျိုရွာသည် ၁၀ ချီမြောက်နှင့် ၁၁ ချီမြောက်တို့တွင် ကလစ်ရှ်ကိုကို အလဲထိုးနိုင်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းလာခဲ့ပြီး ပွဲချီ ၁၁ ချီမြောက်၏ ထိုးသတ်ချိန် ၂ မိနစ်နှင့် ၂၅ စက္ကန့်သို့အရောက်တွင် ဂျိုရွှာ၏ ဘယ်ဖြောင့်လက်သီး ထိမှန်ချက်ကြောင့် ကလစ်ရှ်ကိုမှာ ကြိုးဝိုင်းကြမ်းပြင်ထက်သို့ လဲကျသွားခဲ့ရသည်။

ကြိုးဝိုင်းဒိုင်လူကြီးသည် ကလစ်ရှ်ကိုကို စစ်ဆေးအပြီးတွင် ပွဲကိုရပ်နားရန် ဆုံးဖြတ်လိုက်သည့်အတွက် ဂျိုရွှာက အလဲထိုးအနိုင်ရလဒ်ဖြင့် ကမ္ဘာ့ဟဲဗီးဝိတ်တန်း၏ ချန်ပီယံသစ်ဖြစ်ခွင့် ရသွားခဲ့ကာ ပွဲရပ်နားလိုက်ချိန်တွင် အမှတ်ပေးဒိုင်လူကြီး သုံးဦးအနက် နှစ်ဦးက ဂျိုရွှာကို ၉၆-၉၃၊ ၉၅-၉၃ တို့ဖြင့် အနိုင်ပေးထားပြီလည်း ဖြစ်သည်။

ဂျိုရွှာနှင့် ကလစ်ရှ်ကိုတို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် ပွဲစဉ်ကို ဝင်ဘလေ ဘောလုံးကွင်းသို့ ပရိသတ် ကိုးသောင်းအပြည့် တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး ယင်းပွဲစဉ်ကို နိုင်ငံတကာ ရုပ်သံမီဒီယာများကလည်း နိုင်ငံပေါင်း ၁၄၀ သို့ တိုက်ရိုက်ထုတ်လွှင့် ပြသပေးခဲ့သည်။