News

POST TYPE

ARTICLE

ဝါရင့်သမ္ဘာရင့် ကလစ်ရှ်ကိုနဲ့ အလဲထိုးဘုရင် ဂျိုရွှာတို့ရဲ့ ကမ္ဘာ့ဟဲဗီးဝိတ်တန်း ချန်ပီယံ ရွှေခါးပတ်လုပွဲကြီး လာပြီ
28-Apr-2017 tagged as လက်ဝှေ့

ကမ္ဘာ့ဟဲဗီးဝိတ်တန်း ချန်ပီယံ ရွှေခါးပတ်လုပွဲတစ်ပွဲကို ပထမဆုံး စတင်ကြည့်ခဲ့ဖူးတာက ၁၉၉၆ ခုနှစ် အလယ်တန်း ကျောင်းသားဘဝမှာ ဖြစ်ပါတယ်။ အဲ့ဒီခေတ်ကာလတုန်းက နယ်မြို့တစ်မြို့မှာ ဘယ်အားကစားပွဲကိုပဲဖြစ်ဖြစ် တိုက်ရိုက်ကြည့်ခွင့်ရဖို့က မလွယ်ကူခဲ့ပါဘူး။ စလောင်းရှိတဲ့ ဗီဒီယိုရုံတွေက တိပ်ခွေနဲ့ ကူးယူထားတာကို သူတို့ ပြန်လည်ပြသမှ ကြည့်ခွင့်ရတာပါ။ ပထမဆုံး ကမ္ဘာ့ဟဲဗီးဝိတ်တန်း လက်ဝှေ့ပွဲကို စတင်ကြည့်ရှုဖြစ်ဖို့ တွန်းအားဖြစ်စေခဲ့တာက မိုက်တိုင်ဆန်ဆိုတဲ့ နာမည်ကြောင့်ပါပဲ။ အဲ့ဒီခေတ်ကာလက သံမဏိမိုက်ကြီးဟာ ကမ္ဘာ့ဟဲဗီးဝိတ်တန်းရဲ့ ဘုရင်တစ်ဆူလို့ တင်စားနိုင်လောက်တဲ့အထိကို တန်ခိုးထွားခဲ့ပါတယ်။ မိုက်တိုင်ဆန်ဟာ အဲ့ဒီပွဲမှာ ဘရူနိုနဲ့ ထိုးခဲ့တာပါ။ ဘရူနိုဟာ ပြင်းထန်အားပါလှတဲ့ မိုက်တိုင်ဆန်ရဲ့လက်သီးချက်တွေအောက်မှာ သုံးချီသာ တောင့်ခံနိုင်ခဲ့ပြီး အလဲထိုးခံလိုက်ရပါတယ်။

နောက်ပိုင်းမှာ ဆက်တိုက်ဆိုသလို ဖြတ်သန်းဖြစ်ခဲ့တာက မိုက်တိုင်ဆန်နဲ့ဟိုလီဖီး ထိုးသတ်တဲ့ပွဲ၊ မိုက်တိုင်ဆန်က ဟိုလီဖီးရဲ့နားရွက်ကို ကိုက်ဖြတ်လိုက်တဲ့ သူတို့နှစ်ယောက်ရဲ့စိတ်မကျေပွဲ၊ မိုက်တိုင်ဆန်နဲ့ လင်းနော့ခ်လူးဝစ္စတို့ရဲ့စိန်ခေါ်ပွဲ၊ လင်းနော့ခ်လူးဝစ္စနဲ့ ဟိုလီဖီးတို့ရဲ့ အားပြိုင်ပွဲ၊ မထင်မရှား လက်ဝှေ့ကစားသမား ဟာဆင်ရာမန်က လင်းနော့ခ်လူးဝစ္စကို အလဲထိုးလိုက်တဲ့ပွဲ စတာတွေပါပဲ။ ဖြစ်ချင်တော့ မိုက်တိုင်ဆန်၊ ဟိုလီဖီး၊ လင်းနော့ခ်လူးဝစ္စနဲ့ ဟာဆင်ရာမန်တို့ နောက်ပိုင်းမှာတော့ ကမ္ဘာ့ဟဲဗီးဝိတ်တန်းက ဆွဲဆောင်အား လုံးဝနီးပါးကို ကင်းမဲ့သွားခဲ့ပါတယ်။ လောက်လောက်လားလား စူပါစတား လက်ဝှေ့ကစားသမားမျိုး ထွက်ပေါ်လာခြင်း မရှိတော့တာဟာ ကမ္ဘာ့ဟဲဗီးဝိတ်တန်း ပွဲစဉ်တွေကို ပရိသတ် စိတ်ဝင်စားမှု လျော့ကျသွားစေတဲ့ အဓိကအချက်ပါပဲ။

ဟဲဗီးဝိတ်တန်း လက်ဝှေ့ပွဲစဉ်တွေ အားလျော့သွားချိန်မှာ မထင်မှတ်ဘဲ ခေါင်းထောင်လာခဲ့တာက ဝယ်လ်တာဝိတ်တန်း ဖြစ်ပါတယ်။ မေဝယ်သာနဲ့ ပက်ကွီယာအိုတို့လို ကစားသမားကောင်းတွေ ထွက်ပေါ်ခဲ့ခြင်းဟာ ဝယ်လ်တာဝိတ်တန်း ချန်ပီယံ ရွှေခါးပတ်လုပွဲတွေကို တစ်ခေတ်ဆန်းသစ်စေခဲ့တာ အမှန်ပါပဲ။ မေဝယ်သာနဲ့ ပက်ကွီယာအိုတို့ ထိပ်တိုက်တွေ့ခဲ့တဲ့ပွဲစဉ် ဆိုရင် ကမ္ဘာ့စံချိန်တင် ထိုးသတ်ကြေး ပေးချေရတဲ့ ပွဲစဉ်အဖြစ် လုံးဝကို ဟိုလေးတကျော် ဖြစ်သွားခဲ့တာပါ။ ဒါပေမဲ့ မေဝယ်သာ ကစားသမားဘဝကနေ အနားယူသွားပြီးတဲ့ နောက်ပိုင်းမှာတော့ ဝယ်လ်တာဝိတ်တန်းရဲ့ ကမ္ဘာ့အဆင့် ရွှေခါးပတ်လုပွဲတွေက ပရိသတ်အာရုံကို ဖမ်းစားနိုင်မှု အားပျော့သွားခဲ့ပြန်ပါတယ်။ လက်ဝှေ့ပွဲစဉ်တွေကို ပရိသတ်တွေ ဘာလို့ အားမလိုအားမရ ဖြစ်နေတာလဲဆိုတဲ့ မေးခွန်းအတွက် အဖြေကတော့ ရှင်းရှင်းလေးပါပဲ။ အလဲထိုးရလဒ်တွေ မမြင်တွေ့ရတော့သလောက် ရှားပါးလာခြင်းဟာ ဒီဖြစ်စဉ်ရဲ့ အဓိကတရားခံပဲ ဖြစ်ပါတယ်။

နာမည်ကျော် လက်ဝှေ့ကစားသမား အများစုဟာ ဝါနဲ့သမ္ဘာကို အားပြုပြီး အမှတ်ဆုံးဖြတ်ချက်နဲ့ နိုင်ပွဲတွေ ရှာဖွေရယူနေတာကို ပရိသတ်က သိပ်ပြီး ဘဝင်မကျလှတော့ပါဘူး။ မေဝယ်သာ ဆိုရင်လည်း ကစားသမားဘဝကနေ အနားယူခါနီး ထိုးသတ်တဲ့ပွဲစဉ်တွေမှာ အမှတ်ဆုံးဖြတ်ချက်နဲ့ပဲ ပွဲဖြတ်ခဲ့လို့ ဝေဖန်မှုပေါင်းများစွာကို ရင်ဆိုင်ခဲ့ရပါတယ်။ နိုင်လောက်တဲ့ ပြိုင်ဘက်မျိုးကို ရွေးချယ်ခဲ့တဲ့ ပွဲစဉ်တွေမှာတောင် မေဝယ်သာက ဖွင့်မထိုးခဲ့တဲ့အတွက် သူသာ နိုင်သွားတယ်၊ ပရိသတ်က လက်ဝှေ့ပွဲရဲ့ ရသကို အပြည့်အဝ မရရှိခဲ့တဲ့ပွဲစဉ်တွေ အများကြီးပါပဲ။ ဒီအချိန်မှာ ပရိသတ်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မယ့် လူငယ်လက်ဝှေ့ကစားသမား တစ်ယောက် ကမ္ဘာ့ဟဲဗီးဝိတ်တန်းမှာ ထွက်ပေါ်လို့ လာခဲ့ပါတယ်။ သူကတော့ ဗြိတိန်နိုင်ငံသား ဂျိုရွှာပါပဲ။

ဂျိုရွာဟာ ၂၀၁၂ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ လန်ဒန်အိုလံပစ်ကနေ ထွက်ပေါ်လာခဲ့သူ ဖြစ်ပါတယ်။ လက်ဝှေ့အားကစားနည်းရဲ့ ဆူပါဟဲဗီးဝိတ်တန်းမှာ ဗြိတိန်အတွက် ရွှေတံဆိပ်ဆု ဆွတ်ခူးရယူပေးပြီး ဂျိုရွှာက ထင်ပေါ်လာခဲ့တာပါ။ လန်ဒန်အိုလံပစ်ပြိုင်ပွဲအပြီး တစ်နှစ်နီးပါးအကြာ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှာတော့ ဂျိုရွှာက ပရော်ဖက်ရှင်နယ် လက်ဝှေ့လောကထဲကို ကူးပြောင်းဝင်ရောက်လို့ လာခဲ့ပါတယ်။ ပရော်ဖက်ရှင်နယ် လောကဆီ ရောက်လာအပြီးမှာ ဂျိုရွှာ ပထမဆုံး ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဘက်က အီတလီ လက်ဝှေ့ကစားသမား အီယန်ယူလီ လီယိုပါပဲ။ အဲ့ဒီပွဲစဉ်ကို ဂျိုရွှာက ပထမအချီမှာတင် အလဲထိုးပြီး ပွဲဖြတ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ပေါလ်ဘတ်လင်၊ ကီဆီဆက်ခ်၊ ဒိုရီယန်ဒါးခ်ျ၊ ဟက်တာအေဗီလာ၊ မတ်လက်ဂ်ျ အစရှိတဲ့ ပြိုင်ဘက်တွေကို ဂျိုရွှာက ဆက်လက်ရင်ဆိုင်ခဲ့ပြီး ပွဲအားလုံးကို အလဲထိုးရလဒ်တွေနဲ့ချည်း အနိုင်ယူပြခဲ့ပြန်ပါတယ်။ အခုဆိုရင် ဂျိုရွှာက ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ဖြတ်သန်းမှုအတွင်း ပွဲစဉ်ပေါင်း ၁၈ ပွဲ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီးပြီ ဖြစ်သလို IBF ဟဲဗီးဝိတ်တန်း ရွှေခါးပတ်ကိုလည်း ဆွတ်ခူးရရှိထားပါပြီ။ အဲ့ဒီ ၁၈ ပွဲလုံးကို အလဲထိုးရလဒ်တွေနဲ့ချည်း ကျော်ဖြတ်ပြနိုင်ခဲ့တာက ဂျိုရွှာရဲ့ အမှတ်အသားတစ်ခုပါပဲ။ ဒါကြောင့်လည်း အခုလို အချိန်တိုအတွင်းမှာတင် WBA နဲ့ IBO ရွှေခါးပတ်တွေအတွက် ကမ္ဘာ့ဟဲဗီးဝိတ်တန်း ချန်ပီယံဟောင်းတစ်ဦးဖြစ်သူ ယူကရိန်းနိုင်ငံသား ကလစ်ရှ်ကိုနဲ့ ထိုးသတ်ဖို့ ဂျိုရွှာက ကမ်းလှမ်းခံလိုက်ရတာပါ။

တကယ်တမ်းပြောရရင် ဂျိုရွှာဟာ စိုင်ကော်လို့ ချုံပေါ်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။ ပုံမှန်အတိုင်းဆိုရင် ကမ္ဘာ့ချန်ပီယံတစ်ဦးနဲ့ ယှဉ်ပြိုင်ထိုးသတ်ခွင့်ရဖို့အတွက် ဂျိုရွှာက နောက်ထပ် နှစ်အနည်းငယ်လောက် စောင့်ဆိုင်းကောင်း စောင့်ဆိုင်းရဦးမှာပါ။ ဒါပေမဲ့ ဗြိတိန်လက်ဝှေ့ကစားသမား တိုင်ဆန်ဖျူရီတစ်ယောက် ကမ္ဘာ့ချန်ပီယံဖြစ်ပြီးမှ ဗွေဖောက်သွားခဲ့တဲ့အတွက် အခွင့်အရေးက ဂျိုရွှာဆီ ဖုတ်သွင်းရထားဆိုက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဂျိုရွှာအတွက်တော့ မဟာ့မဟာ ကံကောင်းမှုကြီးဆိုရင် မမှားနိုင်ပါဘူး။ တိုင်ဆန်ဖျူရီဟာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၈ နေ့တုန်းက ကလစ်ရှ်ကိုနဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ ပွဲစဉ်မှာ အမှတ်နဲ့ အနိုင်ရရှိပြီး ကမ္ဘာ့ဟဲဗီးဝိတ်တန်း ချန်ပီယံ ရွှေခါးပတ်တွေကို ပိုင်ဆိုင်ရရှိခဲ့တာပါ။ ဒါပေမဲ့ အဲ့ဒီပွဲစဉ်အပြီးမှာ တားမြစ်ဆေး ပြဿနာနဲ့ စိတ်ကျရောဂါ ပြဿနာတွေ ဖြစ်ပေါ်လာခဲ့လို့ တာဝန်ရှိသူတွေက တိုင်ဆန်ဖျူရီရဲ့ လက်ဝှေ့ထိုးသတ်ခွင့် လိုင်စင်နဲ့အတူ သူဆွတ်ခူးရရှိထားတဲ့ ကမ္ဘာ့ဟဲဗီးဝိတ်တန်း ချန်ပီယံ ရွှေခါးပတ်အားလုံးကို ရုပ်သိမ်းပစ်ခဲ့ပါတယ်။ အချိန်ကာလအားဖြင့် ပြောရမယ်ဆိုရင် ကလစ်ရှ်ကိုနဲ့ စိတ်မကျေပွဲထိုးသတ်ဖို့အတွက် ပြင်ဆင်နေချိန်မှာ တိုင်ဆန်ဖျူရီက အဲ့ဒီပြဿနာတွေနဲ့ ရင်ဆိုင်လိုက်ရတာပါ။ WBA နဲ့ IBO တို့ဟာ တိုင်ဆန်ဖျူရီဆီကနေ ရွှေခါးပတ်တွေကို ရုပ်သိမ်းလိုက်ပြီးတဲ့နောက် သူတို့ရဲ့ ဟဲဗီးဝိတ်တန်းအတွက် ချန်ပီယံလစ်လပ်အဖြစ် သတ်မှတ်လိုက်ပြီး အခုထိုးသတ်မယ့် ဂျိုရွှာနဲ့ ကလစ်ရှ်ကိုတို့ရဲ့ပွဲစဉ်က အနိုင်ရတဲ့သူဟာ WBA နဲ့ IBO ဟဲဗီးဝိတ်တန်းတွေအတွက် ချန်ပီယံသစ် ဖြစ်ခွင့်ရလာတော့မှာလည်း ဖြစ်ပါတယ်။

ပွဲစီစဉ်သူတွေဟာ တိုင်ဆန်ဖျူရီနဲ့ ကလစ်ရှ်ကိုတို့ရဲ့စိတ်မကျေပွဲ ပွဲပျက်သွားပြီးကတည်းက ကလစ်ရှ်ကိုနဲ့ ထိုးသတ်နိုင်လောက်မယ့် ပြိုင်ဘက်တစ်ဦးကို လိုက်လံရှာဖွေခဲ့တာပါ။ ဂျိုရွှာကို သူတို့မျက်စိကျဖို့ အကြောင်းဖန်သွားတာက IBF ဟဲဗီးဝိတ်တန်း ရွှေခါးပတ်လုပွဲကြောင့်ပါပဲ။ အဲ့ဒီပွဲစဉ်မှာ ဂျိုရွှာက အမေရိကန် လက်ဝှေ့ကစားသမား ချာလက်စ်မာတင်ကို ဒုတိယမြောက်ပွဲချီမှာတင် အလဲထိုး အနိုင်ယူပြီး IBF ရွှေခါးပတ်ကို ဆွတ်ခူးရယူသွားခဲ့ပါတယ်။ 
ပွဲစဉ်အပြီးမှာ ကလစ်ရှ်ကိုရဲ့ ပွဲစီစဉ်သူတွေက ဂျိုရွှာရဲ့ ပွဲစီစဉ်သူတွေနဲ့ လာရောက်တွေ့ဆုံခဲ့ပေမယ့် အခွင့်အရေးကိုတော့ ချက်ချင်းကြီး ပေးမသွားခဲ့ပါဘူး။ ဂျိုရွှာသာ ရရှိထားတဲ့ IBF ရွှေခါးပတ်ကို နှစ်ကြိမ်တိုင် အောင်အောင်မြင်မြင် ကာကွယ်ပြနိုင်မယ်ဆိုရင် ကလစ်ရှ်ကိုနဲ့ ထိုးသတ်ခွင့် ရစေရမယ်လို့ပဲ သူတို့က နှုတ်ကတိပေးသွားခဲ့တာပါ။ ဒါပေမဲ့ ဂျိုရွှာဟာ ရရှိလာတဲ့ အခွင့်အရေးတစ်ရပ် လက်လွတ်မသွားရစေဖို့အတွက် အကောင်းဆုံး သက်သေပြနိုင်ခဲ့ပါတယ်။ IBF ရွှေခါးပတ်ကာကွယ်ပွဲ နှစ်ပွဲမှာ အမေရိကန် လက်ဝှေ့ကစားသမားတွေ ဖြစ်ကြတဲ့ ဘရီအာဇီလီနဲ့ အီရစ်မိုလီနာတို့ကို အလဲထိုးရလဒ်တွေနဲ့ ဆက်လက်အနိုင်ယူပြီး ဂျိုရွှာက ကလစ်ရှ်ကိုနဲ့ ထိုးသတ်ခွင့်ကို အရယူခဲ့တာပါ။

ယူကရိန်း လက်ဝှေ့သမားကြီး ကလစ်ရှ်ကိုကတော့ ကမ္ဘာ့လက်ဝှေ့လောကမှာ နာမည်ကောင်းတစ်ခု စိုက်ထူပိုင်ဆိုင်ပြီးသား ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း လက်ဝှေ့ပွဲစဉ်ပေါင်း ၂၂ ပွဲကို ဆက်တိုက်အနိုင်ရယူနိုင်ခဲ့တာက ကလစ်ရှ်ကိုရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ဖြတ်သန်းမှုအတွင်း အအောင်မြင်ဆုံး ကာလပါပဲ။ ၁၉၉၆ ခုနှစ် အတ္တလန္တာ အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ရယူနိုင်ခဲ့တဲ့ ကလစ်ရှ်ကိုရဲ့ အဲ့ဒီ ၁၂ နှစ်ကြာ နိုင်ပွဲဆက်ခဲ့မှုကို တိုင်ဆိုင်ဖျူရီက အဆုံးသတ်ပစ်ခဲ့တာပါ။ ကလစ်ရှ်ကိုဟာ ပရော်ရှင်နယ် လက်ဝှေ့ပွဲပေါင်း ၆၈ ပွဲ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာမှာ ၆၄ ပွဲ အနိုင်ရရှိပြီး လေးပွဲတည်းသာ ရှုံးနိမ့်ထားသူပါ။ အနိုင်ရခဲ့တဲ့ ၆၄ ပွဲမှာ ၅၃ ပွဲကို ကလစ်ရှ်ကိုက အလဲထိုးရလဒ်တွေနဲ့ အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပရိသတ်တွေဟာ အခုထိုးသတ်မယ့် ဂျိုရွှာနဲ့တစ်ကြိမ်က လွဲပြီး ရှေ့ပွဲစဉ်တွေမှာ ကလစ်ရှ်ကိုရဲ့ ပြိုင်ဘက်ရွေးချယ်မှုကို သဘောမကျခဲ့ပါဘူး။ ကလစ်ရှ်ကိုဟာ ကမ္ဘာ့ဟဲဗီးဝိတ်တန်း ချန်ပီယံ ရွှေခါးပတ်ဆုတွေ လက်လွတ်မသွားစေဖို့အတွက် နိုင်လောက်တဲ့ ပြိုင်ဘက်မျိုးတွေကိုသာ ရွေးချယ်ထိုးသတ်နေတယ်လို့ ပရိသတ်တွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြဖူးပါတယ်။ အခုတစ်ကြိမ်မှာတောင် ရှေ့ကပွဲစဉ်တုန်းက တိုင်ဆန်ဖျူရီကို ရှုံးနိမ့်ခဲ့တဲ့အတွက် မတတ်သာတဲ့ အခြေအနေမျိုး ဖြစ်သွားလို့ ဂျိုရွှာကို ပြိုင်ဘက်အဖြစ် ကလစ်ရှ်ကိုက လက်ခံလိုက်တာလို့ ပရိသတ်တွေ သုံးသပ်ထားတာပါ။

ဂျိုရွာကို လက်ဝှေ့အားကစားအကဲဖြတ်တွေက ဒုတိယမြောက် မိုဟာမက်အလီလို့ တင်စားထားပါတယ်။ ဂျိုရွှာရဲ့ ခြေအနုတ်အသိမ်းနဲ့ လက်သီးပစ်လွှတ်မှု မြန်ဆန်ခြင်းတွေဟာ မိုဟာမက်အလီ ထိုးသတ်ခဲ့ပုံတွေကို အမှတ်တရ ဖြစ်စေတာတော့ အမှန်ပါပဲ။ ပွဲအစ ပထမအချီကတည်းက ပြိုင်ဘက်ကို အလဲထိုးဖို့ ကြိုးပမ်းတတ်လေ့ ရှိတာကလည်း ဂျိုရွှာကို ပရိသတ်တွေ သဘောကျတဲ့ အဓိက အချက်တွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ဂျိုရွှာရဲ့ အားနည်းချက်က ပြိုင်ပွဲအတွေ့အကြုံ နည်းပါးလွန်းနေတာပါပဲ။ ဝါရင့်ကြီး ကလစ်ရှ်ကိုကသာ ပွဲချီ ကြာသထက်ကြာအောင် ဆွဲခေါ်သွားခဲ့ရင် ဂျိုရွှာ အကျပ်ရိုက်သွားနိုင်ခြေ ရှိပါတယ်။ ဂျိုရွှာဟာ ထိုးသတ်ခဲ့သမျှ ပွဲစဉ်တိုင်းကို အလဲထိုးရလဒ်တွေနဲ့ အပြတ်ဖြတ်နိုင်ခဲ့တာ ဖြစ်လို့ ပွဲချီကြာလာရင် သည်းခံနိုင်စွမ်းကုန်ဆုံးပြီး ဖွင့်ထိုးတာမျိုး လုပ်ပစ်လိုက်မှာ ကြောက်ရပါတယ်။ ဒါဟာ သူ့ရဲ့အားသာချက်က သူ့အတွက် ဒဏ်ပြန်ဖြစ်သွားနိုင်တဲ့ အခြေအနေတစ်ရပ်ပါပဲ။

အသက် ၄၁ နှစ်အရွယ်ရှိတဲ့ ကလစ်ရှ်ကိုဟာ ကြံ့ခိုင်မှုနဲ့ သက်လုံပိုင်းဆိုင်ရာ ကျဆင်းလာခဲ့ပါပြီ။ တိုင်ဆန်ဖျူရီနဲ့ပွဲစဉ် ထိုးသတ်ဖို့အတွက် ပြင်ဆင်နေချိန်တုန်းက ဒဏ်ရာပြဿနာတွေ မကြာခဏ ဖြစ်ပေါ်ခဲ့လို့ ကလစ်ရှ်ကို အကျပ်ရိုက်ခဲ့ရတာကို မမေ့သင့်ပါဘူး။ တစ်ချို့သော ပရိသတ်တွေကဆိုရင် လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက် ကတည်းက ကလစ်ရှ်ကိုဟာ အနားယူလိုက်သင့်ပြီလို့ ထောက်ပြခဲ့ဖူးပါတယ်။ ဂျိုရွှာနဲ့ ကလစ်ရှ်ကိုတို့ဟာ ခန္ဓာကိုယ် ဖွဲ့စည်းထားပုံချင်းလည်း မတူပါဘူး။ ဂျိုရွှာက ဟဲဗီးဝိတ်တန်း လက်ဝှေ့ကစားသမား ဆိုပေမယ့် ခန္ဓာကိုယ်က ကျစ်လျစ်ပါတယ်။ ကလစ်ရှ်ကိုကတော့ ခန္ဓာကိုယ် အရွယ်အစား ကြီးကြီးမားမားနဲ့ လူ့ဘီလူးကြီးတစ်ယောက်ပါ။ ဒီပွဲဟာ ကလစ်ရှ်ကို အတွက်တော့ မနိုင်မဖြစ် အနိုင်ထိုးရမယ့် ပွဲစဉ်မျိုးပါပဲ။ ဘာကြောင့်လဲဆိုတော့ ပွဲစဉ်အတွက် စာချုပ်ချုပ်ဆိုတဲ့နေရာမှာ ကလစ်ရှ်ကို ရှုံးနိမ့်ခဲ့ရင် စိတ်မကျေပွဲ ထိုးသတ်ခွင့်အတွက် ပြန်လည်စိန်ခေါ်ခွင့်မရှိဆိုတဲ့ အချက်တစ်ခုကို ထည့်သွင်းထားလို့ပဲ ဖြစ်ပါတယ်။ ဂျိုရွှာကတော့ ကံဆိုးလို့ ရှုံးနိမ့်ခဲ့ရင်တောင် စိတ်မကျေပွဲထိုးသတ်ဖို့အတွက် အခွင့်အရေးတစ်ရပ် ပိုင်ဆိုင်ထားပြီးသားပါ။

ကလစ်ရှ်ကိုဟာ ဂျိုရွှာမတိုင်ခင်မှာ ဗြိတိန်လက်ဝှေ့ကစားသမား နှစ်ယောက်ကို ရင်ဆိုင်ခဲ့ဖူးပြီးပါပြီ။ အဲ့ဒီကစားသမားတွေက ဒေးဗစ်ဟေယီနဲ့ တိုင်ဆန်ဖျူရီတို့ပါပဲ။ ကလစ်ရှ်ကိုဟာ ဒေးဗစ်ဟေယီနဲ့ တိုင်ဆန်ဖျူရီတို့ နှစ်ယောက်လုံးကို ပွဲချီ ၁၂ ချီပြည့်တဲ့အထိ ယှဉ်ပြိုင်ခဲ့ရပြီး ဒေးဗစ်ဟေယီကိုတော့ အမှတ်ဆုံးဖြတ်ချက်နဲ့ အနိုင်ရခဲ့ဖူးပါတယ်။ ကလစ်ရှ်ကိုနဲ့ ဂျိုရွှာတို့ရဲ့ပွဲစဉ်ကို ပရိသတ်တွေ စိတ်ဝင်စားမှု များပြားလွန်းတာကြောင့် ပွဲစီစဉ်သူတွေက ထိုးသတ်မယ့်နေရာအဖြစ် ပရိသတ်ကိုးသောင်း လာရောက်ကြည့်ရှုနိုင်မယ့် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့က ၀င်ဘလေကွင်းကြီးကို ရွေးချယ်ထားပါတယ်။ ဝါရင့်ကြီး ကလစ်ရှ်ကိုက လူငယ်လေး ဂျိုရွှာကို ပညာပေးပြီး ကမ္ဘာ့ဟဲဗီးဝိတ်တန်းချန်ပီယံရွှေခါးပတ်တွေကို တစ်ကျော့ပြန်လည် သိမ်းပိုက်သွားလေမလား ဒါမှမဟုတ် ဂျိုရွှာကပဲ သူ့ရဲ့အလဲထိုးစံချိန် မှတ်တမ်းကောင်းကို ဆက်လက်ထိန်းသိမ်းပြီး ကမ္ဘာ့ဟဲဗီးဝိတ်တန်းရဲ့ချန်ပီယံသစ်ဖြစ်လာလေမလားကို လာမယ့် ဧပြီလ ၃၀ ရက်နေ့ မြန်မာစံတော်ချိန် နံနက်သုံးနာရီခွဲဝန်းကျင်မှာ မြင်တွေ့ရတော့မှာပါပဲ။

IBF၊ WBA နှင့် IBO ကမ္ဘာ့ဟဲဗီးဝိတ်တန်း ချန်ပီယံရွှေခါးပတ်လုပွဲ
-------------------------------------------------------------------
ကလစ်ရှ်ကို(ယူကရိန်း) - ဂျိုရွှာ(ဗြိတိန်)
ကလစ်ရှ်ကိုအတွက် နိုင်ခြေအလေးပေးချက် - ၁၅ လေး ၈ လေး
ဂျိုရွှာအတွက် နိုင်ခြေအလေးပေးချက် - ၂ လေး ၅ လေး
သရေကျနိုင်ခြေ အလေးပေးချက် - ၃၃ လေး ၁ လေး
လက်ဝှေ့ပွဲကျင်းပမည့်နေရာ - ဝင်ဘလေဘောလုံးကွင်း၊ လန်ဒန်မြို့
ကွင်းဝင်ဆံ့ပရိသတ်အရေအတွက် - ၉၀,၀၀၀
လက်ဝှေ့ပွဲစတင်မည့်အချိန် - မြန်မာစံတော်ချိန် ၃၀-၄-၂၀၁၇၊ နံနက် ၃း၃၀ နာရီဝန်းကျင်