News

POST TYPE

ARTICLE

ပိတ်ပင်မှုများကြားက ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်သည့် မြောက်ကိုရီးယား ဒုံးကျည်များ
Bertil Lintner ရေးသားပြီး ဇေဝင်းနောင် ဘာသာပြန်ဆိုသည်။

ကုလသမဂ္ဂက ပိတ်ပင်ထားသော်လည်း အရှေ့တောင်အာရှ အပါအဝင် ပြည်ပနိုင်ငံများသို့ လက်နက်တင်ပို့ ရောင်းချမှုများသည် ကင်ဂျုံအန်း အစိုးရနှင့် နျူကလီးယား စီမံကိန်းကို ဘဏ္ဍာရေးအရ အသက်ဆက်ပေးနေသည်။

တစ်ကိုယ်တော် မြောက်ကိုရီးယားအစိုးရ၏ မြို့တော် ပြုံယမ်း လက်နက်ကြီး စီတန်းလှည့်လည်ပွဲအပြီး နောက်တစ်ရက်အကြာ ဧပြီလ ၁၆ ရက်နေ့ ဒုံးကျည်စမ်းသပ်မှု မအောင်မမြင် ဖြစ်ခဲ့ခြင်းမှာ ကမ္ဘာပေါ်တွင် နောက်ဆုံးကျန်သည့် အပယ်ခံ အစိုးရတစ်ရပ်၏ တိုးပွားလာသော ရန်လိုမှုများအပေါ် ပူပန်နေသည့် အနောက်ကမ္ဘာမှ လေ့လာစောင့်ကြည့်သူများအတွက် စိတ်သက်သာရာရစရာ ဖြစ်ကောင်းဖြစ်နိုင်သည်။ 

မည်သည့် ဒုံးကျည်အမျိုးအစား ချွတ်ယွင်းသွားသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း  ကိုရီးယားကျွန်းဆွယ် အရှေ့မြောက်ကမ်းရိုးတန်းရှိ စမ်းသပ်စခန်းမှ ပစ်လွှတ်လိုက်သော ဒုံးကျည် စက္ကန့်ပိုင်းအတွင်း ပေါက်ကွဲသွားခဲ့သည်ဟုတော့ အတည်ပြုနိုင်သည်။ ထိုဖြစ်ရပ်မှာ ခဏတာ စိတ်သက်သာရာရစရာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ရှေ့တစ်ရက်က စီတန်းလှည့်လည်ခဲ့သော ဒုံးကျည်လက်နက် အစုစုကို ကြည့်လျှင် ပြုံယမ်းသည် ပျက်သွားသော၊ ပေါက်ကွဲသွားသော ဒုံးကျည်တစ်စင်းအပြင် နောက်ထက် ဒုံးကျည်သစ် အမျိုးစုံလင်စွာ ဖန်တီးထားနိုင်သည် ဆိုခြင်းကတော့ သေချာနေသည်။

ထိုဒုံးကျည်များထဲမှ အဆင့်အမြင့်ဆုံးမှာ Taepodong 2 ဖြစ်ပြီး ကီလိုမီတာ ၆၇၀၀ မှ ၉ ၀၀၀ အထိ ရောက်အောင် ပစ်လွှတ်နိုင်မည့် အလားအလာရှိရာ အပြည့်အဝ ဖန်တီးနိုင်ခဲ့လျှင် အမေရိကန်ပြည်ထောင်စု အနောက်ဘက်ကမ်းအထိ ရောက်အောင်ပစ်ဖို့ ကြံစည်စိတ်ကူးနိုင်မည် ဖြစ်သည်။ မြောက်ကိုရီးယား၏ ဒုံးကျည်ရောက်ရှိနိုင်သည့် အကွာအဝေး ချဲ့ထွင်ရေး ကြိုးပမ်းမှုကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြုံယမ်းအစိုးရအပေါ် မဟာဗျူဟာမြောက် ခြိမ်းခြောက်မှုများ တိုးမြှင့်လုပ်ဆောင်လာခြင်း ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး ပိတ်ဆို့မှုများ၊ စီးပွားရေး လုံးဝနီးပါး ပြိုလဲမှုနှင့် နေရာအနှံ့ အငတ်ဘေးဆိုက်သည့် နှစ်ကာလများသည် နိုင်ငံ၏ လက်ဦးမှုယူ ကာကွယ်ရေးနှင့် ပို့ကုန်အတွက် မောင်းနှင်အားဖြစ်သော ဒုံးကျည်ထုတ်လုပ်ရေး စီမံကိန်းများကို ဟန့်တားနိုင်ခဲ့ခြင်း မရှိပေ။

စစ်ဘက်ကိရိယာများ တင်ပို့မှုကို ကုလသမဂ္ဂက ပိတ်ပင်ထားသော်လည်း မြောက်ကိုရီးယားသည် ဒုံးကျည်အစိတ်အပိုင်းများနှင့် ဆက်စပ်နည်းပညာများ ပြည်ပသို့ တင်ပို့ရောင်းချခြင်းမှ ဝင်ငွေအမြောက်အမြား ရရှိခဲ့ပြီး ဖြစ်သလို ရရှိနေဆဲဖြစ်သည်။

ထိုပို့ကုန်များက ကင်ဂျုံအန်းအစိုးရ အသက်ဆက်ဖို့ ကူညီပေးနေသလို ပိုပိုပြီး အန္တရာယ် ကြီးလာသော နျူစီမံကိန်းအတွက် ဘဏ္ဍာရေးရင်းမြစ် ဖြစ်နေသည်ဟု အများက ယုံကြည်ထားကြသည်။ နှစ်များစွာအတွင်း ပြုံယမ်း၏ စစ်လက်နက်ပစ္စည်းနှင့် ဒုံးကျည်ဖောက်သည်များထဲတွင် အီရန်၊ အီဂျစ်၊ ပါကစ္စတန်၊ လစ်ဗျား၊ ဆီးရီးယား၊ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE)၊ အန်ဂိုလာ၊ ဗီယက်နမ်၊ မြန်မာတို့ ပါဝင်သည်။

သို့သော်လည်း မကြာသေးမီနှစ်များအတွင်း မြောက်ကိုရီးယားသည် ပါကစ္စတန်၊ လစ်ဗျား၊ ဆီးရီးယားတို့ အပါအဝင် သူ၏ အရေးအပါဆုံး ဒုံးကျည်ဖောက်သည်အချို့ကို ဆုံးရှုံးခဲ့ရသည်။ ပါကစ္စတန်သည် ၂၀၀၁ ခုနှစ်တွင် အာဖဂန်သို့ ဝင်ရောက်ခဲ့သော အမေရိကန်နှင့် ပိုမိုနီးစပ်သွားခဲ့သည်။ ၂၀၁၁ တွင် လစ်ဗျား၌ ကာလရှည်ခေါင်းဆောင် မွမ်မာကဒါဖီ ဖယ်ရှားခံခဲ့ရသည်။ ဆီးရီးယားမှာမူ ပြည်တွင်းစစ်ကြောင့် အစိတ်စိတ်အမြွှာမြွှာ ကွဲနေသည်။

သိရှိရသရွေ့ UAE နိုင်ငံကလည်း မြောက်ကိုရီးယား Hwasong ဒုံကျည်များ အရည်အသွေးကို စိတ်တိုင်းမကျသောကြောင့် ဂိုထောင်ထဲမှာ ဖုန်တက်ခံ ပစ်ထားလိုက်ပြီး အမေရိကန်လုပ် ဒုံးကျည်များနှင့် အစားထိုးလိုက်သည်ဟု ဆိုသည်။ အစောပိုင်းကာလ အန်ဂိုလာ၊ ဗီယက်နမ်တို့နှင့် ဒုံးကျည်ထုတ်လုပ်ရေး ပူးပေါင်းဆောင်ရွက်မှုများမှာလည်း ရပ်ဆိုင်းသွားခဲ့ပြီး ထိုနှစ်နိုင်ငံစလုံးက မြောက်ကိုရီးယားနှင့် သံတမန်ရေးအရပါ ဝေးဝေးလာခဲ့ကြသည်။

ဧပြီလ ၁၅ ရက်နေ့က ပြုံယမ်း စီတန်းလှည့်လည်ပွဲတွင် ရေငုပ်သင်္ဘောမှ ပစ်လွှတ်နိုင်သော ပဲ့ထိန်းဒုံးကျည်များနှင့် မြေပြင်မှ ပစ်လွှတ်နိုင်သော တာလတ်နှင့် တာဝေးပစ်ဟု ယူဆရသည့် Pukguksong-2 သို့မဟုတ် KN-15 ဒုံးကျည်များကို ပထမဆုံးအကြိမ် ပြသခဲ့သည်။  ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ထရမ့်နှင့် ရှင်ဇိုအာဘေးတို့ ဖလော်ရီဒါရှိ ထရမ့်၏ ဂေါက်ကွင်းအပန်းဖြေစခန်းတွင် တွေ့ဆုံနေချိန်၌ ယင်းဒုံးကျည်မျိုးကွဲ တစ်မျိုးကို မြောက်ကိုရီးယားက ပစ်လွှတ်စမ်းသပ်ခဲ့ဖူးသည်။

အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့သော အဆိုပါ ဒုံးကျည်သည် ကိုရီးယားကမ်းရိုးတန်း အရှေ့ဘက် ကီလိုမီတာ ၅၀၀ အကွာ ပင်လယ်တွင်းသို့ ကျဆင်းမသွားမီ ကီလိုမီတာ ၅၅၀ အမြင့်အထိ ရောက်ရှိခဲ့သည်။ မြောက်ကိုရီးယားသည် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များကို ဆိုဗီယက် ပညာရှင်များ အကူအညီဖြင့် လွန်ခဲ့သော နှစ် ၅၀ ကျော်ကတည်းက စတင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း လုံးဝ အကြမ်းထည်မျှသာ ဖြစ်ပြီး ၁၉၇၁ ခုနှစ်တွင် တရုတ်နှင့် ကာကွယ်ရေး သဘောတူစာချုပ် လက်မှတ်ထိုးပြီး နောက်ပိုင်းတွင်မှ ထိုလုပ်ငန်းနယ်ပယ် ပီပီပြင်ပြင် ဖြစ်လာခဲ့သည်။ မြောက်ကိုရီးယားသည် မမျှော်လင့်ထားသော ကွန်မြူနစ် မဟုတ်သည့် မိတ်ဖက်အချို့၏ အကူအညီဖြင့် တိုးပွားလာသော ဒုံးကျည်အင်အားစုကို ပုံကျပန်းကျ ဖန်တီး၊ ချိန်ညှိနိုင်စွမ်း ရှိလာခဲ့သည်။ ပထမဆုံး ကူညီပေးသည်က အီဂျစ် ဖြစ်သည်။ ၁၉၇၃ အစ္စရေးနှင့် စစ်ပွဲတွင် မြောက်ကိုရီးယားက ကိုင်ရို (အီဂျစ်) လေတပ်အတွက် လေယာဉ်မှူးများ ကူညီပေးခဲ့ဖူးသည်။ အပြန်အလှန် အနေနှင့် အီဂျစ်က ဆိုဗီယက်ထံမှ ရသော FROG-7B ဒုံးကျည်နှင့် လောင်ချာအနည်းအကျဉ်း မြောက်ကိုရီးယားကို လွှဲပြောင်းပေးခဲ့သည်။ ၁၉၈၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် အီဂျစ်က မြောက်ကိုရီးယားကို ဆိုဗီယက်လုပ် SCUD B ဒုံးကျည်များ ပေးအပ်ခဲ့သည်။ ထိုဒုံးကျည်တို့ကို မြောက်ကိုရီးယားက စမ်းသပ်ပစ်လွှတ်ခဲ့ခြင်း မရှိဘဲ အသစ်တည်ဆောက်ထားသည့် ကာကွယ်ရေးပစ္စည်း စက်ရုံများတွင် ပုံတူးကူး ထုတ်လုပ်ရန် နမူနာပစ္စည်းအဖြစ် အသုံးချခဲ့သည်။

နောက်တစ်နိုင်ငံက ပါကစ္စတန်ဖြစ်သည်။ ၁၉၇၀ ပြည့်လွန်နှစ်များ အစောပိုင်းကာလ၊ အရှေ့ပါကစ္စတန်က ခွဲထွက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖြစ်လာသောကြောင့် အိန္ဒိယနှင့် ပါကစ္စတန် တင်းမာမှု အမြင့်ဆုံး ရောက်နေချိန်တွင် ပါကစ္စတန်က သမားရိုးကျလက်နက်များ ဝယ်ယူရန် ပြုံယမ်းကို ချဉ်းကပ်ခဲ့သည်။ (သမားရိုးကျလက်နက် ဆိုသည်မှာ အဏုမြူ၊ ဓာတု၊ ဇီဝလက်နက်တို့ကဲ့သို့ လူအစုလိုက် အပြုံလိုက် သေကြေပျက်စီးနိုင်သည့် လက်နက်မျိုး မဟုတ်သော စစ်ပွဲများတွင် အများလက်ခံ သုံးစွဲသည့် ဖောက်ခွဲရေး လက်နက်များကို ဆိုလိုသည်။)

မကြာမီပင် ပါကစ္စတန်၏ အဝယ်စာရင်းတွင် ပိုမိုအဆင့်မြင့်သော လက်နက်များ တွေ့လာခဲ့ရသည်။ မြောက်ကိုရီးယား၏ Rodong ဒုံးကျည်ကို မွမ်းမံထားသော Gauri ဟု အမည်ပေးထားသော ဒုံးကျည်ကို ၁၉၉၈ ခုနှစ် ဧပြီတွင် ပထမဆုံး စမ်းသပ်ခဲ့သည်။ အီရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများမှလည်း Shehab ဒုံးကျည်စနစ် ပေါ်ပေါက်လာခဲ့ပြီး အလားတူဒီဇိုင်းများကိုပင် အခြေခံထားခြင်း ဖြစ်သည်။

မကြာသေးမီနှစ်ပိုင်း အတွင်းတွင်တော့ မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံ၏ ထိုစဉ်က စစ်အစိုးရ (တပ်မတော်အစိုးရ) သည် ဒုံးကျည်ထုတ်လုပ်ရေး စီမံချက်များ ပါဝင်သော ကာကွယ်ရေး သဘောတူစာချုပ် တစ်ခုကို ၂၀၀၈ ခုနှစ်က ချုပ်ဆိုခဲ့သည်။ သို့သော်လည်း ယင်းပူးပေါင်းဆောင်ရွက်မှု အဆင့်အတန်းကို ရှင်းရှင်းလင်းမသိရပေ။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင်မူ စစ်ဗိုလ်ချုပ်ကြီးဟောင်း ထိုစဉ်ကသမ္မတ ဦးသိန်းစိန်က မြောက်ကိုရီးယားနှင့် ထိုသို့သော ဆက်ဆံရေးမျိုးရှိသည် ဆိုသော စွပ်စွဲချက်များမှာ အခြေအမြစ်မရှိဟု ကြေညာခဲ့သည်။

၂၀၁၃ ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံသို့ မြောက်ကိုရီးယားလက်နက်များ တရားမဝင် ကုန်သွယ်မှုတွင် ပါဝင်ပတ်သက်သည်ဟု ဆိုကာ က.ပ.စ (Directorate of Defense Industries) အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် ဘဏ္ဍာရေးဌာနက အရေးယူ ပိတ်ဆို့ခဲ့သည်။

“နိုင်ငံတကာ အသိုင်းအ၀ိုင်းသည် မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည် ပြန့်ပွားရေး လှုပ်ရှားမှုများကို ထပ်တလဲလဲ  ပြစ်တင်ရှုတ်ချခဲ့ပြီးဖြစ်ကာ မကြာသေးမီကလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂၀၈၇ နှင့် ၂၀၉၄ တို့ဖြင့် ထုတ်ဖော်ခဲ့ပြီး ဖြစ်သည်။ မြောက်ကိုရီးယား၏ လက်နက်ကုန်သွယ်မှုသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်သော ၎င်း၏ တရားဝင် ပိတ်ပင်ခံထားရသည့်  နျူကလီးယားနှင့် ဒုံးကျည်စီမံကိန်းများ တိုးချဲ့အားကောင်းစေရေးအတွက် အရေးပါသော ဝင်ငွေရင်းမြစ်တစ်ရပ်အဖြစ် ပံ့ပိုးပေးနေသည်” ဟု အရေးယူပိတ်ဆို့မှုတွင် ဖော်ပြထားခဲ့သည်။

ထိုအချိန်မှာ အမေရိကန် အစိုးရသည် မြန်မာနိုင်ငံ၏ နေပြည်တော်မှ အရပ်သားတစ်ပိုင်း အစိုးရနှင့် ဆက်ဆံရေး ပြန်လည်ထူထောင်နေသည့် ကာလ ဖြစ်ရာ ယင်းလုပ်ရပ်သည် မြန်မာအစိုးရ၏ တရားဝင်မူဝါဒ ဖြစ်သည်ဟု ယူဆဖွယ် အထောက်အထား မရှိပါကြောင်း သံတမန်ရေးအရ ဖြည့်စွက်မှတ်ချက်ပေးခဲ့သည်။ 

သို့သော်လည်း သံတမန်များနှင့် လေ့လာသုံးသပ်သူများကတော့ သံသယ ဝင်နေကြဆဲ ဖြစ်သည်။ ပဲ့ထိန်းဒုံးကျည်များ သာမက သမားရိုးကျ လက်နက်များ တင်ပို့မှုကိုပါ အဓိက လုပ်ဆောင်နေသည့် မြောက်ကိုရီးယား နိုင်ငံပိုင်လုပ်ငန်း ဖြစ်သော ကိုရီးယားသတ္တုတွင်းနှင့် ဖွံ့ဖြိုးရေးကုန်သွယ်မှု ကော်ပိုရေးရှင်း (KOMID) က ကင်ချိုလ်နမ် ဆိုသူကို မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်သစ်အဖြစ် ၂၀၁၆ ခုနှစ်နှောင်းပိုင်း၌ ခန့်အပ်ခဲ့သည်ဟု စစ်ဘက်အတွင်းသတင်းရင်းမြစ်များက ဆိုသည်။

ယခင်က တရုတ်နိုင်ငံမြို့တော် ဘေဂျင်းတွင် အခြေစိုက်ခဲ့သည့် ကင်ချိုလ်နမ်သည် အမေရိကန်၏ နာမည်ပျက် (blacklist) စာရင်းသွင်းခံရသူဖြစ်ပြီး ဒုံးကျည်အစိတ်အပိုင်းများနှင့် နည်းပညာ ရောင်းချမှု အပါအ၀င် လက်နက်ကုန်သွယ်မှုတွင် ပါဝင်ပတ်သက်မှုဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစီရင်ခံစာများတွင် သူ့အမည် မကြာခဏ ရည်ညွှန်းခံရဖူးသည်။

မြောက်ကိုရီးယားနှင့် မြန်မာ၏ ဒုံးကျည်တည်ဆောက်ရေး စီမံကိန်း လက်ရှိအခြေအနေ မည်သို့ပင် ရှိစေကာမူ အရှေ့အလယ်ပိုင်းမှ ဖောက်သည်ဟောင်းများကို ဆုံးရှုံးခဲ့ရသော ပြုံယမ်းအနေနှင့် အသစ်ရောင်းချရရန်အတွက် အရှေ့တောင်အာရှ၊ အထူးသဖြင့် နေပြည်တော်ကို အာရုံစိုက်လာဖို့သာ ရှိနေသည်။ မြန်မာနိုင်ငံသည်လည်း ယခင်စစ်ရေး အကူအညီအများအတွက် ပြုံယမ်းအပေါ် ပေးဆပ်စရာ အမြောက်အမြား ရှိနေသည်ဟု ယုံကြည်ရရာ နေပြည်တော် အာဏာပိုင်များက အမေရိကန်နှင့် အခြားနိုင်ငံများကို မည်သို့ပင် အာမခံချက်များ ပေးနေသည်ဖြစ်စေ နှစ်ဖက်ဆက်ဆံရေးမှာ ဆက်လက်ရှင်သန်ပြီး ကောင်းမွန်နေဖွယ် ရှိသည်ဟု ယူဆရသည်။

ဧပြီ ၁၆ ဒုံးကျည်စမ်းသပ်မှုမှာ အကြီးအကျယ်ဆုံးရှုံးမှုဟု ဆိုလျှင်ပင် မြောက်ကိုရီးယားသည် ကမ္ဘာပေါ်တွင် အဖွံဖြိုးဆုံး ဒုံးကျည်စနစ်အချို့ ပိုင်ဆိုင်ထားဆဲဖြစ်ကြောင်း  ပြုံယမ်းလှည့်လည်ပွဲတွင် လူသိရှင်ကြား ပြသခဲ့သော ဒုံးကျည်အသစ် အဟောင်းမျိုးစုံတို့က သက်သေပြနေသည်။ ယင်းသို့သော အဆင့်မြင့် လက်နက်များသည် သူ့အစိုးရအတွက် အသက်အာမခံ ဖြစ်သလို နိုင်ငံခြားငွေ ရစရာ အရေးပါဆုံးရင်း မြစ်ဖြစ်သည်ဆိုခြင်းကို  ကင်ဂျုံအန်းတစ်ယောက် ရှင်းရှင်းလင်းလင်း နားလည်ထားသည်။ မြောက်ကိုရီးယား၏ တစ်ခုတည်းသော အကန့်အသတ်ရှိသည့် ပို့ကုန်ပစ္စည်း၊ သူ့ပြည်ပ ကုန်သွယ်ဖက်တို့ ဝယ်ရန် စိတ်ဝင်စားသောပစ္စည်းမှာ လက်နက်များမှတစ်ပါး အခြားမရှိဆိုသည့် အချက်ကတော့ မသက်မသာ လက်ခံရမည့် အမှန်တရားပင် ဖြစ်သည်။

(Bertil Lintner သည် မြောက်ကိုရီးယား၏ အစုလိုက် သေကျေပျက်စီးနိုင်သော လက်နက်များ အကြောင်းကို Jane's Defense, Far Eastern Economic Review နှင့် Wall Street Journal တို့တွင် သတင်းတင်ဆက်ခဲ့ပြီး Dear Leader, Great Leader: Demystifying North Korea under the Kim Clan စာအုပ် ရေးသားသူ ဖြစ်သည်)

Ref:Asia Times, North Korean missiles officially banned and widely available