News

POST TYPE

ARTICLE

သင့်လက်တစ်ကမ်းက မူးယစ်ဆေး ပြဿနာ
21-Apr-2017 tagged as မူးယစ်ဆေးဝါး

ယမန်နေ့က နိုင်ငံပိုင်သတင်းစာများတွင် ငွေကျပ် သန်းပေါင်း သုံးသောင်းကျော်၊ ဆေးပြားနှစ်သန်း၊  အိုက်စ် ၂၉၉ ကီလို၊ ပစ္စတိုနှစ်လက်၊ ကားငါးစီးနှင့် နိုင်ငံခြားသားများ အပါအဝင် လူရှစ်ဦး ပါဝင်သည့် မူးယစ်ဂိုဏ်း ဖမ်းမိသောသတင်းမှာ ရန်ကုန်မြို့တွင် လှုပ်ခတ်သွားသော သတင်းတစ်ပုဒ် ဖြစ်သည်။  ပြီးခဲ့သည် ၂၀၁၅ ခုနှစ်က အရှေ့တောင်အာရှတွင် စံချိန်တင် ဆေးပြားသန်းတစ်ရာကျော်ကို ရန်ကုန်မြို့တွင် ပိုင်ရှင်မဲ့ ဖမ်းမိပြီးသည့်နောက်ပိုင်း ထိုင်ဝမ်နိုင်ငံသားများနှင့် တရုတ်နိုင်ငံသား (ဟောင်ကောင်) များ ပါဝင်ပတ်သက်နေသည့် မူးယစ်ဂိုဏ်းကို ရဲတပ်ဖွဲ့က ပထမဆုံး ဖမ်းမိခြင်းလည်း ဖြစ်သည်။ ယင်းနိုင်ငံခြားသားပါ မူးယစ်ဂိုဏ်းမှ အဖွဲ့ဝင်အချို့မှာ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်သည်။ ယနေ့အထိ မူးယစ်ဆေးဝါး ပြဿနာကြောင့် ရန်ကုန်ကဲ့သို့ မြို့ကြီးများမှသည် ကျေးလက်ဒေသများရှိ မိသားစုများ၏ ဘဝများသည် စိုးရိမ်မှု၊ မလုံခြုံမှုများနှင့် နေ့စဉ်ဖြတ်ကျော်နေရဆဲ ဖြစ်ပါသည်။ (အယ်ဒီတာ)

ဆရာမ ဒေါ်ခင်ရီ (အမည်လွှဲ) တစ်ယောက် သူမ၏ စလင်းဘက်အိတ်ကို လူမြင်ကွင်းတွင် လုပြေးသူသည် သူမတပည့်ဟောင်းတစ်ဦး ဖြစ်လာလိမ့်မည်ဟု ဘယ်တုံးကမှ မမျှော်လင့်ခဲ့။

ယခုအခါ သူမ၏ ကိုးတန်းတပည့်ဟောင်း ကလေးသည် အနာဂတ် မျှော်လင့်ချက်တွေ ပြည့်လျှံနေသည့် စာသင်ခန်းထဲက ကျောင်းသားလေး မဟုတ်တော့။

နှစ်အနည်းငယ်အတွင်း အရောင်များစွာက စွန်းထင်းသွားခဲ့ပြီ ဖြစ်သည်။

ကျောင်းဆရာလုပ်၍ မိဘနှစ်ပါးကို လုပ်ကျွေးလိုကြောင်း မကြာခဏ ပြောပြလေ့ရှိသူ ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦးသည် ယခုအချိန်တွင် လှိုင်သာယာမြို့နယ်ရှိ လူစည်ကားရာ လမ်းများပေါ် သွားလာနေသူများ၏ လက်ကိုင်ဖုန်းနှင့် ပိုက်ဆံအိတ်တို့ကို အုပ်စုဖွဲ့ လုယက်သူအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

အဆိုပါလူငယ်မှာ လွန်ခဲ့သည့် ၂ နှစ်ကျော်က ၎င်းကို စာသင်ကြားပေးခဲ့သည့် နဝမတန်းပြ ဆရာမ ဒေါ်ခင်ရီ (အမည်လွှဲ) ကိုပင် မမှတ်မိတော့၊ ဈေးဝယ်ပြန်လာသူ ဒေါ်ခင်ရီ၏ စလင်းဘက်အိတ်ကို လူမြင်ကွင်းတွင် ဆွဲလုယူထွက်ပြေးခဲ့သည်။

ယင်းဖြစ်စဉ်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ မီးခွက်ဈေးအနီးရှိ လူစည်ကားရာ လမ်းတွင် ယခုနှစ် ဖေဖော်ဝါရီလက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ဈေးဝယ်ပြီး စက်ဘီးနဲ့ အိမ်ပြန်လာချိန် စလင်းဘက်အိတ် အလုခံရတာ၊ လူသုံးယောက် စီးလာတဲ့ ဆိုင်ကယ်ပေါ်က နောက်ဆုံးမှာ ထိုင်နေတဲ့ ကောင်လေး ကျွန်မ စက်ဘီးရှေ့ခြင်းထဲက စလင်းဘက်အိတ်ကို ဆွဲလုယူသွားတာ၊ ရုတ်တရက်ဆိုတော့ ကျွန်မ ကြောင်ပြီး မအော်မိလိုက်ဘူး၊ အိတ်ဆွဲလုသွားတဲ့ ကလေးက လွန်ခဲ့တဲ့ ၂ နှစ်က ကျွန်မ စာသင်ပေးခဲ့တဲ့ ကိုးတန်းကျောင်းသားလေး ဖြစ်နေတယ်” ဟု ကျောင်းဆရာမ ဒေါ်ခင်ရီက ပြောသည်။

စလင်းဘက်အိတ် လုယူသွားသည့် ကျောင်းသား၏ နေအိမ်သို့ ဒေါ်ခင်ရီ လိုက်သွားသည်။ ရင်နင့်စကား ကြားလိုက်ရသည်က တပည့်ဖြစ်သူမှာ ဆယ်တန်းနှစ်ဝက်ဖြင့်ပင် မူးယစ်ဆေး စတင်သုံးစွဲတတ်နေပြီဟု ၎င်း၏ မိသားစုထံမှ သိရသည်။

လွန်ခဲ့သည့် ၂ နှစ်က အတန်းထဲ စာအတော်ဆုံး ကိုးတန်းကျောင်းသားခမျာ ယခုမူ ပညာသင်ကြားပေးခဲ့သည့် ဆရာမဖြစ်သူကိုပင် မမှတ်မိ၊ ရာဇဝတ်မှု ကျူးလွန်အောင် စေ့ဆော်သူက ရှိနေသည်။

ယင်းမှာ ‘စိတ်ကြွမူးယစ်ဆေး’

မူးယစ်ဆေးဝါး၏ ဆိုးကျိုးကို ယင်းကျောင်းသား၏ မိသားစု ရင်ဆိုင်နေရသည်။ နေအိမ်ရှိ အဖိုးတန် ပစ္စည်းများ မကြာခဏပျောက်ရှခဲ့သည်။ ယခုလမ်းပေါ် လုယက်မှု ကျူးလွန်လာသည့်အထိ အတင့်ရဲလာသည့် သားဖြစ်သူအား အဖမ်းမခံစေရန် ကျောင်းဆရာမ ဒေါ်ခင်ရီကို ခယတောင်းပန်နေရရှာပြီ။

မူးယစ်ဆေးဝါးကြောင့် အဖြစ်ဆိုးကြုံခဲ့ရသည့် မိသားစုများ၊ အခြားဖြစ်စဉ်များမှာလည်း နိုင်ငံတစ်ဝန်း ရှိနေသည်။

၂၀၁၇ ခုနှစ်၊ မတ်လ ၂၂ ရက် ရန်ကုန်တိုင်း၊ သန်လျင်မြို့၊ ကွမ်းခြံကုန်းရွာတွင် အမျိုးသားတစ်ဦး အသားလှီးဓားနှစ်ချောင်း လက်တစ်ဖက်စီတွင် ကိုင်ဆောင်လျက် လမ်းပေါ်ရမ်းကားနေသည်။

အသိစိတ်ပျောက်နေသည့် အမျိုးသားက ယင်းရွာတွင်နေထိုင်သည့် အသက် ၂၆ နှစ် လူငယ်တစ်ဦး။

မည်သူတစ်ဦးတစ်ယောက်ကမှ ဝင်မထိန်းရဲ သည့် ၎င်းကို ရဲတပ်ဖွဲ့က ပြောင်းချောသေနတ်ဖြင့် သုံးချက်ဆက်တိုက် ပစ်ခတ်ဖမ်းဆီးခဲ့သည်။

ခန္ဓာကိုယ်အနှံ့ ယမ်းစမှန်ဒဏ်ရာများဖြင့် မြေပေါ်လဲကျသွားသည့် ၎င်းထံမှ WY (ယာဘ/ရာမ) ဆေးပြားတစ်ပြား သိမ်းဆည်းရမိခဲ့သည်။

မူးယစ်ဆေးဝါး သုံးစွဲပြီး ဖြစ်ပွားခဲ့သည့် ရာဇဝတ်အချို့ သက်ဆိုင်ရာသို့ မရောက်လိုက်သည့် မှုခင်းများလည်း ရှိနေသည်။

“အိမ်ကညီဆို ဆေးကြောင်လာရင် တုတ်ဆွဲ ဓားဆွဲနဲ့၊ ဘယ်အချိန် ရန်ပြုခံရမလဲ သတိထားနေရတာ” ဟု ဒဂုံတောင်မြို့နယ်၊ ၁၀၄ ရပ်ကွက်တွင် နေထိုင်သည့် ကိုစိုးဝင်း (အမည်လွှဲ) က ပြောသည်။

နည်းပညာတက္ကသိုလ် ဒုတိယနှစ်ဖြင့် ကျောင်းထွက်ခဲ့ရရှာသည့် ၎င်း၏ညီဖြစ်သူမှာ ယခုအချိန်ထိ စိတ်ကြွမူးယစ်ဆေး၏ သားကောင် ဖြစ်နေရှာသည်။ ဆေးဖြတ်သော်လည်း ခဏတာ၊ ပြန်ပြန်သုံးစွဲတတ်သည့် ညီဖြစ်သူ၏ ရမ်းကားမှုကို သက်ဆိုင်ရာထံ မတိုင်ကြားဝံ့၊ ဖမ်းဆီးမခံရစေရန် မိသားစုမှ အံကြိတ် ရင်ဆိုင်ဖြေရှင်းနေရကြောင်း ကိုစိုးဝင်းက ဆိုသည်။

ကိုစိုးဝင်း မိသားစုကဲ့သို့ မူးယစ်ဆေးကြောင်နေသူများ၏ ရမ်းကားမှုကို ရန်ကုန်မြို့ လမ်းမပေါ် သွားလာနေသူအချို့ ရင်ဆိုင်ခဲ့ရပြီး အချို့မှာ အသက်ပင် သေဆုံးခဲ့ရသည်။

၂၀၁၆ ခုနှစ် ဇူလိုင် ၂၈ ရက်က လှိုင်မြို့နယ်တွင် နေအိမ်မှ အလုပ်သွားရန် လမ်းပေါ်ထွက်လာသည့် အသက် ၆၀ ကျော် အမျိုးသားတစ်ဦး ဆေးကြောင်နေသည်ဟု ယူဆရသည့် အမျိုးသား၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည်။

ယင်းနှစ် သြဂုတ် ၁၀ ရက်က စမ်းချောင်းမြို့နယ်၊ ဝါးခယ်မလမ်းတွင် မူးယစ်ဆေးကြောင်နေသည့် အမျိုးသားတစ်ဦးက ၎င်းနှင့် ရန်ငြိုးရန်စ မရှိသည့် ဆိုက်ကားပေါ်မှ အမျိုးသမီးတစ်ဦးကို ဓားဖြင့် ပြေးထိုးခဲ့သည်။

အထက်ပါဖြစ်စဉ်များမှာ လူအများသိခဲ့သည့် ရန်ကုန်မြို့ မူးယစ်ဆေးဝါး ပြဿနာ၊ အများပြည်သူအပေါ် သိသာစွာ ခြိမ်းခြောက်လာသည့် မူးယစ်ဆေးဝါး ပြဿနာက ရန်ကုန်၊ မန္တလေး မြို့ကြီးများရှိ လမ်းပေါ်အထိ ဂယက်ရိုက်လာခဲ့ပြီ။

လူထုအပေါ် ခြိမ်းခြောက်လာပြီဖြစ်သည့် မူးယစ်ဆေးဝါး သားကောင်များ၏ အန္တရာယ်ကို ကိုယ်နှင့်မဆိုင်ဟု နေ၍မရတော့ပေ၊။

စိတ်ကြွဆေးပြား WY (ယာဘ) မှာ တစ်ပြား ကျပ်နှစ်ထောင်မှ ငါးထောင်အထိပေး၍ ယနေ့ခေတ်တွင် မြို့နယ်ကျေးရွာအနှံ့ အချိတ်အဆက်ရှိသူအနေနှင့် လွယ်လင့်တကူ ဝယ်ယူနိုင်သည်။

၎င်းကို လူငယ်များအကြားမှာ ဝေယံဟုလည်း ခေါ်ကြသည်။ အသီး၊ ကြယ်သီးဟုလည်း အချို့ခေါ်ဝေါ်လျက်ရှိပြီး အကျစ်သီး၊ အပွသီး၊ အရောင်သီး၊ အနံ့သီး စသည်ဖြင့် ဈေးနှုန်းမျိုးစုံ ရှိသည်။

ယခင်လူသုံးများခဲ့သည့် ဆေးခြောက်ဝယ်ရသည်ထက်ပင် WY က ယခုအချိန်မှာ ပို၍ လွယ်ကူစွာ ဝယ်ယူနိုင်နေပြီ။

လက်တည့်စမ်းလိုသည့် လူငယ်များအကြား ဖက်ရှင်တစ်ခုအသွင် သုံးစွဲမှု မြင့်တက်နေသည့် WY (ယာဘ) ဆေးပြားက ပုံမှန်အားဖြင့် ခဲပြားပေါ်တင် အပူပေး၍ အငွေ့ကို ပိုက်ဖြင့် စုပ်ယူရသည်။

ရပ်ကွက်ကျေးရွာအနှံ့ လွယ်လင့်တကူ ဝယ်ယူသုံးစွဲနိုင်သည့် မူးယစ်ဆေးဝါး ပြဿနာ၏ နောက်ဆက်တွဲမှ ရာဇဝတ်မှုများက နေရာအနှံ့ မကြာခဏ ဖြစ်ပွားနေသည်။

ဆေးကြောင်နေသူ၏ ရန်ပြုတိုက်ခိုက်မှုကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူများ နိုင်ငံတစ်ဝန်း နှစ်စဉ်ဖြစ်ပွားလျက် ရှိသည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် နှစ်စဉ် မူးယစ်ဆေးဝါး အမှုပေါင်း ခုနစ်ထောင်ကျော် ဖမ်းမိခဲ့ပြီး မူးယစ်ဆေးဝါး သုံးစွဲရာမှ ပြစ်မှုကျူးလွန်ခဲ့သည့် အယောက်ငါးထောင်ခန့် ရှိနေကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါး ခေါင်းစဉ်အောက်တွင် ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် ရှိနေသည့် ယာဘအပါအဝင် ခေါင်းခါဆေး၊ ရေခဲနှင့် ဆေးခြောက်တို့ကြောင့် ဖြစ်လာသည့် မှုခင်းများက ယခုနှစ်ပိုင်းတွင် ပိုမိုမြင့်တက်လာခဲ့သည်။

WY (ယာဘ) မှာ တစ်နိုင်ငံလုံး အနေနှင့် မူးယစ်ဆေးဝါး ဖမ်းဆီးမှုတွင် အခြားမူးယစ်ဆေးဝါးများထက် များစွာသာလွန်နေသည်။

“မူးယစ်ဆေးဝါးကြောင့် စိတ်ကြောင်နေသူတွေက အချိန်မရွေး အကြမ်းဖက်မှုတွေ လုပ်တတ်တယ်၊ သာမန် စိတ်ဝေဒနာရှင်ထက် ဆေးကြောင်နေသူက အန္တရာယ်ပိုပေးနိုင်တာမို့ ကိုယ့်ပတ်ဝန်းကျင်မှာ ဆေးစွဲနေသူ တွေ့ခဲ့ရင် သက်ဆိုင်ရာထံ အကြောင်းကြားသင့်တယ်၊ ကိုယ်နှင့်မဆိုင်တာပဲ ဆိုပြီး လျစ်လျူရှုမနေသင့်ဘူး၊ ဆေးဆွဲနေသူတွေက သူဆေးသုံးရဖို့က လွဲပြီး ကျန်တာ ဘာမှမသိတော့ဘူး၊ ရာဇဝတ်မှု ကျူးလွန်ရမှာလည်း ဝန်မလေးဘူး” ဟု မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

စိတ်ကိုပြောင်းလဲစေသည့် မူးယစ်ဆေးဝါး ဆိုသည့်အတိုင်း မူးယစ်ဆေးဝါးကြောင့် စိတ်ရောဂါဝေဒနာသည် ဖြစ်သွားသူ အများအပြား ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီးရှိ စိတ်ကျန်းမာရေးဆေးရုံကြီး၏ ဆေးရုံမှတ်တမ်းများထံမှ သိရသည်။

ယင်းဆေးရုံသို့ ဆေးကြောင်၊ အရက်ကြောင်နေသည့် စိတ်ဝေဒနာရှင်များ လာရောက်ကုသနေမှု တစ်လထက်တစ်လ အရေအတွက် ပိုမိုများပြားလာနေသည်က မူးယစ်ဆေးဝါး ပြဿနာ တစ်စထက်တစ်စ ပို၍ကြီးထွားလာနေပြီ ဖြစ်ကြောင်း သက်သေခံနေသည်။

ဆေးကြောင်၊ အရက်ကြောင် လူနာပေါင်း အယောက် ၇၀၀ ခန့်ကို အဆိုပါဆေးရုံတွင် ထိန်းသိမ်းထားပြီး လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးကုသမှု ခံယူနေသော မူးယစ်ဆေးဖြတ်သူ၊ အရက်ဖြတ်သူဦးရေ တစ်ထောင်ကျော် ရှိနေသည်။

“ဆေးကြောင်ပြီး လွတ်သွားသူ ရူးသွားသူတွေက ခံစားချက်တွေ အရမ်းဖြစ်တယ်၊ သူတို့မှာ ရိုက်ချင်စိတ် သတ်ချင်စိတ်တွေ မကြာခဏဖြစ်လေ့ ရှိတယ်၊ စိတ်ခံစားချက်အတိုင်း ပြင်းပြင်းထန်ထန် လုပ်တတ်တယ်၊ သူတို့က ဆေးအရှိန်ကြောင့် အရမ်းသန်စွမ်းနေတာမို့ တော်ရုံလူ မထိန်းနိုင်ဘူး၊ သာမန်အရူးက သူတို့တွေလောက် ခံစားချက် မပြင်းထန်ဘူး” ဟု စိတ်ကျန်းမာရေးဆေးရုံကြီးမှ ဆရာဝန်တစ်ဦးက ဆိုသည်။

မူးယစ်ဆေးဝါး သုံးစွဲရာမှ ဆေးကြောင်တတ်သူများမှာ ဆေးဝါးအလွန်အကျွံ သုံးစွဲချိန်နှင့် ဆေးအရှိန်ကျချိန်များတွင် အများဆုံးဖြစ်တတ်ကြောင်း မူးယစ်ဆေးဝါး သုံးစွဲခဲ့ဖူးသည့် ဦးမျိုးအောင်က ပြောသည်။

ကိုယ်တိုင် မူးယစ်ဆေးဝါးအမှုဖြင့် ထောင်ကျခဲ့ဖူးသည့် ဦးမျိုးအောင်တစ်ယောက် မူးယစ်ဆေးဝါး၏ ဆိုးကျိုးကို ကောင်းစွာသိနေသည်။

လမ်းပေါ်ထိန်းမနိုင်သိမ်းမနိုင် ရောက်ရှိနေပြီ ဖြစ်သည့် မူးယစ်ဆေးဝါး သားကောင်များ၏ အန္တရာယ်ကို အစိုးရအနေနှင့် ထိရောက်စွာ ဖြေရှင်းပေးရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ရန်ကုန်မှာ မူးယစ်ဆေးသုံးနေတဲ့သူ သိန်းနဲ့ချီ ရှိတယ်၊ ဒီဆေးဝါးတွေ ဘယ်ကထွက်နေလဲဆိုတာ အစိုးရမပြောနဲ့ ပြည်သူတွေတောင် သိနေကြတာလေ၊ အလုံးအရင်းနဲ့ ထုတ်နေသူတွေ မဖမ်းဘဲ ကိုင်းဖျားကိုင်းနားလေးတွေ အဖမ်းပြနေရုံနဲ့ ဒီကိစ္စက ပြီးသွားမှာ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

မူးယစ်ဆေးဝါးများကို အရှိန်အဟုန်မြှင့် ဖမ်းဆီးနေပြီး နိုင်ငံတော်အဆင့် ထိန်းချုပ်မည် ဖြစ်ကြောင်း အစိုးရအနေနှင့် ကြွေးကြော်နေခဲ့သော်လည်း လမ်းပေါ်ပျံ့ကျဲနေပြီ ဖြစ်သည့် မူးယစ်ဆေးဝါး ပြဿနာက အိမ်တိုင်းအိမ်တိုင်း တံခါးလာခေါက်နေပြီ ဖြစ်သည်။

ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ဘာသာရေး ကိစ္စများဖြင့် နိုင်ငံရေးကစားပွဲကြား ရုန်းကန်နေသည့် အစိုးရသစ်အနေနှင့် မူးယစ်ဆေးဝါး ပြဿနာပါ စိန်ခေါ်မှုများ ရှိနေသည်။

ကမ္ဘာ့ဒုတိယမြောက် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနိုင်ငံ အဖြစ်လည်း UNODC ၏ ၂၀၁၆ ခုနှစ်အတွက် ထုတ်ပြန်သည့် ကမ္ဘာ့မူးယစ်ဆေးဝါး အခြေအနေဆိုင်ရာ အစီရင်ခံစာက ဖော်ပြနေဆဲ ဖြစ်သည်။

ယင်းအစီရင်ခံစာတွင် ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု၏ ၁၄ ရာခိုင်နှုန်းကို မြန်မာနိုင်ငံက ထုတ်လုပ်လျက်ရှိပြီး မက်သာဖက်တမင်းဆေးပြား သုံးစွဲမှုနှုန်းမှာလည်း မြန်မာနိုင်ငံတွင် မြင့်မားနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်တွင် ရွေ့လျားမူးယစ်ဆေးဝါး ဓာတ်ခွဲခန်းများ ရှိနေပြီး မြန်မာနိုင်ငံ အနောက်ပိုင်းတွင် မူးယစ်ဆေးဝါးနှင့်  ဘိန်းဖြူမှောင်ခိုလမ်းကြောင်းများ အသစ်တိုးချဲ့လာနေပြီ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အောက်လွှတ်တော်သို့ နှစ်စဉ်တင်သွင်းသော အစီရင်ခံစာအသစ်တွင် ဖော်ပြနေသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အောက်လွှတ်တော်သို့ နှစ်စဉ်တင်သွင်းသော အစီရင်ခံစာဖြစ်သည့် နိုင်ငံတကာ စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မဟာဗျူဟာ အစီရင်ခံစာ (INCSR) ၂၀၁၆ တွင် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသ အားလုံးဖြတ်သန်း၍ ဒေသတွင်းနိုင်ငံများသို့ မူးယစ်ဆေးဝါးနှင့် ဘိန်းကုန်ကူးမှု အလျင်အမြန် မြင့်တက်လျက်ရှိကြောင်း ဖော်ပြထားသည်။

အရှေ့တောင်အာရှ၊ သြစတြေးလျနှင့် အရှေ့အာရှတစ်ခွင်သို့ ဘိန်းနှင့် မက်သာဖက်တမင်း ဆေးပြားများကို မြန်မာနိုင်ငံမှ အဓိက တင်ပို့ရောင်းချနေသည်ဟု စစ်တမ်းများတွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ် အစီရင်ခံစာအရလည်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် အရွယ်အစားဖြင့် သေးငယ်ပြီး ရွေ့လျားလှုပ်ရှားရန် လွယ်ကူသည့် ATS (အဖက်တမင်း အမျိုးအစား စိတ်ကြွဆေး) ဓာတ်ခွဲခန်းများ ရှိနေကြောင်း ဖော်ပြထားသည်။

ထိုင်းနိုင်ငံအတွင်း ဝင်ရောက်နေသည့် မက်သာဖက်တမင်းဆေးပြား အများစုမှာ မြန်မာနိုင်ငံမှ တင်ပို့လာခြင်း ဖြစ်ပြီး ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က မက်သာဖက်တမင်း ထုတ်လုပ်မှုနှင့် အခြားသော ဒေသတွင်း ဆေးပြားထုတ်လုပ်သူများသည် ထိုင်းနိုင်ငံအတွက် စိုးရိမ်စရာ ပြဿနာတစ်ရပ် အဖြစ် ရှိနေသည်ဟု INCSR အစီရင်ခံစာက ဖော်ပြထားသည်။

ထိန်းမနိုင်သိမ်းမနိုင် အခြေအနေ ရောက်ရှိနေသည့် မူးယစ်ဆေးဝါး ပြဿနာကို ကိုင်တွယ်နိုင်ရန် အစိုးရသစ်လက်ထက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုက လွန်ခဲ့သည့်နှစ်များထက် ပိုခဲ့သည်က သက်သေထူနေသည်။

မူးယစ်ဂိုဏ်းအဖွဲ့များ အခြေချလာသည့် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် အစိုးရသစ်လက်ထက် ဒဂုံစစ်ဆင်ရေး၊ ရတနာပုံ စစ်ဆင်ရေး စီမံချက်များဖြင့် မူးယစ်တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အရှိန်မြှင့် တင်ဆောင်ရွက်ခဲ့သည်။

ယင်းအပြင် ပြည်ပသို့ မူးယစ်ဆေးဝါးထွက်ရာ လမ်းကြောင်းဖြစ်သော ရခိုင်ပြည်နယ်တွင် မေယုစစ်ဆင်ရေး စီမံချက်ကို ဆောင်ရွက်ခဲ့သည်။

၂၀၁၅ ခုနှစ် မူးယစ်အမှုပေါင်း ခြောက်ထောင်ကျော်နှင့် တရားခံ ကိုးထောင်ကျော် ဖမ်းဆီးခဲ့ပြီး လူထုအစိုးရသစ်လက်ထက် ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်နေ့မှ မတ်လ ၂၃ ရက်အထိ မူးယစ်အမှု ကိုးထောင်ကျော်နှင့် တရားခံဦးရေ တစ်သောင်းနှစ်ထောင်ကျော်ကို ဖမ်းဆီးနိုင်ခဲ့သည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးအမှု ကိန်းဂဏန်းများအရ ယခင်နှစ်များထက် သာလွန်ခဲ့သော်လည်း အစိုးရသစ်လက်ထက် ဖမ်းဆီးနိုင်သည့် မူးယစ်အမှုများတွင် ပိုင်ရှင်မဲ့အမှု အများစု ပါဝင်နေသည်။

လက်ရှိ ရန်ကုန်ဆိပ်ကမ်းသို့ လိပ်စာမှား ဝင်ရောက်လာသည်ဟုဆိုသည့် ပြည်ပမှ တင်ပို့လာသည့် သကြားအိတ်များ ထည့်ထားသည့် ကွန်တိန်နာပုံးထဲမှ ကိုကင်းများအမှုကို ယနေ့အချိန်ထိ အများပြည်သူထံ ဖြစ်စဉ်အမှန်ကို ချပြနိုင်ခြင်း မရှိသေးပေ။

မူးယစ်မှောင်ခို ရောင်းဝယ်ရေးတွင် နောက်ကွယ်မှ လာဘ်စားမှု၊ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပတ်သက် ဆက်နွှယ်နေမှုများ ရှိနေခဲ့သည်။

ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် ဖမ်းမိခဲ့သည့် မူးယစ်ဆေးဝါးအမှုအချို့တွင် ရဲတပ်ဖွဲ့နှင့် သံဃာအချို့၊ အစိုးရဌာနမှ အရာရှိများ၊ တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံခြားသားများပါ ပါဝင်ပတ်သက်နေသည်။

တပ်ဖွဲ့ဝင်အင်အား နည်းပါးမှု၊ အထောက်အကူပြုပစ္စည်းများ လိုအပ်ချက်များကြောင့် လက်ရှိ မူးယစ်ဆေးဝါး ပြဿနာကို ထိရောက်စွာ တားဆီးနှိမ်နင်းနိုင်ခြင်း မရှိသေးကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။

“လက်ရှိ မူးယစ်ပြဿနာက အတော်ကြီးထွားနေပြီ၊ ဒါကိုထိန်းချုပ်နိုင်ဖို့ ရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးဖို့ လိုအပ်တယ်၊ နိုင်ငံတကာအဆင့်မီ မဟုတ်တောင် အရှေ့တောင်အာရှအဆင့်အထိ မီအောင်တော့ မြှင့်တင်ပေးစေချင်တယ်” ဟု မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ကျော်ကျော်မင်းက ပြောသည်။

လမ်းပေါ်လျှံကျနေပြီ ဖြစ်သည့် မူးယစ်ဆေးဝါး ပြဿနာက လူထု၏ နောက်ကျောမလုံခြုံမှုကို ဖန်တီးနေကြောင်း သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများက သိနေသည်။ သို့သော် ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း မကြာခဏ ဖြစ်ပွားနေသည့် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ရာဇဝတ်မှုများက သက်သေခံနေသည်။

“YBS လိုင်းကားပေါ်မှာ ယာဉ်မောင်းနဲ့ စပယ်ယာ ဆေးချနေတာ ကျွန်တော်ကိုယ်တိုင် မြင်ခဲ့လို့ ဓာတ်ပုံခိုးရိုက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ တိုင်ခဲ့တယ်၊ ရပ်ကွက်ထဲက ဆိုင်ကယ်ကယ်ရီမောင်းတဲ့ ချာတိတ်အချို့လည်း ဆေးသုံးနေမှန်း လူထုက သိတယ်၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေက မသိတာလား၊ ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လျစ်လျူရှုထားတာလား တွေးမရဘူး၊ ဒီလူတွေ ဆေးကြောင်လာရင် ပြည်သူတွေပဲ ခံရမှာ” ဟု လှိုင်သာယာမြို့နယ်တွင် နေထိုင်သည့် ဦးခင်မောင်က ပြောသည်။

လမ်းပေါ်မှ မူးယစ်ဆေးဝါး သားကောင်များကို အချိန်မီထိန်း၍ လမ်းကြောင်းမှန် ပြန်ရောက်နိုင်စေရန် လက်ရှိအစိုးရက ဥပဒေကြမ်းတစ်ခုကို ရေးဆွဲပြီး နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့် အများပြည်သူထံ အသိပေးခဲ့သည်။

ပိုင်ရှင်မဲ့ မူးယစ်ဆေးများကို ကွန်တိန်နာဖြင့် နိုင်ငံအနှံ့အပြားတွင် တွေ့ရှိနေချိန် လက်ထဲတွင် WY (ယာဘ) တစ်ပြား၊ နှစ်ပြားဖြင့် လူငယ်များ၏ တောက်ပသော အနာဂတ်ကို ထောင်အတွင်း၌ အချိန်ကုန်စေသည်က မျှတပါ၏လောဟု မေးခွန်းထုတ်သူများက မနည်းမနော။

WY သုံး လူငယ်များ ထောင်ကျတန်းကျပြီး အနာဂတ်ပျောက်ရခြင်းအတွက် လာဘ်စားသည့် ဝန်ထမ်းများ၏ ပယောဂကလည်း မကင်း၊ ရေ(ငွေ) လောင်းလျှင် လောင်းသလို အမှုက ပေါ့သွားနိုင်သည်။ ရေမလောင်းလျှင် တက်လူများ၏ ဘဝမှာ နရသိန်တွင် နှစ်ပေါင်းများစွာ ကုန်ဆုံးသွားနိုင်သည်က ဖြစ်သင့်ပါ၏လော။

မူးယစ်ဆေးဝါးနှင့် ပတ်သက်လျှင် မူဝါဒနှင့် တရားစီရင်ရေးပိုင်းအတွက် မေးခွန်းက များစွာရှိနေသည်။

ဆေးသုံးစွဲ၍ ထောင်ကျခဲ့သူ ဦးမျိုးအောင်က မူးယစ်ဆေးစွဲနေသူအား ရဲစခန်းထံ ဖုန်းဆက်တိုင်ကြားပါက အမှုဖွင့်အရေးယူ ထောင်ချသောကြောင့် မူးယစ်သားကောင်များ အနေနှင့် အမှောင်ကမ္ဘာတွင် ဆက်လက်ကျင်လည်နေဦးမည် ဖြစ်ကြောင်း ပြောလေသည်။

သို့သော်လည်း နိုင်ငံအနာဂတ် မျိုးဆက်သစ်လူငယ်များ ကျန်းကျန်းမာမာ၊ ဘေးကင်းလုံခြုံစွာ၊ စိတ်ဓာတ်ကြံ့ခိုင်စွာဖြင့် နိုင်ငံတာဝန်များကို အသင့်လွှဲပြောင်း တာဝန်ထမ်းဆောင်နိုင်ရေးအတွက် မူးယစ်ဆေးဝါး အမှောင်ထုကြီးကို ရှင်းလင်းဖယ်ရှားပေးနိုင်ရန် အရေးကြီးလှကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခုနှစ် ဇန်နဝါရီလက ထုတ်ပြန်ခဲ့သည့် ပြည်သူသို့ ကျေးဇူးတင်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။

မူးယစ်ဆေးဝါး၏ နွံအတွင်း နစ်နေသော တပည့်ဖြစ်သူ အပါအဝင် အနာဂတ် မျိုးဆက်သစ် လူငယ်များကို လှုပ်လေနစ်လေဖြစ်သည့် ဤမရဏနွံအိုင်ကြီးကို ရှောင်ရှားစေလိုသည်က နဝမတန်းပြ ကျောင်းဆရာမ ဒေါ်ခင်ရီ၏ စေတနာ။

လုယက်မှု ကျူးလွန်ခဲ့သည့် သူမတပည့်ကိုမူ ၎င်း၏ မိဘများနှင့် တိုင်ပင်၍ ဆေးဖြတ်ရန် စိတ် ကျန်းမာရေးဆေးရုံသို့ ပို့ခဲ့သေးသည်။ သို့သော်လည်း စိတ်ထဲမကောင်းလှ။

အမှောင်ထဲက ကြယ်လေးတစ်စင်းမှာမူ စိတ်ကျန်းမာရေးဆေးရုံသို့ ရောက်ရှိသွားခဲ့ပြီ။

“နောင်တစ်ချိန်မှာ သူဟာ တိုင်းပြည်အတွက် သားကောင်းတစ်ယောက် မဖြစ်ခဲ့ရင်တောင် ဘေးပတ်ဝန်းကျင်အတွက် ရာဇဝတ်ကောင် တစ်ယောက် မဖြစ်ရင်ပဲ ကျွန်မ ကျေနပ်ပါပြီ” ဟု ဒေါ်ခင်ရီက ဆိုလေသည်။

ခိုင်စိုးလင်း