News

POST TYPE

ARTICLE

တတိယ ကမ္ဘာစစ်ကြီး ဖြစ်မည်လော
မင်္ဂလာရှိသော မြန်မာနှစ်သစ် အချိန်ကာလတွင် မင်္ဂလာ မရှိသော အကြောင်းအရာတို့ကို မဆွေးနွေးလိုပေ။ သို့သော် အကြောင်းအရာ ထူးခြားမှုရှိပါက ဆိုရေးရှိက ဆိုရပေတော့မည်။ ၂၀၁၇ ဧပြီလမှ စတင်ကာ ကမ္ဘာ့နိုင်ငံရေး အခြေအနေသည် အလျင်အမြန် ပြောင်းလဲလာနေပါတယ်။ ကမ္ဘာ့မဟာအင်အားကြီးနိုင်ငံများဟု သတ်မှတ်ထားသော အမေရိကန်နိုင်ငံ၊ ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား မကျေလည်မှုများ ကြီးထွားလာနေပါတယ်။ ယခု ဧပြီလ အစောပိုင်းတွင် အမေရိကန်ဟာ ရုရှား၏မိတ်ဖက် ဆီးရီးယားနိုင်ငံအား ပစ်ခတ်တိုက်ခိုက်လိုက်ခြင်းဖြင့် နိုင်ငံတကာ တင်းမာမှု အရှိန်အဟုန်ကို အမြင့်ဆုံးအမှတ်သို့ ဆွဲတင်လိုက်တယ်။ ယခုလည်း အမေရိကန်ဟာ တရုတ်၏မိတ်ဖက် မြောက်ကိုရီးယားနိုင်ငံဆီသို့ သူ၏ရေတပ် စေလွှတ်ကာ အင်အားပြလျက် ရှိပါတယ်။ အမေရိကန် ရေတပ် ကိုရီးယား ကျွန်းဆွယ်ဆီသို့ ချီတက်နေချိန်တွင် အမေရိကန်တို့က အာဖဂန်နစ္စတန် နိုင်ငံအတွင်းရှိ အစ္စလာမ္မစ် စစ်သွေးကြွ IS တို့၏ ပစ်မှတ်တစ်ခုအား အမေရိကန်သမိုင်းတွင် တစ်ခါမျှ အသုံး မပြုဖူးသေးသည့် နျူကလီးယား မဟုတ်သည့် အကြီးမားဆုံး ဗုံးတစ်လုံးအား ကြဲချကာ မြောက်ကိုရီးယားကို အချက်ပြလိုက်ပြန်ပါတယ်။

၂၀၁၇ ဧပြီ ၁၅ ရက်သည် ကွယ်လွန်သွားခဲ့ပြီးဖြစ်သော မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်အီလ်ဆွန်း (Kim Il Sung) ၏ ၁၀၅ နှစ်မြောက်မွေးနေ့ ဖြစ်ပါတယ်။ မွေးနေ့ အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကြီးကို မြို့တော် ပြုံယမ်း (Pyongyang) တွင် ဝှဲချီး ကျင်းပခဲ့ပြီး နိုင်ငံတကာ သတင်းထောက်များရှေ့တွင် မြောက်ကိုရီးယား၏ စစ်အင်အားကို ထုတ်ဖော်ပြသခဲ့တယ်။ ယခုအချိန်ထိတော့ အများ မျှော်လင့်ထား သော နျူကလီးယားလက်နက် စမ်းသပ်ပစ်ခတ်မှုကိုကား မတွေ့ရသေးပါ။ အမေရိကန်ကမူ အကယ်၍သာ မြောက်ကိုရီးယားက နျူကလီးယား လက်နက် စမ်းသပ်ခဲ့ပါက မြောက်ကိုရီးယားကို တိုက်ခိုက်မည်ဟု ကြေညာထားရာ ကမ္ဘာက ဧပြီလ ၁၅ ရက် တစ်နေ့လုံးကို ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်ခဲ့ကြပါတယ်။ ဧပြီလ ၁၅ ရက်နေ့တွင် မြောက်ကိုရီးယား၏ မည်သည့် ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုကိုမျှ မတွေ့ခဲ့ရဘဲ ဧပြီလ ၁၆ ရက်နေ့တွင်မူ မြောက်ကိုရီးယားသည် ဒုံးကျည်တစ်စင်း ပစ်လွှတ်စမ်းသပ်ခဲ့ကြောင်း၊ ပစ်မှတ်သို့ မရောက်ရှိမီ လေထဲတွင် ပေါက်ကွဲသွားခဲ့သဖြင့် မအောင်မြင်ကြောင်း၊ မည်သည့် ဒုံးကျည် အမျိုးအစား ဖြစ်သည်ကိုမူ မသိရသေးကြောင်း နိုင်ငံတကာ သတင်းများတွင် တွေ့ရပါတယ်။ 

မည်သို့ပင်ဖြစ်စေကာမူ ကိုရီးယားကျွန်းဆွယ်တွင် အခြေအနေများက အချိန်မရွေး ပြောင်းလဲသွားနိုင်ပါတယ်။ ယခုပွဲမှာ အမေရိကန် သမ္မတနှင့် မြောက်ကိုရီးယား ခေါင်းဆောင်တို့၏ ဂုဏ်သိက္ခာ တိုက်ပွဲလည်း ဖြစ်ပါတယ်။ တစ်ဖက်ဖက်မှ အလျှော့ပေးလိုက်ပါက အရှက်ကွဲကြပေတော့မည်။ နှစ်ဖက်ခေါင်းဆောင် နှစ်ဦးလုံးမှာ ၎င်းတို့ ပြည်သူများအကြားတွင်သာမက နိုင်ငံတကာ ပြည်သူများ အတွင်းမှာပါ ရေပန်းမစားသူများ ဖြစ်ကြရာ သူတို့အား အကြံကောင်း၊ ဉာဏ်ကောင်း ပေးမည့်သူများလည်း နည်းပါးပုံ ရပါတယ်။ အခြေအနေက အချိန်မရွေး စစ်ပွဲကြီးအသွင် ဆောင်လာနိုင်ပါတယ်။

ဤတွင် အမေရိကန်နှင့် မြောက်ကိုရီးယား စစ်ပွဲဖြစ်ပွားခဲ့ပါက တတိယကမ္ဘာစစ်ကြီး ဖြစ်မည်လား ဟူသော အမေးပေါ်ထွက်လာပါတယ်။ တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံ ပဋိပက္ခအတွင်း တိုက်ရိုက် မပါဝင်သရွေ့ တတိယကမ္ဘာစစ် ဖြစ်ဖွယ်မရှိဟု သုံးသပ်ရပါတယ်။ လေကြောင်း၊ ရေကြောင်းမှ ပစ်ခတ်တိုက်ခိုက်သော ဒေသအတွင်း ကန့်သတ်စစ်ပွဲအသွင်သာ ပေါ်ပေါက်ဖွယ် ရှိပါတယ်။ နိုင်ငံကြီးများမှာ သူတို့၏ အကျိုးအမြတ်ကိုသာ ကြည့်တတ်ကြပါတယ်။ သူတို့ အကျိုးစီးပွား တိုက်ရိုက် မထိခိုက်သမျှ ရှောင်ထွက်နေကြမည်သာ ဖြစ်ပါတယ်။ ၂၀၁၆ အကုန်လောက်မှာ ရုရှသံအမတ်ကြီး Andrei Karlov ဟာ တူရကီနိုင်ငံ၊ အန်ကာရာမြို့တော်တွင် လူရှေ့ သူရှေ့ လုပ်ကြံခံရတယ်။ လူအများက ရုရှားဝက်ဝံကြီးကို သွားဆွလိုက်ပြီ။ ရုရှားသမ္မတ ဗလာဒီမာပူတင် အစွမ်းပြတော့မည်။ တတိယ ကမ္ဘာစစ်ကြီး စတော့မည်လော စသဖြင့် တွေးဆ ဝေဖန်ခဲ့ကြပါတယ်။ ရုရှားက ကမ္ဘာ့အင်အားကြီးနိုင်ငံ ဖြစ်ပါတယ်။ တူရကီက အမေရိကန် ဦးဆောင်တဲ့ နေတိုးစစ်အုပ်စု အဖွဲ့ဝင်နိုင်ငံ ဖြစ်တယ်။ ရှရှားက တူရကီကို တိုက်တာနဲ့ အမေရိကန်က ဝင်ပါလာမယ်။ တတိယ ကမ္ဘာစစ်ကြီး စမယ် ဆိုတဲ့သဘော သုံးသပ်ဝေဖန်ကြတယ်။ ဘာများဖြစ်ခဲ့သလဲ။ ရုရှားက တည်တည်ငြိမ်ငြိမ်ပဲ။ အမေရိကန်ကလည်း အေးအေးဆေးဆေးပဲ။ ဘာမှမဖြစ်ပါဘူး။ တစ်ဦးချင်း လုပ်ဆောင်တဲ့ အကြမ်းဖက် လုပ်ရပ်တစ်ခုအနေနဲ့ပဲ မြင်ကြတယ်။ 

မြောက်ကိုရီးယားနိုင်ငံကို အာဏာရှင်နိုင်ငံ၊ လူဆိုးလူမိုက်နိုင်ငံလို့ ကမ္ဘာ့နိုင်ငံအများက သတ်မှတ်ရှုမြင်ကြတယ်။ မြောက်ကိုရီးယားဟာ အင်မတန် တင်းကျပ်တယ်လို့ အတွင်းသတင်း၊ အပြင်သတင်း သတင်းရင်းမြစ် အားလုံးက တစ်ညီတည်း ဆိုတယ်။ ဆိုတော့ အမေရိကန်နဲ့ မြောက်ကိုရီးယား ဖြစ်တဲ့ပွဲမှာ ကမ္ဘာ့နိုင်ငံတွေက အမေရိကန်ဘက်က ရှိမယ်။ မြောက်ကိုရီးယားဘက်က တရုတ်နဲ့ ရုရှားကလွဲရင် ဘယ်သူမှ မရှိဘူးလို့ ထင်မြင်စရာ ရှိတယ်။ တရုတ်နဲ့ ရုရှားတောင် သူတို့အိမ်နီးချင်း မြောက်ကိုရီးယားက နျူကလီးယားလက်နက် ပိုင်ဆိုင်တာကို စိတ်မသက်မသာ ဖြစ်နေကြတာပါ။ အပေါ်ယံ ကြည့်ရင်တော့ ဟုတ်သလိုပဲ။ အမေရိကန်ဘက်မှာ အားလုံးက ပါနေပြီး မြောက်ကိုရီးယားဘက်မှာတော့ ဘယ်သူမှ ရှိပုံမရဘူး။ သို့သော် မြေပြင် အခြေအနေတွေက တစ်မျိုးတစ်ဖုံ ကွဲလွဲနေပုံ ရပါတယ်။ 

ပြောချင်တာ အမေရိကန်ကိုလည်း လူတွေက မကြည်ကြပါဘူး။ ဒေါ်နယ်ထရမ့်လက်ထက်မှာ ပိုတောင် မကြည်ကြသေးတာပေါ့။ ထစ်ခနဲရှိ လက်နက် အသုံးပြုမယ်၊ ဗုံးကြဲမယ်ဆိုတာ နိုင်လိုမင်းထက် လုပ်ဆောင်ရာ ရောက်တယ်လေ။ နိုင်ငံတိုင်းမှာ သူ့ပြဿနာနဲ့ သူဆိုတာ ရှိကြတော့ တစ်နေ့ ငါတို့လည်း အမေရိကန် လုပ်သမျှ ခံရနိုင်ပါလားဆိုတဲ့ အတွေးက ပေါ်ကြ တယ်။ အမေရိကန် ယဉ်ကျေးမှုကို ကမ္ဘာ့ပြည်သူတွေ အထူးသဖြင့် အာရှပြည်သူတွေက ကြိုဆိုကြပေမယ့် နိုင်ငံရေးမှာတော့ အမေရိကန်ဆို နိုး ဖြစ်ပါတယ်။ အာရှနိုင်ငံအများဟာ နိုင်ငံရေးမှာ တရုတ်၊ ရုရှားထက် အမေရိကန်ကို ပိုသတိထားကြပါတယ်။ အခုနောက်ဆုံး အမေရိကန်မှာ ဖြစ်သွားတဲ့ ယူနိုက်တက် လေကြောင်းလိုင်း (United Airlines) က ခရီးသည်တစ်ဦးကို လေယာဉ်ပေါ်က အတင်းအကျပ် ဆွဲချတဲ့ဖြစ်စဉ်မှာ ဆွဲချအနာတရ ရခဲ့သူဟာ တရုတ်အမျိုးသားတစ်ဦး ဖြစ်တယ်ဆိုပြီး ကနဦး သတင်းတွေ ထွက်လာလို့ တရုတ်နိုင်ငံမှာ အမေရိကန်အပေါ် မကျေနပ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်။ အခု နောက်ဆုံး ဆွဲချခဲ့ရသူဟာ တရုတ်လူမျိုး မဟုတ်ဘဲ ဗီယက်နမ်တစ်ဦး ဖြစ်တယ်ဆိုလို့ အမေရိကန်အပေါ် မကျေနပ်မှုက ဗီယက်နမ်ပြည်သူများအတွင်း ကူးစက်သွားတယ်။ 

မြောက်ကိုရီးယားနဲ့ဖြစ်လို့ တောင်ကိုရီးယားက အမေရိကန်ဖက်မှာ ရှိတယ်ဆိုပေမယ့် သွေးကတော့ စကား ပြောတယ်နော်။ စာရေးသူ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ ၂၀ဝ၆ ခုနှစ်မှာ ကျောင်းတက်စဉ်က မြောက်ကိုရီးယားနိုင်ငံက သူ့ရဲ့ ပထမဆုံး နျူကလီးယား စမ်းသပ်မှုကို ပြုလုပ်ခဲ့တယ်။ နိုင်ငံတကာ ထိပ်တန်း သတင်းတစ်ခု ဖြစ်သွားခဲ့တယ်။ စာရေးသူ မိတ်ဆွေ တောင်ကိုရီးယား ကျောင်းသားတစ်ယောက်ကို ဒီကိစ္စ ဆွေးနွေးကြည့်တော့ သူက မြောက်ကိုရီးယား နျူကလီးယား လက်နက် ပိုင်ဆိုင်သွားတာ တောင်ကိုရီးယား ပိုင်သွားတာပဲပေါ့ဆိုပြီး နောက်သလို ပြောင်သလို ပြောဆိုခဲ့တာ အမှတ်ရနေမိတယ်။ ၂၀၁၅ ခုနှစ်ကလည်း တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Mark Lippert ဆိုးလ်မြို့လယ်မှာ မြောက်ကိုရီးယား စာနာထောက်ခံသူ တောင်ကိုရီးယားတစ်ဦးက ဓားနဲ့တိုက်ခိုက်လို့ မျက်နှာမှာ အကြီးအကျယ် ထိခိုက်ခဲ့ရတယ်။ ချုပ်ဆိုရင် အခုလို အမေရိကန်နဲ့ မြောက်ကိုရီးယား ထိပ်တိုက်ရင်ဆိုင်မှုမှာ အမေရိကန်နိုင်ငံနောက်မှာ ဂျပန်ကလွဲရင် ဘယ်သူမှ တိတိကျကျ မရှိဘူး။ အမေရိကန်ကို နိုင်ငံတကာ ဆက်ဆံရေး သဘောအရသာ ထောက်ခံနေကြတာ ဖြစ်တယ်။

အခုဆို အမေရိကန် ဒုတိယသမ္မတ Mike Pence တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ကို သွားနေတယ်။ သူရောက်နေတဲ့အချိန် မြောက်ကိုရီးယားက နျူကလီးယား လက်နက်စမ်းသပ်မှု ပြုလုပ်ဖွယ် ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေတယ်။ အတိတ်ဖြစ်စဉ်များကို လေ့လာကြည့်မယ်ဆိုရင် မြောက်ကိုရီးယားဟာ ပွဲဆူအောင် လုပ်တဲ့နေရာမှာ ဆရာကြီးပဲ။ တစ်ဖက်သားကို ဆွပေးတဲ့နေရာမှာ အင်မတန် တော်တယ်။ နိုင်ငံရေးကို နားလည်တယ်။ အင်တာနက် မှတ်ချက်တစ်ခုမှာ မြောက်ကိုရီးယားဟာ မြန်မာနိုင်ငံက ဆရာတော် ဦးဝီရသူနဲ့ တူတယ်ဆိုလို့ မှတ်ချက်ဖတ်ရင်း ပြုံးမိခဲ့ရဲ့။ အမေရိကန်နဲ့ မတည့်တဲ့သူဆိုရင်လည်း လက်နက် ရောင်းတယ်။ လက်နက် တပ်ဆင်ပေးတယ်။ အခု အမေရိကန်နဲ့ အဆင်မပြေတဲ့ ဆီးရီးယား၊ အီရန်ဆိုတာ မြောက်ကိုရီးယားနဲ့ မကင်းဘူး။ မြောက်ကိုရီးယားဟာ မြန်မာနိုင်ငံက ကေအိုင်အိုနဲ့ တူတယ်ဆိုတဲ့ မှတ်ချက်များ တွေ့ရမလား လိုက်ရှာကြည့်မိသေးတယ်။ နိုင်ငံရေးနော်။ ရယ်ရတယ်။ နောက်ဆုံးတော့ အားလုံးက လူသားတွေပါပဲဗျာ။ ဒီဘဝ၊ ဒီတစ်သက်မှာ လူရယ်လို့ လာဖြစ်ကြတယ်။ လူသားအချင်းချင်း ငြိမ်းငြိမ်းချမ်းချမ်းသာနေထိုင်ကြရင် ဒီကမ္ဘာကြီး ဘယ်လောက်များ ငြိမ်းချမ်းလိုက်မလဲ။ အခုတော့ ကမ္ဘာ့နိုင်ငံ အများစုမှာ ပညာရေး၊ ကျန်းမာရေး အသုံးစရိတ်ထက် စစ်အသုံးစရိတ်တွေက များနေတယ်။  

မြန်မာနိုင်ငံတောင် ကံသီလို့နော်။ စစ်အစိုးရလက်ထက်က အင်မတန် အထီးကျန်ခဲ့တယ်။ ကိုယ့်ဘက်မှာ အာဆီယံနဲ့ တရုတ်ကလွဲရင် ဘယ်သူမှ မရှိချင်ဘူး။ တရုတ်ဆီက အစစအရာရာ မှီခိုနေခဲ့ရတယ်။ ဒီကြားထဲ စစ်အစိုးရဟာ  မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး တည်ဆောက်လာတော့ အနောက်အုပ်စု စိုးရိမ်ခဲ့တာက မြန်မာဟာ တစ်နေ့ မြောက်ကိုရီးယားလို ဖြစ်သွားမှာပဲ။ ဒါကို အမေရိကန်နဲ့ အနောက်နိုင်ငံတွေ သိပ်စိုးရိမ်တယ်။ ဒါပေမဲ့ အနောက်ကလူတွေ မသိတာ အဲဒီကာလ မြန်မာစစ်ခေါင်းဆောင်တွေက သူခိုးတွေ များတယ်။ သူခိုးဆိုတာ တင်စားတာပေါ့။ ကိုယ့်ဖို့ ကိုယ်အရင်ကြည့်ကြတဲ့သူတွေ များတယ်။ လုပ်လည်း လုပ်မယ်။ စားလည်း စားမယ် ဆိုတာမျိုးပေါ့။ မြောက်ကိုရီးယား ခေါင်းဆောင်တွေလို မပြတ် သားဘူး။ လုပ်ရည်ကိုင်ရည်လည်း မရှိဘူး။ ထားပါ။ တတိယ ကမ္ဘာစစ် အကြောင်းရေးရင်း ဘယ်တွေတောင် ရောက်ကုန်ပြီလဲ မသိတော့ဘူး။

ဒီတော့ဗျာ။ အခု ဖြစ်ပေါ်နေတဲ အမေရိကန်နဲ့ မြောက်ကိုရီးယား ထိပ်တိုက်တိုးမှုကနေ တတိယ ကမ္ဘာစစ်ကြီး ဖြစ်မလားဆိုတာ မဖြစ်နိုင်ဘူးဗျ။ ၁၉၅၀ ခုနှစ်များကလို မြောက်ကိုရီးယားက တောင်ကိုရီးယားကို ကျူးကျော် တိုက်ခိုက်တာမျိုး၊ အမေရိကန် ကြည်းတပ်တွေ မြောက်ကိုရီးယားအထိ ဝင်ရောက် တိုက်ခိုက်တာမျိုး မဖြစ်ခဲ့ဘူးဆိုရင် တတိယ ကမ္ဘာစစ် မဖြစ်နိုင်ဘူး။ အမေရိကန်က မြောက်ကိုရီးယားကို ဝင်ရောက်ဗုံးကြဲတာမျိုး၊ မြောက်ကိုရီးယားက တောင်ကိုရီးယားမှာရှိတဲ့ အမေရိကန် တပ်စခန်းတွေကို ပစ်ခတ် တိုက်ခိုက်တာမျိုး၊  မြောက်ကိုရီးယားနဲ့ မြောက်ကိုရီးယား လိုလားသူတွေကလည်း ကမ္ဘာအနှံ့ အမေရိကန် အကျိုးစီးပွားတွေကို ဝင်ရောက် တိုက်ခိုက်တာမျိုးတွေတော့ ဖြစ်လာနိုင်တယ်။ ချုပ်ပြောရရင် ဒီပွဲကို အပြတ် မဖြတ်နိုင်ရင် ရေရှည်မှာ အမေရိကန် ခံသွားရနိုင်တယ်။ ဆီးရီးယားကို တိုက်လိုက်၊ IS ကို တိုက်လိုက်၊ တာလီဘန်ကို တိုက်လိုက်၊ မြောက်ကိုရီးယားကို စစ်သံပေးလိုက်နဲ့ ကြာရင် စစ်ရေးကုန်ကျစရိတ်တွေများ၊ ပြည်ပမှာ ရန်သူတွေများ၊ ပြည်တွင်းမှာ ဆန့်ကျင်မှုတွေ ဖြစ်ပေါ်၊ တတိယ ကမ္ဘာစစ်မဖြစ်ဘဲ အမေရိကန်ဟာ အားအင်ချည့်နဲ့ပြီး သူ့ရဲ့ ကမ္ဘာ့ ဦးဆောင်မှု အခန်းကဏ္ဍကို တရုတ်နဲ့ ရုရှားတို့လက်ထဲ ပေးအပ်ရဖွယ်ရှိပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။ 

အောင်အောင် (IR)