POST TYPE

ARTICLE

အမေရိကန် စစ်သင်္ဘောအုပ်စုမှာ မူလကတည်းက မြောက်ကိုရီးယားသို့ ဦးတည်ခဲ့ခြင်း မရှိဟုဆို
20-Apr-2017 tagged as အမေရိကန်

ဝါရှင်တန်၊ ဧပြီ ၁၉

အမေရိကန် လေယာဉ်တင် သင်္ဘောကြီးနှင့် စစ်သင်္ဘောများမှာ မြောက်ကိုရီးယားသို့ ဦးတည်ခုတ်မောင်းလာခဲ့ခြင်း မဟုတ်ဘဲ ဆန့်ကျင်ဘက်လားရာသို့ ခုတ်မောင်းခဲ့ခြင်းသာ ဖြစ်ကြောင်း ပေါ်ပေါက်လာခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။

မြောက်ကိုရီးယား၏ နျူကလီးယား ရည်မှန်းချက်များကြောင့် ဆက်ဆံရေး တင်းမာနေချိန်တွင် ယူအက်စ်အက်စ် ကားလ်ဗင်ဆင် လေယာဉ်တင်သင်္ဘော ဦးဆောင်သော တိုက်ခိုက်ရေး ရေယာဉ်အုပ်စုကြီးသည် ကိုရီးယားကျွန်းဆွယ်သို့ ခုတ်မောင်းလာလျက်ရှိသည်ဟု ဧပြီလ ၈ ရက်နေ့တွင် အမေရိကန်ရေတပ်က ထုတ်ပြန်ခဲ့သည်။ 

ပြီးခဲ့သည့် အပတ်ကလည်း သမ္မတထရမ့်က စစ်သင်္ဘောအုပ်စု လွှတ်လိုက်ပြီဟု သုံးနှုန်းခဲ့သည်။

အမှန်တကယ်တွင်မူ ထိုသင်္ဘော အုပ်စုသည် ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်ကုန်အတွင်း ကိုရီးယားကျွန်းဆွယ်နှင့် ပိုဝေးသွားခဲ့ကာ ဆုန်ဒါရေလက်ကြားမှ တစ်ဆင့် အိန္ဒိယသမုဒ္ဒရာ အတွင်းသို့ ခုတ်မောင်းသွားခဲ့သည်။

စစ်သင်္ဘောအုပ်စုသည် ဧပြီလ ၈ ရက်နေ့တွင် စင်ကာပူမှ ထွက်ခွာလာပြီးနောက် သြစတြေးလျနိုင်ငံ ပါ့သ်မြို့ ဆိပ်ကမ်းတွင် ဆိုက်ကပ်မည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့သော်လည်း သြစတြေးလျ အနောက်မြောက် ကမ်းရိုးတန်းတွင် စီစဉ်ထားသည့်အတိုင်း စစ်ရေးလေ့ကျင့်နိုင်ခဲ့ကြောင်း အမေရိကန် ပစိဖိတ်ဒေသ စစ်ဌာနချုပ်က ဧပြီလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယခုအခါ စစ်သင်္ဘောအုပ်စုသည် ညွှန်ကြားထားသည့်အတိုင်း အနောက်ပစိဖိတ်သို့ ဆက်လက်ထွက်ခွာလျက် ရှိသည်ဟုလည်း ထုတ်ပြန်ထားသည်။

ကိုရီးယားကျွန်းဆွယ်သို့ ရောက်မလာခဲ့ခြင်းမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကို ခြောက်လှန့်ရုံသက်သက် လှည့်ဖြားခြင်းလော၊ အစီအစဉ် ပြောင်းသွားခဲ့ခြင်းလော၊ အချိတ်အဆက် နားလည်မှု လွဲခြင်းလော ဆိုသည်မှာမူ ရှင်းလင်းမှု မရှိပေ။

ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်အတွင်း မြောက်ကိုရီးယားနှင့် အမေရိကန်အကြား ဆက်ဆံရေး တင်းမာမှု အမြင့်ဆုံး ရောက်လာခဲ့ချိန်တွင် ယင်းစစ်သင်္ဘောအုပ်စုကြီး ခုတ်မောင်းလာပြီ ဆိုသော သတင်းမှာ အမေရိကန်က လက်ဦးမှုရယူ တိုက်ခိုက်တော့မည်လော ဆိုသည့် မေးခွန်းကို အားကောင်းစေခဲ့သည်။

အာရှမဟာမိတ်နိုင်ငံများသို့ ခရီးထွက်နေသော အမေရိကန်ဒုသမ္မတ မိုက်ခ်ပင့်စ်သည် ဂျပန်တွင် ဆိုက်ကပ်ထားသော အမေရိကန် အခြားလေယာဉ်တင် သင်္ဘောတစ်စင်း ဖြစ်သည့် ယူအက်စ်အက်စ် ရော်နယ်လ်ရေဂင်ပေါ်မှ မိန့်ခွန်းပြောရာတွင် သမားရိုးကျနှင့် မည်သည့် နျူကလီးယားလက်နက် အသုံးပြုမှုကိုမဆို အမေရိကန်က ထိထိရောက်ရောက် နှိမ်နင်းမည်ဟု ကြွေးကြော်ခဲ့သည်။

တောင်ကိုရီးယားသို့ ဦးစွာလာရောက်ခဲ့သော ပင့်စ်သည် ဧပြီလ ၁၈ ရက်နေ့တွင် ဂျပန်သို့ ဆက်လက်ထွက်ခွာခဲ့ခြင်း ဖြစ်သည်။ 

ပင့်စ်က မြောက်ကိုရီးယားသည်  အာရှပစိဖိတ်ဒေသ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အန္တရာယ် အကြီးဆုံးနှင့်  အလျင်စလို အနိုင်ဆုံး ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်သည်ဟု ဝေဖန်ခဲ့သည်။     

F-03