POST TYPE

ARTICLE

အချိန်မရွေး နျူကလီးယားစစ်ပွဲ ဖြစ်သွားနိုင်ဟု မြောက်ကိုရီးယား သံအမတ် ခြိမ်းခြောက်၊ အပတ်စဉ် ဒုံးကျည်စမ်းမည်ဟု မြောက်ဒုဝန်ကြီး ဆို
ကိုရီးယားကျွန်းဆွယ်တွင် အချိန်မရွေး နျူကလီးယားစစ်ပွဲ ဖြစ်သွားနိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား ဒုတိယသံအမတ် ကင်မ်အင်န်ယောင်က ဧပြီလ ၁၇ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း CNN က ဖော်ပြသည်။

အမေရိကန်၏ မြောက်ကိုရီးယားအပေါ် မဟာဗျူဟာအရ သည်းခံမှုခေတ် ကုန်ဆုံးပြီဟု တောင်ကိုရီးယားရောက် အမေရိကန်ဒုသမ္မတ မိုက်ခ်ပင့်စ်က ပြောကြားခဲ့ပြီးနောက် ကင်မ်အင်န်ယောင်က ကုလသမဂ္ဂတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ မိုက်ခ်ပင့်စ်က မြောက်ကိုရီးယား အနေဖြင့် သမ္မတသစ် ဒေါ်နယ်ထရမ့်၏ ဖြေရှင်းနည်းနှင့် အမေရိကန်၏ စစ်အင်အားကို မစမ်းသပ်ရန် သတိပေးခဲ့သည်။

ဒုတိယသံအမတ် ကင်မ်အန်ယောင်က ကိုရီးယားကျွန်းဆွယ်တွင် အမေရိကန်၏ ရေတပ်စစ်အင်အားပြမှုကို ဝေဖန်ခဲ့သလို ဆီးရီးယားတွင် အမေရိကန်က ဒုံးကျည်ပစ်လွှတ် တိုက်ခိုက်မှုများကိုလည်း ပြစ်တင်ခဲ့သည်။

“(ကိုရီးယား) ကျွန်းဆွယ်မှာ နျူကလီးယားစစ်ပွဲ အချိန်မရွေး ဖြစ်သွားစေနိုင်တဲ့ အန္တရာယ်ကြီးတဲ့ အခြေအနေကို ဖန်တီးရာရောက်စေသလို ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက်လည်း ကြီးစွာသော ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်ပါတယ်” ဟု ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား ဒုတိယသံအမတ်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ယခင်ကလည်း ကုလသမဂ္ဂတွင် အလားတူ သတိပေးမှုမျိုး ပြောကြားခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်တွင် အသုံးအနှုန်း အထူးပြင်းထန်ခဲ့သည်။

အမေရိကန်သည် ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖျက်ဆီးနေကြောင်း၊ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုကို ကျူးကျော်ခြင်းမှာ တရားမျှတ၊ သင့်လျော်သည်ဆိုသော လူမိုက်ယုတ္တိမျိုးကို ကျင့်သုံးနေကြောင်း ဝေဖန်ထားသည့် ကြေညာချက်ကို ကင်မ်အန်ယောင်က ဖတ်ပြခဲ့သည်။

မြောက်ကိုရီးယားသည် အမေရိကန်၏ စစ်ဆင်နွှဲရာရောက်သည့် မည်သည့်လုပ်ရပ်ကိုမဆို တုံ့ပြန်ရန် အသင့်ရှိနေပြီး၊ အမေရိကန်ဘက်မှ ဒုံးကျည် သို့မဟုတ် နျူကလီးယား တိုက်ခိုက်မှု လုပ်လာပါက အလားတူ တုံ့ပြန်သွားမည်ဟု မြောက်ကိုရီးယား သံတမန်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ နောက်ထပ် ဒုံးကျည်စမ်းသပ်မှု သို့မဟုတ် နျူကလီးယား စမ်းသပ်မှုများကို သည်းခံတော့မည် မဟုတ်ဟု အမေရိကန်ဒုသမ္မတ မိုက်ခ်ပင့်စ်က ပြောကြားထားသော်လည်း မြောက်ကိုရီးယားသည် အပတ်စဉ် ပုံမှန်လိုလို ဒုံးကျည်စမ်းသပ်မှုများ ဆက်လုပ်သွားမည်ဟု ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဟန်ဆောင်ယိုလ်က BBC သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

“အပတ်စဉ်၊ လစဉ်၊ နှစ်စဉ်လို လို ဒုံးကျည်စမ်းသပ်မှုတွေ ထပ်တိုးလုပ်ဆောင်သွားမှာပါ” ဟု ဒုဝန်ကြီးဟန် က BBC မှ ဂျွန်ဆုဒ်ဝေါ့သ်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“အမေရိကန်ကသာ ကျွန်တော်တို့ကို စစ်ရေးအရ တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်ဆိုရင် ကျွန်တော်တို့ဘက်က ကိုယ့်နည်းကိုယ့်ဟန်နဲ့ နျူကီလီးယား လက်ဦးမှုယူ တိုက်ခိုက်ခြင်းနဲ့ တုံ့ပြန်သွားမှာပါ” ဟု ဟန်ဆောင်ယိုလ်က BBC သို့ ပြောကြားသည်။