News

POST TYPE

ARTICLE

မြောက်ကိုရီးယား၏ အဝေးပစ် ဒုံးကျည်ပစ်လွှတ် စမ်းသပ်မှု မအောင်မြင်
ပြုံးယမ်း၊ ဧပြီ ၁၆

မြောက်ကိုရီးယား အာဏာပိုင်များသည် ယနေ့ (ဧပြီလ ၁၆ ရက်) တွင် အဝေးပစ်ဒုံးကျည်တစ်ခုကို ပစ်လွှတ်စမ်းသပ်ခဲ့သော်လည်း ကျရှုံးမှုဖြင့်သာ ရင်ဆိုင်ခဲ့ရကြောင်း BBC က ဖော်ပြထားသည်။

အမေရိကန်နှင့် တောင်ကိုရီးယား စစ်ဘက်အရာရှိများသည် မြောက်ကိုရီးယား အနေနှင့် ယခုတစ်ကြိမ် ဒုံးကျည်ပစ်လွှတ် စမ်းသပ်မှုကို အရှေ့ဘက်ကမ်းရိုးတန်းဒေသတွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း အတည်ပြုထားပြီဖြစ်ပြီး ဒုံးကျည်မှာ ပစ်လွှတ်လိုက်အပြီး စက္ကန့်ပိုင်းအတွင်း၌ပင် ပေါက်ကွဲပျက်စီးသွားသည်ဟု အမေရိကန် စစ်ဘက်အရာရှိများက အတည်ပြုထားကြသည်။

မြောက်ကိုရီးယား အာဏာပိုင်များသည် နိုင်ငံအုတ်မြစ်ချတည်ထောင်ခဲ့သူ နိုင်ငံ့ဖခင်ကြီး ကင်အီဆွန်း၏ ၁၀၅ နှစ်ပြည့် မွေးနေ့နှစ်ပတ်လည်နေ့တွင် ပြုံးယမ်းမြို့ရှိ ကင်အီဆွန်းရင်ပြင်၌ စစ်ရေးပြ ချီတက်ပွဲ အခမ်းအနားတစ်ရပ်ကို ကျင်းပခဲ့ပြီး ယင်းစစ်ရေးပြ ချီတက်ပွဲ အခမ်းအနားအပြီး တစ်ရက်အကြာတွင် ယခုအဝေးပစ် ဒုံးကျည်စမ်းသပ်မှုကို မြောက်ကိုရီးယားက လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။

မြောက်ကိုရီးယား အာဏာပိုင်များသည် အဆိုပါ စစ်ရေးပြ အခမ်းအနားတွင် အဝေးပစ် ဒုံးကျည်သစ်များကို ထည့်သွင်းပြသခဲ့ပြီး ယင်းဒုံးကျည်သစ်များ၏ အတွင်းတွင် တစ်စုံတစ်ရာ ထည့်သွင်းထားသည်၊ မထားသည်ကို အတည်ပြုနိုင်ရန်အတွက် အမေရိကန်နှင့် တောင်ကိုရီးယား စစ်ဘက်အရာရှိများက ကြိုးပမ်းစုံစမ်းနေကြဆဲ ဖြစ်သည်။

တောင်ကိုရီးယား စစ်ဘက်အရာရှိများသည် မြောက်ကိုရီးယား အာဏာပိုင်များ အနေနှင့် ယနေ့ လုပ်ဆောင်ခဲ့သော အဝေးပစ် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို ဆင်ပိုဆိပ်ကမ်းတွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းထုတ်ပြန်ထားပြီး ပေါက်ကွဲသွားသော ယင်းဒုံးကျည်အမျိုးအစား၏ အသေးစိတ် အချက်အလက်များကို သိရှိနိုင်ရန်အတွက်မူ အမေရိကန်နှင့် တောင်ကိုရီးယားတို့က နောက်ဆက်တွဲ စုံစမ်းစစ်ဆေးနေကြဆဲ ဖြစ်သည်။