News

POST TYPE

ARTICLE

အချုပ်ကျတရားခံ ထောင်တွင်းသို့ စိတ်ကြွဆေးပြားများ သယ်ဆောင်လာစဉ်ဖမ်းမိ
12-Apr-2017 tagged as မူးယစ်ဆေးဝါး

တောင်ငူ၊ ဧပြီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူ အကျဉ်းထောင်သို့ ဧပြီလ ၁၁ ရက်နေ့က အချုပ်ကျ တရားခံတစ်ဦး ရုံးထုတ်ပြန်လာစဉ် စအိုတွင်း လျှို့ဝှက် သယ်ဆောင်လာသည့် တရားမဝင် စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀ ကို အကျဉ်းဦးစီးဌာန တာဝန်ရှိသူများက ဖမ်းဆီးရမိခဲ့ကြောင်း တောင်ငူမြို့မရဲစခန်းမှ စုံစမ်း သိရှိရသည်။

ယင်းကဲ့သို့ မူးယစ်ဆေးဝါးများကို ထောင်တွင်း တရားမဝင် သယ်ဆောင်လာသူသည် တောင်ငူမြို့မရဲစခန်းက မူးယစ်မှုဖြင့် ဖမ်းဆီး တရားဆွဲဆိုခံထားရသူ တစ်ဦးဖြစ်ပြီး ဧပြီလ ၁၁ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က တောင်ငူမြို့နယ် တရားရုံးထုတ်မှပြန်လာစဉ် တောင်ငူ အကျဉ်းထောင်ဗူးဝတွင် အကျဉ်းစခန်း တာဝန်ရှိသူများက စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

“ရုံးထုတ် အကျဉ်းသား ကျား၊ မ စုစုပေါင်း ၅၂ ဦးကို တရားရုံးကနေ ထောင်ကို ပြန်အပို့မှာ ဖမ်းမိခဲ့တာပါ။ တရားခံနဲ့ အမှုတွဲတူ အမျိုးသားက ယူခိုင်းတာလို့ သိရတယ်”ဟု တောင်ငူမြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ အမှုနှင့်ပတ်သက်ပြီး စိတ်ကြွဆေးပြားများ သယ်ဆောင်လာသူ အသက်၂၅ နှစ် အရွယ် ဦးတင်ထွန်းလှိုင် (ခ) ဖိုးလပြည့်နှင့် သယ်ဆောင်ခိုင်းသည့် အသက် ၂၂ နှစ်အရွယ် နိုင်လင်းထက် (ခ) ကိုဦးဆိုသူတို့ကို တောင်ငူမြို့မရဲစခန်းက အမှု ထပ်မံဖွင့်လှစ်၍ တရားစွဲဆိုမည်ဖြစ်ကြောင်း အဆိုပါ စခန်းထံမှ သိရသည်။

R-15