News

POST TYPE

ARTICLE

လမ်းမတော်တွင် ကျပ်သိန်း ၁၄၀ဝ ခန့်ရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
06-Apr-2017 tagged as မူးယစ်ဆေးဝါး

ရန်ကုန်၊ ဧပြီ ၆

လမ်းမတော်မြို့နယ်၊ (၆) ရပ်ကွက်၊ ၁၄ လမ်း (အောက်ဘလောက်) ရှိ ငါးလွှာတိုက်ခန်းတွင် ဧပြီလ ၅ ရက် ည ၈ နာရီက တန်ဖိုးငွေကျပ်သိန်း ၁၄၀ဝ ခန့်ရှိ မူးယစ် ဆေးဝါးမျိုးစုံနှင့်အတူ အမျိုးသားတစ်ဦးကို ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းမိသည့် မူးယစ်ဆေးဝါးများမှာ WY စိတ်ကြွဆေးပြား၊ Ice နှင့် ဆေးခြောက်တို့ဖြစ်ပြီး ယင်းမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိခဲ့သည့် အသက် ၄၀ ဝန်းကျင်ရှိ အမျိုးသားမှာ ရန်ကုန်မြို့တွင်း မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူ ဖြစ်ကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။ 

“ဘုန်းကြီးလမ်းမှာ မူးယစ်ဆေးဝါး ဝယ်ပြီးပြန်လာတဲ့ တက္ကသိုလ်ကျောင်းသား တစ်ယောက်ကို ဖမ်းဆီးစစ်ဆေးခဲ့ရာက မူးယစ်ဆေးဝါး ရောင်းနေသူရဲ့ နေအိမ်တိုက်ခန်းကို သိခဲ့ရတာပါ၊ အမှုရဲ့ ကွင်းဆက် တရားခံတွေ ဖော်ထုတ် အရေးယူနိုင်ဖို့ စစ်ဆေးနေတာကြောင့် လတ်တလော သတင်းထုတ်ပြန်ပေးလို့ မရသေးဘူး”ဟု ၎င်းက ဆိုသည်။

ယခုနှစ် ရန်ကုန်တိုင်းဒေသကြီးတွင် ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ မူးယစ်ဆေးဝါး ဖမ်းဆီးမှု အမှုပေါင်း ၂၀ဝ ကျော် ရှိခဲ့ပြီး မဟာ သင်္ကြန်ကာလ နီးကပ်ချိန်ဖြစ်သောကြောင့် မူးယစ်ဆေးဝါးနှင့် အခြား လိင်စိတ်ကြွဆေးများကို စွန်ရဲစီမံချက်ဖြင့် အရှိန်မြှင့်တင် ဖော်ထုတ် ဖမ်းဆီးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03