News

POST TYPE

ARTICLE

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ မွတ်ဆလင်များအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု မရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
ရန်ကုန်၊ ဧပြီ ၆

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ မွတ်ဆလင် လူနည်းစုများအပေါ် လူမျိုးတုန်း သတ်ဖြတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဟူသော နိုင်ငံတကာ မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ရေးသားဖော်ပြနေမှုနှင့် ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မဟုတ်မမှန်ကြောင်း ငြင်းဆိုလိုက်သည်။

ဗြိတိန်အခြေစိုက် သတင်းဌာနဖြစ်သော BBC နှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် ဘင်္ဂါလီ မွတ်ဆလင်များအပေါ် လူမျိုးတုန်း သတ်ဖြတ်မှုများရှိသည် ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်၍ ယင်းသို့ ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးများ နေထိုင်ရာ ဒေသတွင် ပြဿနာများ ရှိနေသည်ဟူသည့် အချက်ကို ကောင်းစွာ သိရှိနားလည်ထားသည်ဟု နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်တစ်ဦးလည်း ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

သို့သော် ‘လူမျိုးတုန်း သတ်ဖြတ်မှု’ ဟူသည့် အသုံးအနှုန်းသည် အလွန်အမင်း ပြင်းထန်လွန်းလှသည့် အသုံးအနှုန်းဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

“အဲဒီမှာ လူမျိုးတုန်း သတ်ဖြတ်မှုတွေ ဖြစ်နေတယ်လို့တော့ ကျွန်မ မထင်ပါဘူး၊ လူမျိုးတုန်း သတ်ဖြတ်တယ်ဆိုတဲ့ စကားလုံးဟာ ဖြစ်နေတာတွေအတွက် ထုတ်ဖော်ပြောဆိုရာမှာ အင်မတန် ပြင်းထန်လွန်းလှတဲ့ သုံးနှုန်းမှုတစ်ခုလို့ ကျွန်မထင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။