News

POST TYPE

ARTICLE

ပြည်သူများ၏ မျှော်လင့်ချက်များကို မြန်မာအစိုးရဖြည့်ဆည်းပေးနိုင်ပြီလော

The Guardian မှ Poppy McPherson ရေးသားပြီး ဆောင်းဦးကိုကို ဘာသာပြန်ဆိုသည်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့်နှစ်ကတည်းက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟူသည့် ရာထူးကိုရယူကာ ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။ သို့သော် မြန်မာနိုင်ငံ၏ အခြေအနေမှာ များစွာ တိုးတက်ကောင်းမွန်သွားခြင်း မရှိသေးပါ။ ဆယ်စုနှစ်များစွာ ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းစစ် အရှိန် တက်ခဲ့သလို ဘင်္ဂါလီသူပုန်များကို တပ်မတော်က ဆိုးဆိုးရွားရွား နှိပ်ကွပ်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် အင်တာနက်ပေါ်တွင် လွတ်လပ်စွာ ပြောဆိုမှုကို ဖိနှိပ်ထားခြင်းမျိုးလည်း ရှိနေပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယင်းကိစ္စရပ်များ အပေါ်တွင် တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်းမျိုး မရှိပေ။

သံအမတ်များ၊ နိုင်ငံရေး လေ့လာစောင့်ကြည့်သူများက အစိုးရ၏ လုပ်ဆောင်ချက်များ အပေါ်တွင် နားလည်ရခက်နေပြီး ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုဟန်ပန်၊ သူ၏ အနာဂတ်အမြင်အပေါ် ရှင်းရှင်းလင်းလင်း မပြောကြားနိုင်မှုနှင့် လူနည်းစုများအပေါ် ခွဲခြားမှုအား ဆန့်ကျင်ကြောင်း ပြောကြားရန် တွန့်ဆုတ်နေမှုတို့နှင့် ပတ်သက်၍ မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။

တချို့က နှစ်ပေါင်း ၆၀ လောက် မှားနေခဲ့သည့် အရာကို လမ်းကြောင်းမှန်ပေါ် ရောက်အောင် ဆောင်ရွက်ရာတွင် အချိန်တော့ ယူရမည်ဟုဆိုကာ သူမဘက်က ကာကွယ်ပေးကြသည်။ တချို့မှာမူ သူမ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ နားမလည်နိုင် ဖြစ်နေကြသည်။

ယခု သူမသည် လွန်ခဲ့သည့် ၁၅ နှစ် နေအိမ် အကျယ်ချုပ်ကျခဲ့စဉ် သူ၏နေအိမ် ခြံအဝ၌ လူ့အခွင့်အရေး အကြောင်းများနှင့်ပတ်သက်၍ မိန့်ခွန်းများ ပြောကြားခဲ့သည့် ပုံစံမျိုးနှင့် လုံးဝ ကွဲပြားနေပြီဖြစ်သည်။ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့အတွက် သုတေသနများ ပြုလုပ်ပေးခဲ့သည့် David Mathieson ဆိုသူက “သူ (ဒေါ်အောင်ဆန်းစုကြည်)က စိတ်လှုပ်ရှားမှု အပြည့်ပဲ၊ ရယ်မောစရာတွေ ပြောတတ်တယ်၊ မူရှိတယ်၊ သတင်း အချက်အလက်တွေ များစွာကိုလည်း သိတယ်။ ဒါပေမဲ့ အခုတော့ အဲဒီအတိုင်း မလုပ်တာကို တွေ့ရတော့ ကျေနပ်အားရဖွယ် မရှိဘူးလို့ ကျွန်တော်ထင်တယ်”ဟု ဆိုသည်။

အရေးကိစ္စ မှန်သမျှ ဆုံးဖြတ်ချက် ချမှတ်သူ

အသက် ၇၁ အရွယ် ဒေါ်အောင်ဆန်းစုကြည်သည် အကျယ်ချုပ် ကျခဲ့စဉ်အတွင်း မွေးမြူခဲ့သည့် အလေ့အကျင့်အတိုင်း နေမထွက်ခင် အိပ်ရာထ၊ တရားထိုင်လေ့ ရှိသည်။ တစ်ခါတစ်ရံတွင် မနက်စာကို သူမ၏ အကြံပေး ဦးကျော်တင့်ဆွေနှင့် သုံးဆောင်လေ့ရှိသည်။ သူမ၏ အကြံပေးတစ်ဦးဖြစ်သူ ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည်သည် အစာကို အနည်းအကျဉ်းသာ စားလေ့ရှိပြီး သစ်သီးဝလံ၊ ဟင်းသီး ဟင်းရွက်နှင့် ငါးကိုသာ စားသည်ဟု ဆိုသည်။ တစ်ခါတစ်ရံတွင် ရုပ်ရှင်ကြည့်လေ့ရှိပြီး သူမကြိုက်သည့် သီချင်းများကို နားထောင်လေ့ ရှိသည်။ သို့သော် အချိန် အများစုမှာတော့ အလုပ်တွေချည်း လုပ်နေတတ်သူ ဖြစ်သည်။ လုပ်စရာတွေလည်း အများကြီး ရှိနေပါသည်။ 

သူမသည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တာဝန်အပြင် နိုင်ငံခြားရေးဝန်ကြီး၊ သမ္မတရုံးဝန်ကြီးနှင့် ကော်မတီ များစွာ၏ ဥက္ကဋ္ဌတာဝန်များကိုလည်း ထမ်းဆောင်လျက်ရှိသည်။ အနုစိတ် စီမံခန့်ခွဲသူ တစ်ယောက်ဟု သူမအား အများစုက သတ်မှတ်ကြပြီး အစီအရင်ခံစာများကို နာရီပေါင်း များစွာ အသေးစိတ် ဖတ်ရှုသူတစ်ဦး ဖြစ်သည်။ တရားရုံးချုပ်ရုံးနှင့် နီးစပ်သည့် သတင်း အရင်းအမြစ်အရ သူမသည် လွှတ်တော်သို့ တင်သွင်းမည့် ဥပဒေကြမ်း အားလုံးနီးပါးကို မတင်သွင်းခင် ဖတ်ရှုရန် တောင်းဆိုသည်ဟု ဆိုသည်။ ဝန်ကြီးများသည် ဆုံးဖြတ်ချက်များ ချမှတ်ပေးရန် အထက်သို့ ပုံမှန်တင်ပြကြရသည်။

မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်တစ်ဦးဖြစ်သော ဦးမြတ်ကိုက “သူ့အစိုးရအဖွဲ့မှာ မူဝါဒချမှတ်သူများ မရှိတာက အဓိက ပြဿနာပဲ”ဟုဆိုသည်။ သူမဘေးတွင် ဝန်းရံနေသည့် အကြံပေးများသည် ခါးသီးသည့်အမှန်တရားကို ပြောဆိုရန် စိုးရိမ်စိတ် အားကြီးနေကြသည်။ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်လုပ်ဆောင်နေသူတစ်ဦးက “သတင်းဆိုးတွေဆိုရင် သူ့ဆီ တစ်ခါတစ်ရံ မရောက်ဘူး”ဟု ဆိုသည်။ 

အသွင်ကူးပြောင်းရေး ခရီးကြမ်း

ယခုအုပ်ချုပ်ရေးမှာ ပြည်သူအများ မျှော်လင့်ခဲ့သည့် အုပ်ချုပ်ရေးမျိုးတော့ မဟုတ်ပေ။ တပ်မတော်ကလည်း အရေးကြီးသည့် ဝန်ကြီးဌာန သုံးခုကို ချုပ်ကိုင်ထားဆဲဖြစ်သည်။ သို့သော် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ သောင်ပြိုကမ်းပြို အနိုင်ရအပြီး စစ်တပ် ကျောထောက်နောက်ခံ အစိုးရကနေ အာဏာကို ချောချောမွေ့မွေ့ လွှဲပြောင်းရယူနိုင်ခဲ့ပါသည်။ အာဏာ လွှဲပြောင်းရယူပြီး ပထမ လအနည်းငယ်တွင် အစိုးရသစ်ထံကနေ သတင်းကောင်းများ ကြားခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသား များစွာ လွှတ်ပေးခဲ့သည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ဘင်္ဂါလီအရေးကိစ္စနှင့် ပတ်သက်၍လည်း ကိုဖီအာနန် ဦးဆောင်သည့် အကြံပေး ကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဩဂုတ်လတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ လုပ်ဆောင်ခဲ့သည်။ အမေရိကန်နိုင်ငံကလည်း စက်တင်ဘာလလယ်တွင် အရေးယူ ပိတ်ဆို့မှု အားလုံးကို ဖယ်ရှားပေးခဲ့သည်။ 

သို့သော် အစိုးရစဖွဲ့ကတည်းက ပြဿနာများ ရှိခဲ့သည်။ သူမ၏ အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့သည် ဘွဲ့အတုများ ရယူထားသူများ ဖြစ်သည်ဟု ကြားသိခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်အတွက် ရွေးချယ်စရာ များစွာ မရှိခဲ့ပေ။ အစိုးရအဖွဲ့အတွင်း အတွေ့အကြုံရှိသူများသည် ယခင် အုပ်ချုပ်ရေးက လူများပင်ဖြစ်နေသည်။ ပါတီအပေါ် သစ္စာရှိရေးမှာ အရေးကြီးလာခဲ့သည်။ NLD လွှတ်တော်အမတ်များအား မီဒီယာကို တစ်စုံတစ်ရာ မပြောကြားရန်နှင့် လွှတ်တော်အတွင်း အစိုးရ အကျပ်ရိုက်စေမည့် မေးခွန်းများ မမေးရန်ပင် မှာကြားထားလေသည်။

ရခိုင်ပြည်နယ်တွင် အောက်တိုဘာလက ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများနှင့် နိုဝင်ဘာလတွင် မြန်မာပြည် မြောက်ပိုင်း၌ တိုင်းရင်းသား လက်နက်ကိုင် လေးဖွဲ့ မဟာမိတ် ဖွဲ့စည်းမှုတို့နှင့် ပတ်သက်၍ အစိုးရက တစ်စုံတစ်ရာ ပြောကြားခြင်းမရှိဘဲ တိတ်ဆိတ်နေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဦးစားပေး အရာမှာ ငြိမ်းချမ်းရေးပင် ဖြစ်သည်။ သို့သော် ရှမ်းနှင့် ကချင်ပြည်နယ်တို့တွင် ပဋိပက္ခများ ပြင်းထန်လာခဲ့ပြီး ထောင်နှင့်ချီသော စစ်ဘေးဒဏ်သင့် ဒုက္ခသည်များသည် တရုတ်နိုင်ငံ နယ်စပ်အနီးသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ 

များမကြာမီကပင် တိုင်းရင်းသား ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်အား လူနည်းစု အရေးနှင့်ပတ်သက်၍ သူမ၏ သဘောထားကို မေးမြန်းခဲ့ကြသည်။ အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်များတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အဖျက်အမှောင့် လုပ်ရပ်များကိုသာ အလေးပေးဖော်ပြပြီး တပ်မတော်၏ ထိုးစစ်များကိုတော့ လျစ်လျူရှုထားသည်။ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် လေ့လာသုံးသပ်သူတစ်ဦးက “သူ့မှာ မဟာဗျူဟာတစ်ခု ရှိတယ်။ အဲ့ဒါကတော့ တပ်မတော်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ပဲ”ဟု ဆိုသည်။ 

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော လူမျိုးရေး ပဋိပက္ခများအပေါ် တစ်စုံတစ်ရာ မှတ်ချက်ပေးခဲ့ခြင်းလည်း မရှိပေ။ ထို့အပြင် NLD ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲ၌ လွှတ်တော် ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် အစ္စလာမ် ဘာသာဝင်များကို ပိတ်ပင်ခဲ့သည်။ သူမ၏ အကြံပေးတစ်ဦးဖြစ်သူ ဦးဝင်းထိန်က “သူက ကျွန်တော့်ကို ပြောခဲ့တယ်။ သူနိုင်ငံရေးထဲ ဝင်မယ်လို့  ဆုံးဖြတ်ပြီးတဲ့ အချိန်ကတည်းက သူဟာ အရာရာ ပြောင်းလဲသွားတယ်။ သူ့အပေါ် ဝေဖန်တာတွေကိုလည်း သူဂရုစိုက်မှာ မဟုတ်တော့ဘူး”ဟု ၁၉၈၈ ခုနှစ်၌ ဒေါ်အောင်ဆန်းစုကြည်က သူ့အား ပြောကြားခဲ့သည့် စကားကို ပြန်လည် ကိုးကားပြောဆိုခဲ့သည်။ 

လူမျိုးတုံး သတ်ဖြတ်ရန် အလားအလာရှိမှု

ဒေါ်အောင်ဆန်းစုကြည်အတွက် အကြီးမားဆုံးသော စိန်ခေါ်မှုမှာ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခပင် ဖြစ်သည်။ အောက်တိုဘာ ၉ တွင် ဖြစ်ပွားခဲ့သည့် ဘင်္ဂါလီ သူပုန်များ၏ တိုက်ခိုက်မှုအတွင်း ရဲကိုးယောက် အသက် ဆုံးရှုံးခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယင်းသတင်းကို ည သန်းခေါင်ယံ၌ ကြားသိခဲ့ရသည်။ နံနက်ခင်းသို့ ရောက်သောအခါ အစိုးရအရာရှိများ၊ ရဲအရာရှိများနှင့် အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်ပြီး ဆွေးနွေး တိုင်ပင်ခဲ့သည်။ ဦးဝင်းထိန်က “သူ့မှာ စိုးရိမ်မှု မရှိပါဘူး။ ဒါပေမဲ့ အေးအေးဆေးဆေးတော့ ဘယ်ဟုတ်မလဲ။ ဒေါသဖြစ်နေခဲ့တာ”ဟု ဆိုသည်။ 

စစ်သားများသည် မီဒီယာနှင့် အကူအညီပေးရေး အဖွဲ့များကို ပဋိပက္ခဖြစ်ပွားရာ နေရာသို့ မသွားရောက်ရန် ပိတ်ပင်ခဲ့သည်။ မြန်မာနိုင်ငံက ဘင်္ဂါလီ ထောင်ပေါင်း များစွာအား ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမဝင် ခိုးဝင်လာသည့်သူများ ဖြစ်သည်ဟု သတ်မှတ်ကြသည်။ အမျိုးသမီးတစ်ဦးက စစ်သားများသည် သူ့ကို မုဒိမ်းကျင့်ခဲ့ကာ သူ့ယောက်ျားနှင့် သားသမီး ခုနစ်ဦးကို သတ်သွားခဲ့ပြီး တစ်ဦးကတော့ လွတ်မြောက် ရှင်သန်ခဲ့သည်ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့က စွပ်စွဲ ပြောကြားမှုများသည် လုပ်ကြံဖန်တီးသည့် သတင်းများ ဖြစ်သည်ဟု ဆိုသည်။ ကုလသမဂ္ဂက မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့သည့် နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့သည် ယခုလို အချိန်အခါတွင် ပြဿနာကို အဖြေရှာခြင်းထက် ပိုမို ဆိုးရွားသွားစေလိမ့်မည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားသွားခဲ့သည်။ 

တောင်အာရှရေးရာ သံအမတ်က ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးသည် ဘင်္ဂလားဒေ့ရှ် သံရုံးသို့ သွားရောက်ခဲ့ပြီး ဘင်္ဂါလီအချို့ကို ပြန်လည် ပို့ဆောင်သွားမည်ဟု ကမ်းလှမ်းခဲ့သည်မှာ သုံးလရှိပြီဟု ဆိုသည်။ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း မြန်မြန်ဆန်ဆန် မှတ်ချက်ပေးမှုမျိုးလည်း မရှိခဲ့ပေ။ ဒီဇင်ဘာလက နိုဘယ်လ်ဆုရှင် ဒါဇင်ကျော်သည် ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ အိတ်ဖွင့်ပေးစာ တစ်စောင် ပို့ခဲ့သည်။ “လူမျိုးတုံးသတ်ဖြတ်ရန် အလားအလာရှိမှု”ဟု ရေးသားထားသည်။

ကတိပေးထားသလို မပြောင်းလဲသေး

အစိုးရဖြစ်ပြီး ၁၀ လအကြာတွင် ဒေါ်အောင်ဆန်းစုကြည်၏ အစ္စလာမ် ဘာသာဝင် ဥပဒေရေးရာ အကြံပေးတစ်ဦး လုပ်ကြံ သတ်ဖြတ်ခံခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဖြစ်ဖြစ်ချင်း ယင်းကိစ္စအပေါ် တစ်စုံတစ်ရာ မှတ်ချက်ပေးခဲ့ခြင်း မရှိခဲ့ပေ။ ဖေဖော်ဝါရီလကုန်ကျမှ ယင်းကိစ္စနှင့်ပတ်သက်၍ သူမ၏ သဘောထားကို ပြောကြားခဲ့သည်။ 

NLD လွှတ်တော် အမတ်များသည် လွတ်လပ်စွာ ပြောဆိုခွင့်ကို ဟန့်တားသည့် ၆၆ (ဃ) ကဲ့သို့သော ဥပဒေမျိုးကို ပြင်ဆင်နိုင်စွမ်း ရှိပါသည်။ သို့သော် အစိုးရကိုယ်တိုင် အစိုးရ ထိပ်ပိုင်းအရာရှိများအား ဝေဖန်သူများကို ယင်းဥပဒေဖြင့် တရားစွဲဆိုခဲ့ကြသည်။ ၂၀၁၇ အစပိုင်းတွင် ယင်းဥပဒေဖြင့် လူ ၃၈ ဦး တရားစွဲဆိုခံခဲ့ကြသည်။ အချို့မှာ အစိုးရနှင့် သက်ဆိုင်ခြင်း မရှိပေ။

“ဒါဟာ NLD မနှစ်က ရွေးကောက်ပွဲ ကာလတုန်းက ပေးအပ်သွားမယ်လို့ ကတိခံခဲ့တဲ့ အပြောင်းအလဲတွေ မဟုတ်ဘူးလေ”ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့၏ အရှေ့-တောင်အာရှနှင့် ပစိဖိတ်ဒေသရေးရာ ညွှန်ကြားရေးမှူး Champa Patel ကဆိုသည်။ သို့သော် အနောက်နိုင်ငံများ၏ သံအမတ်များကတော့ ဒေါ်အောင်ဆန်းစုကြည်အား သံသယ အကျိုးခံစားခွင့် ဆက်လက် ပေးထားဆဲ ဖြစ်သည်။ တချို့က ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ ကျောထောက်နောက်ခံ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းမှုကို ထောက်ခံကြသည်။ 

မျှော်လင့်ချက်များ

ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေးများသည် မီဒီယာများ၏ တွေ့ဆုံမေးမြန်းရန် တောင်းဆိုမှုများကို ငြင်းပယ်ခဲ့ကြသည်။ NLD ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သည့် ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ဆိတ်နေမှုကို နိုင်ငံရေးပါးနပ်မှုဟု ချီးမွမ်းပြောဆိုခဲ့ပြီး မီဒီယာများနှင့် တွေ့ဆုံခြင်းသည် အချိန်ကုန်လွန်းသည်ဟု ဆိုသည်။ သူ (ဦးဝင်းထိန်)က “ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော်တို့ကို စိတ်ပျက်နေတဲ့ လူတွေကို ကျေးဇူးပြုပြီး ပြောလိုက်ပါ။ သမိုင်းကို ပြန်ကြည့်ပါလို့။ ၂၇ နှစ်ကျော် ကျွန်တော်တို့ ရုန်းကန်ခဲ့ရတယ်။ တကယ့်ကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတာ။ အခုအချိန်က အရမ်း စောနေပါသေးတယ်။ ပြည်သူတွေက မျှော်လင့်ချက်တွေ တအားမြင့်လွန်း အားကြီးနေတယ်”

အစိုးရသည် လာဘ်ပေး လာဘ်ယူမှုကို အောင်မြင်စွာ ဟန့်တားခဲ့ပြီး လွတ်လပ်စွာ ပြောဆိုမှုကို ပိုမို ရရှိအောင် ဆောင်ရွက်ပေးခဲ့သည်ဟု ဦးဝင်းထိန်က ဆိုသည်။ “၆၆ (ဃ) နဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးက အငြင်းအခုံ ရှိနေတာပဲ။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့ထဲမှာ သူတစ်ဦးက အရာရာ ဆုံးဖြတ်ချက် ချမှတ်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေက အမှိုက်တွေပဲ”ဟု ဦးဝင်းထိန်က ထပ်လောင်း ပြောကြားသွားသည်။ 

တပ်မတော်နှင့် စဉ်ဆက်မပြတ် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခြင်းကသာ အုပ်ချုပ်မှုဖြစ်သည်ဟု သူကဆိုသည်။ စစ်တပ်ကျောထောက် နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အဖွဲ့ဝင်များက ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်မညီဘူး ဆိုသည်ကို စိန်ခေါ်ရန် စီစဉ်နေကြောင်း သူ့အား ပြောကြားခဲ့သည်။ 

ဘင်္ဂါလီ အရေးကိစ္စနှင့်ပတ်သက်၍ ဦးဝင်းထိန်၏အမြင်မှာ မြန်မာနိုင်ငံရှိ ပြည်သူအများစု၏ အမြင်ကို ထင်ဟပ်နေပါသည်။ “မွတ်ဆလင် လော်ဘီတွေက  အခက်အခဲတွေ ကြုံတွေ့နေရတဲ့ လူအုပ်ကြီးလို့ ပုံကြီးချဲ့ပြီး ပြောနေကြတယ်။ ရခိုင်ပြည်နယ်မှာ ၂၀၁၂ ကတည်းက ဘင်္ဂါလီ ၁၂၀,ဝ၀ဝ ကို ဒုက္ခသည်စခန်းမှာ  ထားရှိခဲ့တာ။ ဆယ်စုနှစ်ပေါင်း များစွာကတည်းက ကျွန်တော်တို့နိုင်ငံထဲကို တရားမဝင် ရွှေ့ပြောင်းနေထိုင်များအဖြစ် တသွင်သွင် ဝင်ရောက်လာခဲ့တာ။ ပြီးတော့ အစ္စလာမ္မစ် ထုံးတမ်း ဓလေ့တွေဟာ ဗုဒ္ဓဘာသာရဲ့ ယုံကြည်မှုတွေနဲ့ တစ်သားတည်း မကျပါဘူး”ဟု ဆိုသည်။ 

ဦးဝင်းထိန်သည် ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား မပြောဆိုနိုင်ပါ။ သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် ဘင်္ဂါလီများအပေါ် စာနာထောက်ထားမှုများ ရှိကောင်း ရှိနိုင်တယ်လို့ ထင်သလားဟု မေးကြည့်သည့်အခါ သူက ခေတ္တစဉ်းစားကာ “No”ဟု ဆိုခဲ့သည်။

Ref : Aung San Suu Kyi: Myanmar’s great hope fails to live up to expectations, The Guardian.