News

POST TYPE

ARTICLE

ဒေါ်အောင်ဆန်းစုကြည်နှင့် ကချင်လူထု ခေါင်းဆောင်များ တွေ့ဆုံ၊ ဆွေးနွေးမှုများတွင် အချက်နှစ်ချက် သဘောမကျဟု KIO ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွမ်မော်ပြော

မြစ်ကြီးနား၊ မတ် ၂၈

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြစ်ကြီးနား လေဆိပ်သို့ မတ်လ ၂၈ ရက်နေ့၊ နံနက် ၈ နာရီခွဲတွင် ရောက်ရှိကာ Palm Spring Hotel တွင် ကချင်လူထု ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ကချင်လူထုခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် KIO ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သည့် ဗိုလ်ချုပ်ဂွမ်မော်က ယင်းတွေ့ဆုံဆွေးနွေးမှုကို အားရကျေနပ်မှု ရှိပေမယ့် ဆွေးနွေးသည့် အချက်နှစ်ချက်ကို ဘဝင်မကျ ဖြစ်မိသည်ဟု ၎င်း၏ လူမူကွန်ရက် စာမျက်နှာတွင် ရေးသားတင်ပြခဲ့သည်။

ဆွေးနွေးမှုများတွင် “NCA (အပစ်ရပ်စာချုပ်) လက်မှတ် ရေးထိုးရေးဆိုတာ KIA ကလည်း လက်ခံပြီးသား ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ကြောင်း၊ NCA ကို အပြီးသတ် မဆွေးနွေးနိုင်သေး၍ ဆက်ပြီး ဆွေးနွေးနေရသည့် အနေအထားဖြစ်ရာ လက်ခံနိုင်သည့် အနေအထား ရောက်ပါက NCA လက်မှတ်ထိုးမည်ဟုသာ ပြောခဲ့ခြင်းဖြစ်ကြောင်း၊ လက်မှတ်ထိုးရန် လက်ခံထားပြီးသည့် အခြေအနေမျိုး မဟုတ်ကြောင်း ၎င်းက ရေးသားဖော်ပြထားသည်။

ဒုတိယအချက် အနေနှင့် ပင်လုံစာချုပ်တွင် တိုင်းရင်းသားများ အားလုံး မပါဝင်ခဲ့၍ ပင်လုံစာချုပ်ကို ပုံသေကိုင်စွဲ၍ မရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည့်အပေါ် တုံ့ပြန်ထားခြင်းဖြစ်ပြီး “ဒီလိုပြောမယ်ဆိုရင် ပင်လုံရဲ့ အနှစ်သာရကို မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်”ဟု ဆက်လက် ရေးသားထားသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကချင်လူထု ခေါင်းဆောင်များနှင့် တွေ့ဆုံပြီးနောက် မွန်းလွဲ ၁ နာရီခန့်က ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်စခန်း နှစ်ခုနှင့် မြစ်ကြီးနားရှိ ဆော့လော်ရေဘေးစခန်းသို့ သွားရောက်ကာ စစ်ရှောင်ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။

ကချင်ပြည်နယ်ရှိ စစ်ရှောင်စခန်းများ၌  နေထိုင်သူများ၏ ပညာရေးနှင့် ကျန်းမာရေးကို အဓိကထား၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မတ်လ ၂၈ ရက်နေ့က ဝိုင်းမော် မြို့နယ်ရှိ ခတ်ချို စစ်ရှောင်စခန်းနှင့် မိုင်းနား ကေဘီစီ စစ်ရှောင်စခန်းများမှ ဒုက္ခသည်များနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ပြော ဆိုလိုက်ခြင်းဖြစ်သည်။

“ပညာမတတ်ရင် ဘာမှလုပ်လို့ မရဘူး။ ကျန်းမာရေး မကောင်းလို့ အိပ်ရာထဲ လဲနေရင်လည်း ဘာမှလုပ်လို့ မရဘူး။ ဒါကြောင့် ပညာရေးနဲ့ ကျန်းမာရေးကို အဓိက ဆောင်ရွက်ပေးမယ်”ဟု ဒေါ်အောင် ဆန်းစုကြည်က ဆိုသည်။

ပြည်သူများအနေနှင့် စစ်ရှောင်စခန်းများအတွင်း နေထိုင်သည့်ကာလတွင် အကျိုးရှိသည့် အလုပ်များကို ဖန်တီးပေးမည်ဖြစ်ပြီး လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲများကိုလည်း ဖြေရှင်းပေးရန် ပြည်နယ်အစိုးရကို တိုက်တွန်း ပြောဆိုခဲ့သည်။

“ပြည်နယ်အစိုးရက အလုပ်အကိုင် ရရှိရေး ဆောင်ရွက်ပေးစေချင်တယ်။ စစ်ရှောင်ပြည်သူတွေ အနေနဲ့လည်း ငြိမ်းချမ်းရေးကို အတူတကွ ပါဝင် ဆောင်ရွက်ဖို့ ပြောချင်တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

လက်ရှိ စစ်ရှောင်စခန်းများမှ ကျောင်းတက်နေသည့် ကလေးများကို ခွဲခြားဆက်ဆံမှုများ ရှိနေပြီး အချို့ ကလေးငယ်များမှာ စားဝတ်နေရေး အဆင်မပြေမှုကြောင့် ကျောင်းထွက်ရသည့် ကလေးများလည်းရှိကြောင်း မိုင်းနား ကေဘီစီ စစ်ရှောင်စခန်း တာဝန်ခံ ဦးအောင်းလာက ပြောကြားသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ယခုခရီးစဉ်သည် NLD အစိုးရလက်ထက် ကချင်ပြည်နယ်အတွင်း ပထမဆုံးခရီးစဉ်လည်း ဖြစ်သည်။                                    
R-06