News

POST TYPE

ARTICLE

မူးယစ်ဆေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး မြန်မာနှင့် ဖိလစ်ပိုင် ပူးတွဲ လုပ်ဆောင်ရန် ဆွေးနွေး

နေပြည်တော်၊ မတ် ၂၀

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် လူကုန်ကူးမှု တားဆီးရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးတို့တွင် မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်တို့ ပူးပေါင်း လုပ်ဆောင်ရန် မြန်မာနိုင်ငံ အကြီးအကဲများနှင့် ဖိလစ်ပိုင်သမ္မတ မစ္စတာ ရိုဒရီဂိုရိုဝါ ဒူတာတေးတို့ ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက သတင်း ထုတ်ပြန်လိုက်သည်။

ယမန်နေ့ ညနေပိုင်းက မြန်မာအစိုးရ ရုံးစိုက်ရာ နေပြည်တော်သို့ ရောက်ရှိလာခဲ့သော ဖိလစ်ပိုင်သမ္မတ ဒူတာဒေးသည် ယနေ့ (မတ် ၂၀ ရက်)တွင် နိုင်ငံတော်သမ္မတ အိမ်တော်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ဖိလစ်ပိုင်သမ္မတ မစ္စတာ ရိုဒရီဂိုရိုဝါ ဒူတာတေးသည် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟို ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ရခိုင်ပြည်နယ်အတွက် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် အမေရိကန် ဒေါ်လာ သုံးသိန်း ထောက်ပံ့ခဲ့သည်။

ယင်းအပြင် အာဆီယံဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှု ပိုမို အားကောင်း ခိုင်မာစေရေး၊ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး၊ ကုန်သွယ်ရေး ကဏ္ဍနှင့် ဒေသနှင့်ကိုက်ညီသည့် စပါးမျိုးကောင်းမျိုးသန့်များ စိုက်ပျိုး ထုတ်လုပ်နိုင်ရေး အပါအဝင် စိုက်ပျိုးရေးကဏ္ဍ၊ အသက်မွေး ပညာကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရေးနှင့် နည်းပညာ အကူအညီပေးရေး၊ ရခိုင်ပြည်နယ် အရေးနှင့် လူသားချင်း စာနာမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

ဖိလစ်ပိုင်သမ္မတသည် ၎င်းတည်းခိုသည့် Horizon Lake View Hotel တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ညနေပိုင်းတွင် တွေ့ဆုံခဲ့ပြီးနောက် ညနေ ၆ နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော်တွင် သမ္မတဦးထင်ကျော် ဧည့်ခံသည့် ညစာ စားပွဲသို့ တက်ရောက်ခဲ့သည်။