News

POST TYPE

ARTICLE

ဒီမိုကရေစီ ခရီးကြမ်း လျှောက်လှမ်းနေရသည့် မြန်မာ

ဆောင်းဦးကိုကို ဘာသာပြန်သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ချန်ပီယံ ဒေါ်အောင်ဆန်းစုကြည်သည် သမိုင်းဝင်ရွေးကောက်ပွဲ၌ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည့်အခါ ပြည်သူလူထုက သူ့အပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိခဲ့သည်။ သို့သော် သူသည် အကြမ်းဖက် ပဋိပက္ခများ၊ စီးပွားရေး တုံ့နှေးနေမှု၊ တပ်မတော်နှင့် အာဏာခွဲဝေထားရမှု အစရှိသည့် စိန်ခေါ်မှုများစွာ ကြုံတွေ့နေရသည်။ 

ဒေါ်အောင်ဆန်းစုကြည် အနေနှင့် စိန်ခေါ်မှုများကို ကျော်လွှားမသွားနိုင်သေးသည်မှာ အံ့အားသင့်စရာ ကိစ္စတော့ မဟုတ်ပေ။ 

အာဏာစတင်ရယူခဲ့သည့် ကုန်လွန်ခဲ့သည့် တစ်နှစ်ကျော်ကာလ ကတည်းက သဘောထားကွဲလွဲမှုများနှင့် ရှုပ်ထွေးလှသည့် နိုင်ငံရေး အခင်းအကျင်းကြီး တစ်ခုလုံးကို သတိကြီးစွာ နည်းပေးလမ်းညွှန်မှုများ ပြုလုပ်ခဲ့သည်။ ပြည်သူများက သူ့အနေနှင့် သတိကြီးစွာ လုပ်ဆောင်ခဲ့သည်ဟု ဆိုကြသည်။ သို့သော် ဟန်ချက်ညီညီ ထိန်းကျောင်းနိုင်ရေးသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး တည်တည်ငြိမ်ငြိမ်ဖြစ်ဖို့ အတွက် အင်မတန်မှ အခရာကျပါသည်။ 

“ကျွန်တော်တို့ဟာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ဆီသို့ ရောက်အောင် လျှောက်လှမ်းနေရဆဲပါ။ ဒီမိုကရေစီ မရသေးပါဘူး” ဟု မန္တလေးတိုင်းဒေသကြီး၏ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။ ရခိုင်ဒေသတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများ၊ ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် ဖြစ်ပွားနေသည့် စစ်ပွဲများနှင့် မျိုးချစ်စိတ် ပြင်းထန်လွန်းသည့် ဗုဒ္ဓဘာသာဝင် ရဟန်းများ၏ ဟောပြောမှုများက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို နောက်ကြောင်းပြန်လှည့်သွားစေနိုင်သည့် စိုးရိမ်ရဖွယ် အခြေအနေများပင် ဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည်သည် အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ နိုင်ငံရေး၊ ဘာသာရေး ခေါင်းဆောင်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရှိ ခေါင်းဆောင်များ၏ စကားသံများကို နားထောင်ဖို့ လိုအပ်သည်။ ပြည်သူလူထုသည် သူ၏ နိုင်ငံ့အရေး ပြောကြားမှုများကို နားထောင်လိုကြသည်။ နိုင်ငံ့အနာဂတ်အတွက် သူ၏အမြင်များကို သိလိုကြသည်။ သူသည် ပြည်သူလူထုကို လှုံ့ဆော်စည်းရုံးနိုင်စွမ်း ရှိသည့် တစ်ဦးတည်းသော ခေါင်းဆောင် ဖြစ်နေသောကြောင့် ဖြစ်သည်။ 

တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် ၂၁ အဖွဲ့အကြား ဆယ်စုနှစ်များစွာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးသည့်နောက် ပြီးခဲ့သည့် ဦးသိန်းစိန်အစိုးရ လက်ထက်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ စတင်ဆောင်ရွက်ခဲ့သည်။ ထိုကြိုးစားအားထုတ်မှုကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်ကို ၂၀၁၅ ၌ ချုပ်ဆိုနိုင်ခဲ့သည်။ 

သို့သော် နောက်ပိုင်းတွင် အာဏာပိုင်များသည် လက်မှတ်ထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား စာချုပ်ပါ ကတိကဝတ်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်မှု အလွန်နည်းပါးခဲ့ပါသည်။ ထို့အပြင် မြန်မာပြည် အရှေ့မြောက်ပိုင်း၌ ဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် လူထောင်ပေါင်းများစွာ နေရာစွန့်ခွာ စစ်ဘေးရှောင်လျက် ရှိနေသည်။ ထိုအခြေအနေ အရပ်ရပ်များကြောင့် လက်မှတ်မထိုးသည့် ကျန်ရှိနေသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် အပစ်ရပ်စာချုပ်တွင် လက်မှတ်ထိုးရန် တွန့်ဆုတ်နေကြသည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂိုလ်ရေးသြဇာသည် ငြိမ်းချမ်းရေးဖြစ်စဉ် ဆက်လက်အကောင်အထည်ဖော်ရန် မရှိမဖြစ် အရေးကြီးသည်ဟု ဆိုချင်ပါသည်။ သူသည် အပစ်ရပ်စာချုပ်တွင် လက်မှတ်မထိုးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင်များနှင့် မတ် ၃ တွင် အောင်မြင်စွာ တွေ့ဆုံဆွေးနွေးနိုင်ခဲ့သည်မှာ သာဓကပင် ဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည်အတွက် အရေးကြီးသည့် နောက်လုပ်ငန်းစဉ်တစ်ရပ်မှာ စစ်ဘေးဒဏ်သင့်နေသော ကချင်၊ ရှမ်းပြည်နယ်ရှိ အချို့နေရာများကို သွားရောက်ရန်ပင် ဖြစ်ပါလိမ့်မည်။ ယင်းဒေသများတွင် နေထိုင်သည့် ဒေသခံပြည်သူများကို စာနာနားလည်မှုများ ပေးအပ်ဖို့အတွက် ဖြစ်သည်။ 

အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုမှာ မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးလည်းဖြစ်၊ တိုးတက်မှု အနှေးကွေးဆုံးလည်း ဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ရခိုင်ပြည်နယ်ရှိ လူမျိုးရေး ပဋိပက္ခပင် ဖြစ်သည်။ 

ဘင်္ဂါလီ မွတ်ဆလင် ဘာသာဝင် လူနည်းစုနှင့် ရခိုင်ဗုဒ္ဓဘာသာဝင် လူများစုအကြား မြေ၊ သယံဇာတ အရင်းအမြစ်နှင့် ဘင်္ဂါလီများအား မြန်မာနိုင်ငံသားများအဖြစ် သတ်မှတ်ပေးရေးတို့အပေါ် အမြင်သဘောထား မတူညီရာကနေ ပဋိပက္ခများဆီသို့ ဦးတည်သွားခဲ့ခြင်း ဖြစ်သည်။ ၂၀၁၂ ကတည်းက စတင်ကာ ပဋိပက္ခများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

၂၀၁၆ အောက်တိုဘာတွင် ရခိုင်ပြည်နယ် နယ်ခြားစောင့်တပ်အား ဘင်္ဂါလီ အကြမ်းဖက် သူပုန်အဖွဲ့က တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်သည် ယင်းဒေသတွင် စစ်ဆင်ရေးများ လုပ်ဆောင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ယင်းကိစ္စရပ်အပေါ်တွင် မှတ်ချက်တစ်စုံတစ်ရာပေးခြင်း မရှိဘဲ တိတ်ဆိတ်နေခဲ့သည်။ 

နိုင်ငံတကာ၏ စုံစမ်းစစ်ဆေးမှုများမရှိဘဲ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် လူမျိုးရေး ပြဿနာ၏ အဖြေကို ရှာတွေ့နိုင်မည့် အခွင့်အလမ်း နည်းပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယင်းပဋိပက္ခကို ဖြေရှင်းနိုင်ရန် မှန်ကန်မှုရှိသည့် လုပ်ရပ်များကို ဆောင်ရွက်လာခဲ့သည်။ အောက်တိုဘာလ တိုက်ခိုက်မှု မတိုင်ခင်က လူမျိုးရေး ပဋိပက္ခ ဖြစ်ပေါ်ရသည့် အကြောင်းရင်းကို လေ့လာစုံစမ်းရန်  စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်အား ကော်မရှင်၏ ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့သည်။ 

သို့သော် လွတ်လွတ်လပ်လပ် စုံစမ်းလေ့လာခွင့် မရခဲ့ပေ။ 

မြန်မာနိုင်ငံ၏ ရှုပ်ထွေးလှပြီး သမိုင်းကြောင်းအရ အမြစ်တွယ်နေသည့် ပဋိပက္ခများတွင် ဒေါ်အောင်ဆန်းစုကြည်မှာလည်း အရေးကြီးသည့် အခွင့်အလမ်းများ ဆုံးရှုံးခဲ့ရသည်။ ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်မှုရော၊ နိုင်ငံတကာ အသိုင်းအဝိုင်း၏ ထောက်ခံမှု လျော့ကျသွားနိုင်သည့် စွန့်စားရမှုမျိုးကို သူ တွေ့ကြုံ နေရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံက လိုအပ်နေသည့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်စွမ်း ရှိပါသည်။ သို့သော် သူသည် တပ်မတော်အပေါ် တိုက်ရိုက်အမိန့်ပေးနိုင်ခြင်းတော့ မရှိသေးပါ။ 

မြန်မာနိုင်ငံ အကြောင်းအရာများသည် ဆယ်စုနှစ်ပေါင်းများစွာ တိုင်အောင် ရိုးရိုးရှင်းရှင်းပင် ရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာရှင်၊ အဖိနှိပ်ခံ လူနည်းစု တိုင်းရင်းသားများနှင့် အာဏာရှင်၊ ရွှေဝါရောင် တော်လှန်ရေး ဗုဒ္ဓဘာသာဝင် ရဟန်းများနှင့် အာဏာရှင် အစရှိသည့် အကြောင်းအရာများသာ ဖြစ်သည်။ အခုအခါတွင် ထိုရိုးရှင်းသည့် အကြောင်းအရာများ နေရာတွင် ပိုမိုရှုပ်ထွေးပြီး နားလည်ရခက်သည့် အသွင်ကူးပြောင်းရေးဆိုင်ရာ ပြဿနာများကို အစာထိုး ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ 

မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပိုမိုကောင်းမွန်သည့် အုပ်ချုပ်ရေး ဖြစ်ထွန်းလာစေဖို့ အားထုတ်ကြိုးပမ်းဆောင်ရွက်လျက် ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော ပြုပြင်ပြောင်းလဲရေးသမားများအား (စစ်ဘက်နှင့် အရပ်ဘက်မှ) အမေရိကန်နိုင်ငံက စဉ်ဆက်မပြတ် ထောက်ပံ့ကူညီနေဖို့ လိုသည်။ 

သတင်းကောင်းများလည်း ရှိပါသေးသည်။ မြန်မာနိုင်ငံရှိ ပြုပြင်ပြောင်းလဲရေးသမားများသည် ခံယူချက် ပြတ်သားကြသည်။ လူထုအခြေပြု လှုပ်ရှားမှုများက ဘာသာအချင်းချင်းအကြား ပြန်လည်သင့်မြတ်အောင် မြှင့်တင်ပေးလျက်ရှိပြီး ပဋိပက္ခဆီ ဦးတည်သွားနိုင်သည့် အမုန်းစကားများကို ဆန့်ကျင်လျက် ရှိသည်။ 

မြန်မာနိုင်ငံတွင် မည်သို့ပင် ရှုပ်ထွေးသည့် ပြဿနာများ ရှိနေစေဦးတော့ ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုက အမေရိကန်နိုင်ငံအား မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထောက်ပံ့ကူညီပေးနိုင်ဖို့ အခွင့်အလမ်းကို ပေးအပ်ထားဆဲပင် ဖြစ်သည်။  

F-06       
Ref: Burma is still on the rocky road to democracy by Nancy Lindborg