News

POST TYPE

ARTICLE

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် တွေ့ဆုံခြင်း
20-Mar-2017 tagged as သင်္ကြန်

ယခုနှစ် ရန်ကုန်မြို့တွင် ကျင်းပမည့် မဟာသင်္ကြန်ပွဲတော်နှင့် ပတ်သက်ပြီး ရန်ကုန်မြို့တွင် သင်္ကြန်မဏ္ဍပ်များ ခွင့်ပြုပေးထားသည့် အခြေအနေများ၊ ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့တွင် ဆောက်လုပ်မည့် မြို့တော်ဝန်မဏ္ဍပ် ပြင်ဆင်မှု အခြေအနေများကို မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ပါသည်။

Voice : မြို့တော်ဝန်မဏ္ဍပ်ကို ဒီနှစ်မှာ ထူးထူးခြားခြား ဘယ်လိုပုံစံဆောက်ထားသလဲ။

UMMS : ဒီနှစ်အတွက်ကို မတူတာတော့ မဟုတ်ဘူး၊ နည်းနည်းလေး မဏ္ဍပ်မှာ ထည့်ချင်တာ (မြို့တော်ဝန်) မဏ္ဍပ်ရှေ့မှာ ခွပ်ဒေါင်းနှစ်ရုပ်ကို ထည့်ထားမယ်၊ မနှစ်နဲ့ မတူအောင် ကလေးတွေက အရမ်းပူတော့ မဏ္ဍပ်ရှေ့က မဟာဗန္ဓုလပန်းခြံရှေ့က ကန်ထဲမှာ ရေဆင်းကူးကြတယ်။ ရေပန်းတွေရှိတယ်၊ ဓာတ်လိုက်မှာလည်း ကြောက်တယ်။ အဲဒါကို အန္တရာယ်ကင်းအောင်၊ ရေပန်းလည်းထွက်အောင် လှလည်း လှအောင်ကို စီစဉ်ထားတယ်။ ကလေးတွေ ဆော့ရအောင် စီစဉ်ထားတယ်၊ အန္တရာယ်လည်း ကင်းအောင်ပေါ့။

Voice : မြို့တော်ဝန်မဏ္ဍပ်မှာ ခွပ်ဒေါင်းထည့်မယ့် အစီအစဉ်ကို ဘယ်လိုစိတ်ကူးရပြီး လုပ်ခဲ့ပါသလဲ။

UMMS : မဏ္ဍပ်ပေါ်မှာ ငါတို့ဒေါင်းက YCDC ရဲ့ ကဒေါင်းပေါ့။ နိုင်ငံရေးအရ ခေါ်ရင်တော့ ခွပ်ဒေါင်းပေါ့။ မဏ္ဍပ်ပေါ်မှာ ငါတို့ဒေါင်းက ကဒေါင်း ဖြစ်နေတယ်။ ငါစဉ်းစားနေတာ ကဒေါင်းကြီးကတော့ ပြည့်စုံသွားပြီး ခွပ်ဒေါင်းကတော့ လိုတယ်ပေါ့။ အိုင်ဒီယာ ရသွားတယ်။ ခွင့်ပြုပေးဖို့ကို တင်ပြထားတယ်။ ဒီနှစ်မြို့တော်ဝန်မဏ္ဍပ် နဖူးစည်းကို တစ်ဖက်တစ်ချက်စီမှာ ခွပ်ဒေါင်းထားမယ်လို့ ရည်ရွယ်ထားတယ်။

Voice : ဒီနှစ်မဏ္ဍပ်တွေမှာ စည်းကမ်းသတ်မှတ်ချက် အနေနဲ့ ဘယ်လိုများ ညွှန်ကြားထားပါသလဲ။

UMMS : ဒီနှစ်မှာ မဏ္ဍပ်ပရိုဂရမ်လေးတွေ ပြောင်းလဲထားတယ်။ ဝတ်စားဆင်ယင်မှုက အစပေါ့ ရှေးရိုးတော့ မဟုတ်ဘူး။ မြန်မာဆန်ဆန်ပေါ့။ ဘိုလိုဝတ်မယ် ဆိုရင်လည်း အပြည့်အစုံပေါ့။ ဘိုလိုဘောင်းဘီ ဖင်ကျပ်နဲ့ ညှပ်ဖိနပ်နဲ့တော့ တက်မလာနဲ့ပေါ့။ အောက်မှာ လူထုရှိနေတာဆိုတော့ အဲဒီအတွက် တောင်းပန်ထားတယ်။ မြန်မာ့ယဉ်ကျေးမှုသင်္ကြန် ဆိုတော့ မြန်မာနဲ့ နီးစပ်တဲ့ အထိအတွေ့လေး ပေးစေချင်တယ်။ ဒါကို အလေးထား လုပ်ထားတယ်။

Voice : မဏ္ဍပ်ဘယ်နှခုလောက် ချထားပေးသလဲ။

UMMS : မဏ္ဍပ်တွေ ပေးပါတယ်။ ဒါပေမဲ့ စီးပွားဖြစ်လုပ်တဲ့ မဏ္ဍပ်တွေကို ကန့်သတ်ထားတယ်။ သို့သော် ကိုယ့်ကုမ္ပဏီအတွက် ကြော်ငြာတဲ့မဏ္ဍပ် ရှိမယ်။ မိသားစုမဏ္ဍပ်တွေကို ပေးမယ်။ အရက်၊ ဘီယာတွေ ရောင်းတာမျိုး၊ မဏ္ဍပ်နောက်ကွယ်မှာ အဝတ်လဲခန်းလိုလို၊ အဲဒါတွေကို လုံးဝခွင့်မပြုဘူး။ မဏ္ဍပ်တွေကို ပလက်ဖောင်းအပေါ် ရောက်နေတာမျိုး ကန့်သတ်ချက်ထက် ကျော်တာမျိုး မရဘူး။ ကားသွားကားလမ်း လူသွားလမ်းတွေအတွက် ကျပ်တည်းမှုဖြစ်မှာစိုးလို့ လူထုအတွက် စဉ်းစားထားပါတယ်။ သက်သောင့်သက်သာ သွားလို့ရအောင် လုပ်ထားတယ်။

Voice : မြို့တော်စည်ပင်ရေးသာယာရေးဌာန  အနေနဲ့ မဏ္ဍပ်ချထားပေးမှု အခြေအနေလေး ပြောပြပေးပါ။

UMMS : အဲဒါက သူတို့လျှောက်တဲ့အပေါ် မူတည်တယ်။ ကန့်သတ်ထားတာတော့ ရှိတယ်။ ဘယ်နေရာမှာ ဘယ်မဏ္ဍပ်လုပ်မယ် ဆိုတာကို လုပ်ထားတယ်။ ဥပမာပေါ့ ကန်ဆို ဘယ်လိုကန်မျိုး ရေစီးရေလာကောင်းတာတွေ ရှိရမယ်။ ဒါတွေ ဒီဟာလုပ်လိုက်လို့ ရေညစ်ပတ်တာတွေ ကန်ထဲပြန်ဆင်းသွားတာမျိုး မရှိအောင် နေရာ Location တွေတော့ ထားထားတယ်။ အင်းလျားကန်လမ်းက လမ်းကျဉ်းတဲ့အတွက် မနှစ်က ရန်အများဆုံး ဖြစ်ခဲ့တယ်။ အဲဒီအတွက် ဒီနှစ်ကို အင်းလျားကန်ကို မဏ္ဍပ်ဆောက်ခွင့်မပေးဘူး။ မပေးချင်တော့ဘူး။ ကားနှစ်စင်းရှောင်လို့ မရဘူး။ အရင်နှစ်တွေကို ပြန်ကြည့်ရင် ထိခိုက်မှုအများဆုံး ဖြစ်တယ်။ နောက်ပြီး  ရေကို သုံးတဲ့အပိုင်းကို ဆင်ခြင်ရမယ်၊ အင်းလျားလမ်းမှာ မဏ္ဍပ်ဆောက်ခွင့် မပေးတာ ရေကြောင့်တော့ မဟုတ်ဘူး။ လမ်းက သိပ်ကျပ်နေလို့ပါ။

Voice : အင်းလျားလမ်းကို မဏ္ဍပ်မဆောက်ဖြစ်တော့ ဘယ်နေရာတွေ မဏ္ဍပ်ချပေးဖို့  စီစဉ်ထားသလဲ။

UMMS : သူတို့ ပရိုဂမ်ရှိတယ်။ သူတို့လျှောက်တဲ့ အပေါ်မှာ ရှိပါတယ်။ ဒါကို  ကြိုပြောလို့တော့ မကောင်းဘူး။ ပုဂ္ဂလိကအကျိုး မဟုတ်ပါဘူး။ လူထုအကျိုးအတွက်ပါ။ လူတွေပျော်ဖို့နဲ့ လူတွေသင့်တော်တဲ့ နေရာပေါ့။ အရင်တုန်းက ပုံစံဆို မဏ္ဍပ်များများလုပ်  မဏ္ဍပ်ဖြစ်ပြီးရော ပေးပိုက်ဆံဆိုတဲ့ ပုံစံမျိုး မဟုတ်ဘူး။ ဒါ လူထုအတွက် သင့်တော်လား မသင့်တော်ဘူးလားပေါ့။  အုပ်ချုပ်ရေးပိုင်ကော၊ လုံခြုံရေးပိုင်းကော ကိုယ်က ပံ့ပိုးရမယ် အဲဒီလို ရူထောင့်ကပဲ ဒီနှစ်သင်္ကြန်ကို  ကျင်းပမယ်လို့ စဉ်းစားထားတယ်။

ခင်မြတ်မြတ်ဝေ