News

POST TYPE

ARTICLE

ငါးနိုင်ငံလက်ဝှေ့စိန်ခေါ်ပွဲ စောဂေါ်မူတိုနှင့် အိကျူစံ သရေကျ
19-Mar-2017 tagged as လက်ဝှေ့

ရန်ကုန်၊ မတ် ၁၉

ရန်ကုန်မြို့ ရှိ သိမ်ဖြူလက်ဝှေ့ရုံ၌ ယနေ့ (မတ်လ ၁၉ ရက်)ကျင်းပခဲ့သော ငါးနိုင်ငံ လက်ဝှေ့စိန်ခေါ်ပွဲ၏ အဓိကတွဲဆိုင်းဖြစ်သည့် စောဂေါ်မူတိုနှင့် အိကျူစံ ယှဉ်ပြိုင်ထိုးသတ်ရာတွင် သရေပွဲဖြင့် ပြီးဆုံးခဲ့သည်။

ယင်းပွဲတွင် နှစ်ဦးစလုံး အမှားစောင့်ကာ ကစားနေသည့်အတွက် အစောပိုင်းတွင် အနည်းငယ် ပွဲအေးခဲ့သော်လည်း နောက်ပိုင်းတွင် နှစ်ဦးစလုံး၏ ထိုးကွက်များကြောင့် အကြိတ်နယ်ရှိခဲ့သောကြောင့် ပရိသတ်အကြိုက်ဖြစ်ခဲ့ကာ သရေပွဲဖြင့် ပြီးဆုံးခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံမှ ဒိုင်ကီကာနီကိုနှင့် အင်္ဂလန်နိုင်ငံမှ မာတင်ဆူတိုင်တို့ ပွဲတွင် ဒိုင်ကီကာနီကိုက အသာစီး ထိုးသတ်ခဲ့၍ မာတင်မှာ ပထမ အချီတွင်ပင် အနားတောင်းခဲ့ရပြီး ဒုတိယအချီ တစ်မိနစ် ၁၃ စက္ကန့်တွင်မူ တောင့်ခံနိုင်ခြင်း မရှိတော့သောကြောင့် ကာနီကိုက အလဲထိုးဖြင့် အနိုင်ရခဲ့သည်။ 

ရှမ်းကိုနှင့် စင်ရိုင်း(ထိုင်း)တို့ပွဲသည်လည်း အပြန်အလှန် ထိုးသတ်ခဲ့သောကြောင့် အကြိတ်အနယ်ရှိခဲ့ပြီး ရှမ်းကိုက စတုတ္ထအချီတွင် အလဲထိုးဖြင့် အနိုင်ယူခဲ့ကာ  သြစတြေးလျနိုင်ငံမှ သောမတ်ဟန်ဘီဂါနှင့် မြန်မာနိုင်ငံမှ ကြယ်စင်ဖြိုးတို့ပွဲသည်လည်း အနိုင်အရှုံးမပေါ်ဘဲ သရေပွဲ ဖြစ်ခဲ့သလို မြန်မာမှ စောထူးဇော်နှင့် ထိုင်းနိုင်ငံမှ ဟန်ချိုင်းဆူခူဗစ်တို့ပွဲမှာလည်း ပူးတွဲ သရေဖြင့် ပြီးဆုံးခဲ့သည်။

ပြည်တွင်းတွဲဆိုင်းအဖြစ် ထိုးသတ်သည့် ထွန်းမင်းနိုင်(မုဒုံ)နှင့် သိန်းနိုင်ထွန်း (ယူနိုက်တက်)၊ ဇာမဏီသွေး (ဧရာသား)နှင့် သန့်ဇင်မင်း (ထွန်းသွင်)၊ ဆလိုင်းချမ်းမြေ့ကို (ထွန်းသွင်)နှင့် စိုးဝင်းသန်း (ရန်စစ်ငြိမ်း)မှာလည်း ပူးတွဲသရေကျခဲ့သည်။

မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက် ထိုးသတ်သည့် မွေထိုင်းလက်ဝှေ့သမား အိကျူစံသည် ယခင်က ထက်အောင်ဦး၊ ရဲတံခွန်တို့နှင့် ထိုင်းနိုင်ငံတွင် ထိုးသတ်ခဲ့ဖူးပြီး ရဲတံခွန်ကို အလဲထိုးဖြင့် အနိုင်ရခဲ့ကာ ထက်အောင်ဦးကို သရေကစားထားသူဖြစ်သည်။

J-04