POST TYPE

ARTICLE

မန္တလေးက ရွှေစာရံပွဲတော်
19-Mar-2017 tagged as


“ကျွန်မတို့အရွယ် လှဖို့ရယ် ... အသက် မကြီးသေးပါ မောင်ရယ် ... ထန်းရွက်ပုတီးလေးဆွဲဖို့ ရွှေစာရံကို အရောက်သွားလို့ဝယ်”ဟူသော အဆိုတော် ညိုညိုစန်း၏ ထန်းရွက်ပုတီး သီချင်းသံ ပျံ့လွှင့်လာပြီဆိုမှဖြင့် ရွှေစာရံပွဲကြီး ရောက်တော့မည်ဟု ရွှေမန်းသူ ရွှေမန်းသားတွေ သိကြပြီ။ နွေဦးရာသီ တပေါင်းပွဲတော်ဟု လူသိများသော ရွှေစာရံပွဲတော်သည် တပေါင်းလဆန်းမှသည် လပြည့်ကျော် ၉ ရက်အထိ တစ်လလုံးနီးပါး ကျင်းပတတ်သည်။ 

“နွားကြန်စုံ ခြေကုန်မောင်းတော့ မြေတုန်စောင်းအောင် လှည်းဘီးလေးက ချာလည်ချာလည် ...”ဟူသော ရွာစား စိန်တင်ဟန်၏ ထန်းရွက်ပုတီးသီချင်း စာသားထဲက ရွှေစာရံ ဘုရားပွဲလာ လှည်းဝိုင်းတို့ကတော့ ယခုအခါ မရှိသလောက် ဖြစ်သွားပြီ။ ဆရာကြီး ရွှေဥဒေါင်း၏ တစ်သက်တာ မှတ်တမ်း စာအုပ်ထဲတွင် ရေးသားခဲ့ဖူးသည့် သူတို့ငယ်စဉ်က ရွှေစာရံ ဘုရားပွဲ မြင်ကွင်းမျိုး မဟုတ်တော့။

ဆရာကြီး ရွှေဥဒေါင်းတို့ ငယ်စဉ် ၁၉၀ဝ ပြည့်လွန်နှစ်များတုန်းကဆို မန္တလေး မြို့ပြင် အရှေ့တောင်ဘက်ရှိ ရွှေစာရံ ဘုရားပွဲတော် သွားရောက်ဖို့ လှည်းဝိုင်းတွေစုပြီး အောင်ပင်လယ်ကန်ဘောင်အတိုင်း တောထဲ ဖြတ်သန်းကြရသည်။ လမ်းမှာ ဆင်ခြေရာတွေ၊ ဆင်ချေးပုံကြီးတွေ တွေ့ရသည်။ တောထူထပ်၍ သူခိုး ဓားပြရန်လည်း ကြောက်ရသေးသည်ဟု ရေးသားခဲ့ဖူးသည်။ 

ယခု ရွှေစာရံဘုရားပွဲတော် ကျင်းပရာ အုန်းချောကျေးရွာအနီး၊ ဒုဋ္ဌဝတီ မြစ်ကမ်းပါးက ရွှေစာရံစေတီတော်ကို မန္တလေးမြို့ထဲမှဆိုလျှင် ၄၅ မိနစ်ခန့် သွားရုံနှင့် ရောက်နိုင်သည်မို့ သွားလမ်း လာလမ်း ယခင်ကလောက် မခက်ခဲတော့။ ကားနှင့်သွားမလား၊ ဆိုင်ကယ်နှင့်သွားမလား အဆင်ပြေနေသော လမ်းခရီးမို့ ရွှေစာရံ ဘုရားပွဲတော်သည်လည်း တစ်နှစ်ထက် တစ်နှစ် စည်ကားလာခဲ့သည်။

မန္တလေး-ပြင်ဦးလွင် လမ်းအတိုင်း အရှေ့ဘက်သို့သွားပြီး မုံတောလမ်းခွဲမှ ရွှေစာရံအထိ ကတ္တရာလမ်းက ဖြူးနေသည်။ နွေဦးကာလမို့ တောင်လေတို့နှင့်အတူ ဖုန်တွေက တလုံးလုံး။ အမျိုးသား ယဉ်ကျေးမှု တက္ကသိုလ်၊ ရွှေစာရံဂေါက်ကွင်း စသည်တို့ကို ကျော်လွန်ပြီး လမ်းဆုံးသည်နှင့် ရွှေစာရံဘုရားကို ဦးတိုက် ဖူးမျှော်ရလိမ့်မည်။

သစ္စာဓိဋ္ဌာန် ရွှေစာရံ၊ စောမွန်လှ၏ ရွှေစာရံ၊ အညာပုံရိပ် ရွှေစာရံ၊ ထန်းရွက် ပုတီးတို့၏ ရွှေစာရံသည် အခြားပွဲတော်များနှင့်မတူ ထူးခြားချက်များလည်း ရှိနေသည်။  ရွှေစာရံပွဲတော် အကြောင်းပြောမည်ဆိုလျှင် ရွှေစာရံ ဘုရားသမိုင်းက စပြောရပေလိမ့်မည်။

ပုဂံပြည့်ရှင် အနော်ရထာလက်ထက်က ရှမ်းစော်ဘွားများမှ ဆက်သလိုက်သော သမီးကညာ စောမွန်လှ၏ လွမ်းဆွတ်ဖွယ် သမိုင်းကစသည်။ ရှမ်းမင်းသမီး စောမွန်လှ အဖြစ်မှ မိဖုရားစောမွန်လှ ဘဝသို့ရောက်ခဲ့သော မင်းသမီးကား နန်းတော်ထက်တွင် အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်ခဲ့ရသည်။   မလိုသူတို့ ကုန်းချောမှုကြောင့် ပြည့်ရှင်မင်း ကိုယ်တိုင် စောမွန်လှအပေါ် အထင်လွဲပြီး ပြည်နှင်ဒဏ်ပေးခဲ့ရာ မိဖုရားစောမွန်လှ တစ်ယောက် မွေးရပ်မြေ ရှမ်းပြည်သို့ ပြန်လာခဲ့သည်။

အပြန်လမ်းတွင် နားတောင်းတစ်ဖက် ရေထဲသို့ ပြုတ်ကျခဲ့သော ချောင်းကို နားတောင်းကျချောင်းဟူ၍လည်းကောင်း ယခုတိုင် ခေါ်ဝေါ်နေဆဲ ဖြစ်သည်။  နားတောင်း ရေထဲကျစဉ် စောမွန်လှက သစ္စာဓိဋ္ဌာန် လိုက်သောကြောင့် စာငှက်များမှ နားတောင်းကိုချီပြီး ရေထဲမှဆယ်ကာ ဦးခေါင်းထက်တွင် ဝန်းရံ ပျံသန်းသည်ကို အစွဲပြု၍ ရွှေစာရံ ဘွဲ့မည်ဖြင့် စေတီတည်ခဲ့သည်ဟု သမိုင်းကြောင်းအရ သိရသည်။

စေတီတည်သည့်သတင်းကို အနော်ရထာမင်းကြား သိတော်မူသည့်အခါ မင်းချင်းများကို စေတီမည်သည့်အရပ်သို့ လှည့်သည်ကို လျှောက်ထားစေခဲ့သည်။  ပုဂံပြည်ရှိရာ တောင်အရပ်သို့ လှည့်ထားလျှင် သေဒဏ်လွတ်စေ၊ ရှမ်းကုန်းမြေရှိရာ အရှေ့အရပ်သို့ လှည့်ထားလျှင် သေဒဏ်ပေးစေဟု အမိန့်တော်ပါးလိုက်ရာ မူလက  အရှေ့အရပ်သို့ လှည့်ထားသော စေတီကို နတ်တို့က တန်ခိုးဩဇာဖြင့် လှည့်ပေးလိုက်သောကြောင့် စေတီသည် အရှေ့တောင်အရပ်သို့ မျက်နှာမူနေသည်ကို မင်းချင်းတို့ တွေ့ရှိပြီး ပုဂံပြည်သို့ ပြန်သွားခဲ့ရသည်ဟုလည်း အဆိုရှိသည်။ 

မည်သို့ပင်ဖြစ်စေ၊ နှစ် ၉၀ဝ ကျော် သမိုင်းကြောင်းနှင့် ရွှေစာရံစေတီသည် ဒုဋ္ဌဝတီမြစ်ကမ်းပါးထိပ်မှာ ထီးထီးတည်နေတုန်း၊ နှစ်စဉ်ဘုရားဖူးသူ၊ အစ်မတော် စောမွန်လှ ကိုးကွယ်သူတို့ဖြင့် စည်ကားနေတုန်းဖြစ်သည်။ ရွှေစာရံစေတီတော်၏ ထူးခြားချက်တစ်ခုကို ပြောရမည်ဆိုလျှင် မြန်မာနိုင်ငံတွင်ရှိသမျှ ဘုရားများ အားလုံးအနက် ဆည်းလည်း အများဆုံးရှိသည့် ဘုရားဟုလည်း ဆိုရပေမည်။ သံခွေခုနစ်ရစ်နှင့် ဆွဲထားသော ဆည်းလည်းတွေက  တောင်လေ တိုက်တိုင်းမှာ တချွင်ချွင်။ ရွှေစာရံပွဲတော်တွင် ဆိုင်ခန်းထွက်ကြသော ဈေးသည်တွေကတော့ ဆည်းလည်း သံသာလေ ဈေးရောင်းကောင်းလေဟု  အဆိုရှိကြသည်။

ရွှေစာရံဟု ဆိုလိုက်သည်နှင့် ဘုရားစောင်းတန်း ဆိုင်ခန်းများတွင် ရောင်းချကြသော ထန်းရွက်ပုတီး၊ ထန်းရွက်ငါး၊ ထန်းတံခွန်လုံး၊ ထန်းလက်ယပ်တောင်တွေကလည်း မပါမဖြစ်ပင်။ ရွှေစာရံပွဲ လာသည်နှင့် ဘုရားဖူးတို့က ထန်းရွက်ပုတီးတွေ ဝယ်ကြပြီ။ ပွဲကပြန်သည်နှင့် ကားတွေ  ဆိုင်ကယ်တွေမှာ ထန်းရွက်ငါးမောင်နှံတွေ၊ ထန်းတံခွန်လုံးတွေ၊ ထန်းလက်ယပ်တောင်တွေ တို့လို့တွဲလောင်းနှင့် အိမ်ပြန် လက်ဆောင် ဝယ်သွားတတ်ကြသည်မှာ ရွှေစာရံ ဘုရားဖူးလာ ပြည်သူတိုင်း၏ ဓလေ့တစ်ခုပင် ဖြစ်သည်။

ထိုထန်းလက်ထွက် လက်မှုပစ္စည်းလေးများသည် တကယ်တော့ ရွှေစာရံ ဒေသထွက်ပစ္စည်း မဟုတ်ပါ။ ကျောက်ဆည်မြို့အနီး ညောင်ဝန်းရွာမှ လာရောက်ရောင်း ချပြီး ရွှေစာရံ အထိမ်းအမှတ်လက်ဆောင် ဖြစ်လာခြင်းပင်။ ထန်းရွက်ပုတီး ရောင်းချဖို့  ရွှေစာရံဘုရားပွဲမတိုင်မီ သုံးလခန့်ကတည်းက ကြိုတင်ပြင်ဆင်ပြီး ပုတီးထိုး ထားရသည်။ ထန်းရွက်ငါးများကတော့ ကြိုတင် ထိုးထားပြီးမှ သယ်လာလျှင် လမ်းခရီးတွင် ကျိုးကြေတတ်သောကြောင့် ရွှေစာရံရောက်မှသာ ငါးရုပ်တွေ ထိုးရသည်ဟု ညောင်ဝန်းရွာသား ထန်းလက် ပုတီးပညာရှင် ဦးတာကဆိုသည်။

ထန်းလက်ပုတီးတို့သည် ရွှေစာရံ ပွဲတော်ရောက် အမှတ်အသားဖြစ်သလို ထန်းလက် ငါးရုပ်လေးများသည် ရွှေစာရံ ပွဲတော်ချိန်တွင် ဒုဋ္ဌဝတီမြစ်ထဲမှနေ၍ ဘုရားကို ဦးတိုက်လာတတ်သော ငါးကြီးများကို ကိုယ်စားပြုသည်ဟုလည်း ရှေးလူကြီးများက ဆိုကြသည်။ ထန်းတံခွန်လုံးတွေကတော့ အိမ်တံခါးဝတွေမှာ ချိတ်ဖို့  ဝယ်ကြသည်များလည်း ရှိသည်။ ရွှေစာရံ၏ အထိမ်းအမှတ် မုန့်ကတော့ မုန့်ခေါင်းအုံးဟုခေါ်သည့် ထန်းလျက်ရည် ညိုညိုဆမ်းထားသော မရွေး မုန့်တုံးကြီးများ ဖြစ်သည်။ တစ်ဆယ်သားငါးရာ ငါးရာဟု အော်ရောင်းရင်း ဓားနှင့်လှီး၊ ငှက်ပျောရွက်ပေါ် ပစ်တင်ပြီး ထည့်ပေးလိုက်သော မုန့်ခေါင်းအုံးကြီးများကို ပွဲတော်လာ ပရိသတ်လက်ထဲမှာ မြင်တွေ့နိုင်သေးသည်။

ရွှေစာရံပွဲတော်၏ ထူးခြားချက် နောက်တစ်ခုမှာ အညာကုန်စည်၊ တောင်ပေါ် ကုန်စည်ဖလှယ်ရာ၊ ပေါင်းဆုံရာပွဲဈေးဟု ဆိုလျှင်လည်း မမှားချေ။ ရှမ်းမင်းသမီးဖြစ်သော စောမွန်လှ၏ဇာတိ တောင်ပေါ်မြေမှ ရှမ်းသွေးချင်း ကုန်သည်တို့ကလည်း ရွှေစာရံပွဲတော်ကို အရောက်လာပြီး ကုန်စည်တွေ ရောင်းဝယ်ကြသည်။ မြေပြန့်မန္တလေးတစ်ဝိုက် ဒေသခံတွေကလည်း ရွှေစာရံပွဲတော်ကို လာရောက် ဆင်နွှဲရင်း လယ်ယာ ကိုင်းကျွန်းအတွက် လိုအပ်သော ကုန်စည်တွေ ဝယ်ခြမ်းကြသည်။ ထို့ကြောင့် ရွှေစာရံ ဘုရားပွဲခင်းထဲတွင် ရှမ်းပြည်ထွက် ဒိုးသီး၊ တရော်ခေါက်၊ ကင်ပွန်းသီး၊ သဇင်ဥ၊ ဆေးမြစ်ဆေးဥများလည်း တွေ့နိုင်သလို အညာလယ်ယာသုံး၊ လုပ်ငန်းခွင်သုံး၊ အိမ်သုံးပစ္စည်းများ ဖြစ်သည့် တူရွင်း၊ ထွန်သွား၊ နှီးတောင်း၊ ခမောက်၊ ဖျင်စောင်၊ သင်ဖြူးဖျာ၊ ဒန်အိုး၊ မြေအိုး စသော အသည်များပါ တွေ့နိုင်သေးသည်။

နတ်ဖြစ်သွားသည်ဟု ယူဆကြသော အစ်မတော် စောမွန်လှထံ ကန်တော့ပွဲပေးလျှင်၊ တစ်နှစ်တစ်ခါပသလျှင် စီးပွား လာဘ်လာဘ ကောင်းသည်ဟုဆိုကာ  နှစ်စဉ် ရွှေစာရံပွဲ လာရောက် ဆင်နွှဲကြသူတွေလည်းမနည်း။ ရောက်သည်နှင့် ဘုရားမုခ်ဝအနီးမှာ အုန်းပွဲ၊ ငှက်ပျောပွဲဝယ်မည်။ နတ်ထိန်းများထံ တတွတ်တွတ် အပူကပ်ကြမည်။ နတ်ချော့ကြမည်။ သူ့ယုံကြည်မှုနှင့်သူ၊ သူ့အပူနှင့်သူ လူတအုံးအုံးနှင့် ဘုရားရင်ပြင် တစ်ဝိုက်သည် ခြေချစရာပင် အတော် ရှာယူရသည်။

ဘုရားတောင်ဘက် ဒုဋ္ဌဝတီ မြစ်ကမ်းဘေးတွင်တော့ အစားအသောက် မျိုးစုံ ရနိုင်သော ထန်းလက်တဲ၊ မိုးကာတဲလေးများက ဟိုနားတစ်စု၊ သည်နားတစ်စု။  အချို့လည်း စက်လှေငှားကာ သောင်တစ်ဖက်ကမ်းအထိ၊ နဂါးရုံဘုရားအထိ ကူးပြီး ရေဆော့ကြသည်များလည်း ရှိသည်။ နွေရာသီ၏အပူ၊ ပွဲတော်လာ လူအုပ်၏အပူကို ဒုဋ္ဌဝတီမြစ်ရေက အေးချမ်းစေသည်။ 

ကျွဲနဖားတောင်အောက် ဒုဋ္ဌဝတီ ပတ်လည်ရစ်သော တောရိပ်တောင်ရိပ်နှင့် ရွှေစာရံပွဲတော်သည် အညာအငွေ့အသက်၊ နွေအငွေ့အသက် အပြည့်နှင့် ပွဲတော်ဟုဆိုလျှင်လည်း မမှားချေ။ ရွှေစာရံ ဘုရားပွဲလာသူတို့ ထန်းရွက်ပုတီးတွေ ဝယ်ကြ၊ ကိုယ်စီဆွဲကြမည်။ အပြန် ထန်းလက်ငါးတွေ၊ ထန်းလက်ယပ်တောင်တွေ ဝယ်သွားကြမည်။ ရွှေစာရံပွဲတော် စည်ကားပုံအကြောင်းတွေကို တခုတ်တရ ပြောကြမည်။ အိမ်ပြန်ရောက်လျှင် အိမ်နီးချင်းတွေ၊ မိတ်ဆွေတွေကို ထန်းရွက်ပုတီးတွေ ဝေကြဦးမည်။

ကိုးကွယ်မှု၊ ယုံကြည်မှုဆိုသည်ထက် အညာဓလေ့ ရိုးရာပွဲတော် တစ်ခုသဖွယ်ဖြစ်နေသော ရွှေစာရံ၏ ချစ်စရာ့ အလှပန်းချီတွင် ထန်းရွက်ပုတီးတွေ၊ ထန်းလက်ငါးတွေနှင့် ဒုဋ္ဌဝတီမြစ်ရေတို့က အမြဲ အသက်ဝင်နေပါလိမ့်ဦးမည်။ 

ယဉ်ယဉ်နှောင်း

  • TAGS