News

POST TYPE

ARTICLE

သင်္ကြန်ကာလ မတိုင်ခင် အဝေးပြေးကား လက်မှတ်ခ ၅၀ ရာခိုင်နှုန်း တိုးရန် လုပ်ငန်းရှင်များ တောင်းဆို
ရန်ကုန်၊ မတ်လ ၁၇

ယခုနှစ် မဟာသင်္ကြန်ကာလ မတိုင်ခင်တွင် အဝေးပြေး ကားလက်မှတ်ခနှုန်းထားများကို မူလထက် ၅၀ ရာခိုင်နှုန်း တိုးရန် လုပ်ငန်းရှင်များ တောင်းဆိုထားကြောင်း ရန်ကုန်မြို့တော် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ထံမှ သိရှိရသည်။

“သူတို့ဘက်ကတော့ အပြန်မှာ လူမပါဘူးပေါ့။ ဒါကြောင့် တိုးချင်တယ်။ ဒါပေမယ့် မပြတ်သေးပါဘူး”ဟု အဖွဲ့တွဲဖက်အတွင်းရေးမှူး ဦးသန်းဝင်းက ပြောကြားသည်။

ဧပြီလ ၉ ရက်နေ့မှ ဧပြီလ ၁၂ ရက်နေ့အထိ ယာဉ်စီးခ လက်မှတ်များကို တိုးမြှင့် ကောက်ခံခွင့်ရရန် လုပ်ငန်းရှင်များဘက်က တောင်းဆိုနေခြင်းဖြစ်ပြီး ယင်းကိစ္စနှင့်ပတ်သတ်ပြီး အာဏာပိုင်အဖွဲ့နှင့် လုပ်ငန်းရှင်များ ညှိနှိုင်းဆွေးနေရဆဲ ဖြစ်သည်။

“ဈေးတက်ဖို့အထဲမှာ ကျွန်တော်တို့ မပါဘူး။ မူရင်းဈေးနဲ့ပဲ ရောင်းမယ်လို့ ပြောထားတယ်။ ဒီရက်ပိုင်းအတွင်းမှာ ဘယ်လောက်ရမှာမို့လို့လဲ။ အရင်နှစ်တွေက ဈေးတင်ရောင်းရင်တောင် ဒဏ်ရိုက်နေတာ။ ဒါကို လက်ခံ ဆွေးနွေးနေတယ် ဆိုတာကို စဉ်းစားလို့ကို မရတာ”ဟု JJ ယာဉ်လိုင်းမှ ရှယ်ယာရှင် တစ်ဦးဖြစ်သူ ဦးမြင့်ဦးက ဆိုသည်။

ယာဉ်စီးခ တက်လိုသည့် လုပ်ငန်းရှင်များမှာ ပွဲတော်ရက် မတိုင်ခင်တွင် ဓာတ်ဆီဈေးကို ထိန်းချုပ်ပေးရန်နှင့် အပြန်ခရီးစဉ်တွင် လူမပါသဖြင့် အရှုံးခံ ပြေးဆွဲရသည့်အပေါ်တွင် ကာမိစေရန် တိုးမြှင့်တောင်းဆိုနေရခြင်းဖြစ်ကြောင်း ဆွေးနွေးပွဲတွင် ပါဝင်သူ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် သင်္ကြန်ကာလရုံး ပိတ်ရက်ရှည်များတွင် အဝေးပြေးယာဉ်လိုင်းများ၏ ကားလက်မှတ် ဈေးနှုန်း ပိုမိုရောင်းချခံထားရသည့် ခရီးသည်များအတွက် မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီက ပြန်လျော်ပေးခဲ့ပြီး အဝေးပြေးယာဉ်တစ်စီးလျှင် ဒဏ်ငွေ ငါးသောင်း ပေးဆောင်ရန် သတ်မှတ်ခဲ့သည်။