News

POST TYPE

ARTICLE

နေပြည်တော်ရထား တောင်ကိုရီးယား မမီတော့ဘူးလား
မြန်မာနိုင်ငံတွင်းရှိ တောင်ကိုရီးယား၏ အကျိုးစီးပွားများသည် ဈေးချိုသည့် လုပ်သားခ၊ လူဦးရေ ၅၁ သန်းခန့် ရှိသည့် ဈေးကွက်၊ သဘာဝသယံဇာတများ စသည့် မြန်မာ့စီးပွားရေးဆိုင်ရာ ပစ္စည်းဥစ္စာများသာ ဖြစ်သည်။ ယင်းအပြင် တောင်ကိုရီးယားနိုင်ငံအတွက် မဟာဗျူဟာ အခန်းကဏ္ဍမှ ပိုမိုလှုပ်ရှားပေးရေး မြန်မာနိုင်ငံတွင် အလားအလာများစွာလည်း ရှိနေသေးသည်။

မြန်မာနိုင်ငံတွင်း တောင်ကိုရီးယား စီးပွားရေး ပါဝင်ပတ်သက်မှုသည် နယ်ပယ်စုံတွင်ဖြစ်ကာ ဆိုးလ်သည် နေပြည်တော်၏ အရေးပါသော ကုန်သွယ်မှုမိတ်ဖက်အဖြစ် ပေါ်ထွက်လျက်ရှိသည်။ ၂၀၁၂  ခုနှစ်တွင်း တောင်ကိုရီးယား၏ အကူအညီသည် ဒေါ်လာသန်း ၂၀ ကျော်ထိရှိပြီး ၂၀၁၃- ၂၀၁၅ ကာလအတွင်း ကူညီမှုသည် သန်း ၅၀ အထိရှိသည်။ ထို့အပြင် တောင်ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၏ ထိပ်တန်းဦးစားပေးနိုင်ငံ ၁၀ ခုတွင် မြန်မာနိုင်ငံ အပါအဝင် ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်မှ စတင်ပြီး နှစ်နိုင်ငံကြား ကုန်သွယ်မှု သုံးဆတိုးလာပြီး ၂၀၁၅ ခုနှစ်တွင် ကုန်သွယ်မှု ဒေါ်လာ သန်း ၈၅၀ ကျော်ထိ ရှိကာ တောင်ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံ၏ ဆဋ္ဌမမြောက် အကြီးမားဆုံး ပို့ကုန်နိုင်ငံ ဖြစ်လာသည်။ အလားတူ မြန်မာနိုင်ငံ၏ ထိပ်တန်းရင်းနှီးမြှုပ်နှံမှု နိုင်ငံ ၁၀ ခုတွင် တောင်ကိုရီးယားနိုင်ငံ ပါဝင်ပြီး အာဆီယံဒေသတွင်း တောင်ကိုရီးယား ရင်းနှီးမြှပ်နှံမှု စတုတ္ထမြောက် အများဆုံးနိုင်ငံ ဖြစ်သည်။

ယင်းကဲ့သို့သော ခြေလှမ်းများ လှမ်းထားသော်လည်း တောင်ကိုရီးယားနိုင်ငံသည် ၎င်း၏ အိမ်နီးချင်း နိုင်ငံကြီးများနှင့် မြန်မာနိုင်ငံတွင်း ယှဉ်ပြိုင်ရေး ခက်ခဲလျက် ရှိနေသေးသည်။ အခြားသော အရှေ့အာရှနိုင်ငံများနှင့် ယှဉ်ပါက မြန်မာနိုင်ငံသို့ ပေးအပ်သည့် တောင်ကိုရီးယား ကူညီထောက်ပံ့မှုများသည် နှိုင်းရအားဖြင့် သေးငယ်လျက် ရှိသည်။ အကူအညီပေးရေး နယ်ပယ်တွင်းတွင် အနောက်တိုင်းနှင့် အရှေ့တိုင်း နိုင်ငံများစွာဖြင့် ပြည့်နှက်လျက် ရှိသော်လည်း စီမံကိန်းများကို စီမံရန် သို့မဟုတ် ရန်ပုံငွေများကို အသုံးပြုရန်ပင် မြန်မာနိုင်ငံတွင် စွမ်းရည်မရှိပေ။ ၂၀၁၄  ခုနှစ်တွင် မြန်မာနိုင်ငံ၏ အဓိကသွင်းကုန် နိုင်ငံများသည် တရုတ် (၄၂ ရာခိုင်နှုန်း)၊ ထိုင်း (၂၀ ရာခိုင်နှုန်း) နှင့် စင်ကာပူ (၁၀ ရာခိုင်နှုန်း) တို့ ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံ၏ ၃ ဒသမ ၈ ရာခိုင်နှုန်းသည် သိသိသာသာ နောက်ကောက်ကျနေသည့် ပမာဏ ဖြစ်သည်။ တောင်ကိုရီးယား  နိုင်ငံ၏ မြန်မာနိုင်ငံတွင်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၁၇၀ သည် စင်ကာပူ၏ ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံ၊ တရုတ်နိုင်ငံ၏ ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံတို့နှင့် ယှဉ်လျှင် သိသိသာသာ နည်းနေသေးသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင်း စီးပွားရေးရာ ပါဝင်ပတ်သက်နေမှုများကို တောင်ကိုရီးယား မမြှင့်တင်နိုင်ပါက မြန်မာနိုင်ငံအပေါ် ပိုမိုလွှမ်းမိုးထားနိုင်ရန် တောင်ကိုရီးယား မျှော်လင့်နိုင်မည် မဟုတ်ပေ။ ထို့အပြင် စီးပွားရေးရာ ဆက်ဆံမှုများသည် နိုင်ငံရေးရာ ဆက်ဆံမှုအပေါ် အများအားဖြင့် အရိပ်မည်းထိုးလျက် ရှိသည်။ တောင်ကိုရီးယားနိုင်ငံ ပါဝင်ပတ်သက်မှုများသည်  အငြင်းပွားဖွယ် မရှိသော်လည်း မြန်မာနိုင်ငံတွင်း တောင်ကိုရီးယားနိုင်ငံ ပါဝင်ဆောင်ရွက်လျက် ရှိသည့် ရေရှည်ရည်ရွယ်ချက်များသည် ကောင်းမွန်စွာ စီမံထားခြင်း မရှိသေးပေ။ တောင်ကိုရီးယားနိုင်ငံ၏  သုံးစွဲမှုများသည် ၎င်း၏ ရင်းမြစ်များကို  အကောင်းဆုံး ပုံဖော်နိုင်ခြင်း မရှိမည့် အန္တရာယ်နှင့် ကြုံတွေ့နေရသည်။ ထို့အပြင် မကြာသေးခင်က ဖြစ်ပေါ်ခဲ့သည့် ပထဝီ နိုင်ငံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများကြောင့် မြန်မာနိုင်ငံတွင်း တောင်ကိုရီးယားနိုင်ငံ၏ အခန်းကဏ္ဍကို ပြန်လည်သုံးသပ်မှုသည် အချိန်မီတော့မည် မဟုတ်ပေ။

အာရှတိုက်တွင်း အမေရိကန် ပါဝင်မှုကို မြှင့်တင်ရန်၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ပိုမိုပူးပေါင်းလုပ်ဆောင်ရန်၊ ကိုရီးယားကျွန်းဆွယ်အပေါ် ထားရှိသည့် အမေရိကန် မဟာဗျူဟာကို ပြန်လည်စဉ်းစားရန် အမေရိကန် ရွေးကောက်ပွဲမတိုင်ခင်တွင် Asia Foundation က ထုတ်ဝေသည့် အာရှဒေသတွင်း အမေရိကန် အခန်းကဏ္ဍအပေါ် အာရှသားများ၏ အမြင် အစီရင်ခံစာတွင်  ဖော်ပြထားသော်လည်း အာရှဒေသအပေါ် ထားရှိသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ စိတ်ဝင်စားမှုသည် အနည်းငယ်သာ ရှိသည်။ တောင်ကိုရီးယားနိုင်ငံသည် ထရမ့်၏ ဦးစားရေးနိုင်ငံ မဖြစ်နိုင်ပေ။ အလားတူ မြန်မာနိုင်ငံရေး အသွင်ကူးပြောင်းမှုကိုလည်း ထရမ့် အုပ်ချုပ်ရေးအဖွဲ့က အနည်းငယ်သာ စိတ်ဝင်စားမည်ဟု ယူဆပါက မှားယွင်းမည် မဟုတ်ပေ။ ယင်းသို့သော အချက်များကြောင့်ပင် တောင်ကိုရီးယားနိုင်ငံသည် အမေရိကန် မဟာဗျူဟာအများအတွက် လိုအပ်သည့် နိုင်ငံတစ်ခု ဖြစ်ကြောင်း တောင်ကိုရီးယားက သတိပေးရန် လိုအပ်နေသည်။ ယင်းရည်မှန်းချက် ရယူရေးတွင် မြန်မာနိုင်ငံတွင်း တောင်ကိုရီးယားနိုင်ငံ ပါဝင်တည်ရှိနေမှုကို အသုံးချ လုပ်ဆောင်နိုင်သည်။ မြန်မာနိုင်ငံကို ဝါရှင်တန်က ရှုမြင်ရာတွင်  အမေရိကန်-တရုတ် ဆက်ဆံရေး ဆိုသည့် မှန်ပြောင်းမှ တစ်ဆင့် ကြည့်မည် ဖြစ်သည်။ မြန်မာနိုင်ငံနှင့် တိုက်ရိုက်ဆက်သွယ်ရန်  ဝါရှင်တန်က တွန့်ဆုတ်နိုင်ခြင်းကြောင့်  အမေရိကန် မဟာမိတ် တောင်ကိုရီးယားက ပိုမိုကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားလာနိုင်သည်။ ယင်းသို့ လှုပ်ရှားမှုကို ဘေဂျင်းကလည်း သံသယ ဝင်နိုင်ခြေ နည်းသည်။

မြန်မာအသွင်ကူးပြောင်းမှု ခိုင်မာစေရေး လိုအပ်သည့် ရင်းမြစ်များအားလုံး တောင်ကိုရီးယားနိုင်ငံတွင် ရှိနေသည်။ တောင်ကိုရီးယား၏ ကိုယ်ပိုင်အတွေ့အကြုံ၊ နိုင်ငံရေးနှင့် သမိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး မရှိမှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်လိုစိတ်တို့ကြောင့် တောင်ကိုရီးယားနိုင်ငံသည် အနောက်နိုင်ငံများနှင့်ယှဉ်လျှင် မြန်မာနိုင်ငံ ပိုမိုလိုလားသည့် မိတ်ဖက်ဖြစ်လာနိုင်သည်။ မြန်မာအစိုးရအဖွဲ့သည် ဝါရှင်တန်နှင့် အနီးကပ် စစ်ရေးပူးပေါင်းနိုင်သည့် အနေအထားတွင် မရှိသလို  ပူးပေါင်းလိုစိတ်လည်း မရှိပေ။ မြန်မာလက်နက်ကိုင်တပ်ဖွဲ့များ၏ အခြေအနေ၊ ထောက်ပံ့မှု၊ လေ့ကျင့်ပေးရန် လိုအပ်မှုတို့ကြောင့် တောင်ကိုရီးယားနှင့် လုံခြုံရေး ပူးပေါင်းခြင်းဖြင့် တပ်မတော် အကျိုးဖြစ်ထွန်းနိုင်သည်။ ဝါရှင်တန်ကလည်း တိုက်ရိုက်ပါဝင်ရန် မလိုအပ်ပေ။  ယင်းအပြင် ကျယ်ပြန့်ပြီး တိတိကျကျရှိသည့် စွမ်းရည်တည်ဆောက်ရေး အစီအစဉ်များကို မြန်မာနိုင်ငံ၏ အစွန်အဖျားဒေသများတွင် လုပ်ဆောင်ခြင်း၊ အစိုးရအရာရှိများ အပြန်အလှန်  လည်ပတ်သွားရောက်ခြင်း၊ အကူအညီပေးရေး အစီအစဉ်များအပေါ် ပိုမိုအာရုံစိုက် လုပ်ဆောင်ခြင်းတို့ကို ထိန်းချုပ်မှုနှင့် တာဝန်ယူမှုရှိစွာ လုပ်ဆောင်ခြင်းဖြင့် တောင်ကိုရီးယားက ပိုမိုကူညီသွားနိုင်သည်။ ဆင်းရဲသည့်နိုင်ငံမှ ချမ်းသာသည့်နိုင်ငံ  အဆင့်သို့၊ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းလာသည့် တောင်ကိုရီးယားဇာတ်လမ်းကို အသွင်ကူးပြောင်းမှု လုပ်ဆောင်ဆဲ နိုင်ငံများတွင် မျှဝေပေးပါက လွန်စွာတန်ဖိုးရှိမည် ဖြစ်သည်။ သို့သော်လည်း ယင်းကဲ့သို့သော မျှဝေပေးမှုနှင့် ပတ်သက်လျှင် တောင်ကိုရီးယားနိုင်ငံသည် သိသာထင်ရှားစွာပင် ထိန်းထိန်းသိမ်းသိမ်း ရှိနေသေးသည်။ လက်တွေ့နိုင်ငံရေးက အသာစီး ရနေသဖြင့် တောင်ကိုရီးယား နိုင်ငံ၏ ချဉ်းကပ်မှုများ အားလုံးသည် တရုတ်နိုင်ငံဆိုသည့် အချက်ကို ဖယ်ထုတ်စဉ်းစား၍ မရသေးပေ။

အထက်ဖော်ပြပါ ရည်မှန်းချက်များကို အကောင်အထည်ဖော်မှုမှ တောင်ကိုရီးယားကို ချုပ်နှောင်ထားသည့် အချက်နှစ်ခု ရှိသည်။ ပထမအချက်သည် နိုင်ငံခြားရေးမူဝါဒ ချမှတ်ရေးနှင့် ပတ်သက်လျှင် တောင်ကိုရီးယားနိုင်ငံသည် လူတစ်ဦး၊ အိုင်ဒီယာတစ်ခုအပေါ် အလွန်အကျွံ ဘက်လိုက်မှု ဖြစ်သည်။ ယင်းကြောင့် တိုင်းပြည်၏ ရေရှည်အကျိုးစီးပွားများ မည်သည့်အရာများဖြစ်သည် ဆိုသည်နှင့် ပတ်သက်၍ သဘောတူညီချက် မရနိုင်အောင် ဖြစ်နေသည်။ ထို့ကြောင့် အတိတ်ကာလများက  နိုင်ငံခြားရေး မူဝါဒနယ်တွင် သမ္မတ၏ အမြင်များ အလွန်အကျွံ ပါဝင်ခဲ့ပြီး ပထဝီနိုင်ငံရေး အာရုံစိုက်မှုများတွင် တစ်ခုခု တစ်ခု ထပ်သွားခြင်းများ ပေါ်ပေါက်ခဲ့သည်။ ထို့အပြင် ယခင်လူဟောင်းများ လုပ်ဆောင်ခဲ့သည်ကို အစီအမံသစ်များဖြင့် အစားထိုးရန်သာ လုပ်ဆောင်ခဲ့သဖြင့် နိုင်ငံခြားရေးမူဝါဒ တစ်ဆက်တည်း ရှိမှုကို နှောင့်ယှက်စေတော့သည်။

ဒုတိယအချက်သည် တောင်ကိုရီးယားနိုင်ငံတွင်း မိတ်ဖက်ပူးပေါင်းမှုဆိုင်ရာ ကျွမ်းကျင်မှု အကန့်အသတ်ဖြင့် ရှိနေခြင်း၊ အစိုးရ၊ ပညာရှင်နှင့် စီးပွားရေးလုပ်ငန်းများကြား ဆက်သွယ်ပြောကြားမှု ကင်းမဲ့နေခြင်း ဖြစ်သည်။ အစိုးရအေဂျင်စီများ၊ အချို့သော ပညာရေးဆိုင်ရာ အဖွဲ့အစည်းများကြားတွင်ပင် နိုင်ငံတစ်ခုချင်းစီကို မဆိုနှင့် အရှေ့တောင်အာရှဒေသ တစ်ခုလုံးနှင့် ဆက်သွယ်နိုင်သည့် စွမ်းရည်အကန့်အသတ်သာ ရှိသည်။ ထို့အပြင် တောင်ကိုရီးယား သံတမန် အဖွဲ့အစည်းတွင်းသို့ လူသစ်ခန့်အပ်ရာတွင် ဦးစားပေးသည့် တက္ကသိုလ်များသည် ဆိုးလ်အမျိုးသား တက္ကသိုလ်၊ ယွန်ဆီတက္ကသိုလ်၊ တောင်ကိုရီးယား တက္ကသိုလ်တို့သာ ဖြစ်ပြီး အရှေ့အာရှနှင့် ပတ်သက်၍ အကျွမ်းဝင်သည့်  အန်ဟတက္ကသိုလ်၊ ဟန်ကူနိုင်ငံခြား လေ့လာမှု တက္ကသိုလ်၊ ဘူဆန်နိုင်ငံခြား လေ့လာမှု တက္ကသိုလ်တို့မှ မဟုတ်ပေ။

တောင်ကိုရီးယားနှင့် နေပြည်တော်ကြား ဆက်ဆံမှုသည် တောင်ကိုရီးယား၏ နိုင်ငံခြားရေးမူဝါဒ လားရာများဖြစ်သည့် ၎င်း၏ ရည်မှန်းချက်၊ ဖြန့်ကြက်မှု၊ တက်ကြွလှုပ်ရှားမှုများကို ကိုယ်စားပြုဖော်ပြလျက် ရှိသည်။ တစ်ချိန်တည်းတွင် စီးပွားရေး ပူးပေါင်းမှုမှ ခိုင်မာသည့် နိုင်ငံရေး ဆက်ဆံမှုသို့ ပြောင်းလဲရေး စိန်ခေါ်မှုများကိုလည်း ယင်းဆက်ဆံရေးက ဖော်ပြလျက်ရှိသည်။  ပေးအပ်ပါဝင်သူ အဖြစ်မှ ဝင်ရောက်လှုပ်ရှားသူ အဖြစ်သို့ ပြောင်းလဲရောက်ရှိမှုကို  ဖော်ပြလျက် ရှိသည်။ မြန်မာနိုင်ငံ တံခါးဖွင့်မှုမှ အကျိုးအမြတ်များ ရယူနိုင်ရန် ပလေယာများစွာက ကြိုးပမ်းလျက် ရှိသော်လည်း လက်တွေ့ပေါ်ပေါက်လာခြင်း မရှိသေးသည့် အလားအလာများစွာ ကျန်ရှိနေသေးသည်။ လက်ရှိတွင် တောင်ကိုရီးယား နိုင်ငံရေး အကျပ်အတည်းနှင့် နိုင်ငံရေး ခေါင်းဆောင်မှု လေဟာနယ်တို့  ပြီးဆုံးသွားပြီ ဖြစ်သဖြင့် အုပ်ချုပ်ရေး အဖွဲ့သစ်သည် နိုင်ငံခြားရေးမူဝါဒ ဦးစားပေးများ ချမှတ်ရေး လုပ်ဆောင်နိုင်တော့မည် ဖြစ်သည်။ ယင်းကဲ့သို့ လုပ်ဆောင်ရန် ပြီးခဲ့သည့် တောင်ကိုရီးယား အုပ်ချုပ်ရေးအဖွဲ့က လျစ်လျူရှုထားသော်လည်း လက်ရှိတွင် အရေးတကြီး လိုအပ်လာပြီ ဖြစ်သည်။ အရှေ့တောင်အာရှဒေသသို့ နောက်မှ ဝင်ရောက်လာသူ ဖြစ်သဖြင့် တောင်ကိုရီးယားသည် နေပြည်တော်ရထား မမီသည့် ဖြစ်ရပ်မျိုးကို အန္တရာယ်ယူ လုပ်ဆောင်နိုင်တော့မည် မဟုတ်ပေ။ 

ကိုးကား -The Diplomat
ချမ်းမြေ့