News

POST TYPE

ARTICLE

ဦးမင်းဇေယျနှင့် တွေ့ဆုံခြင်း
18-Mar-2017 tagged as နိုင်ငံရေး NLD

၁၉၈၈ ခုနှစ် လူထုအုံကြွမှု ကာလမှသည် ယနေ့အချိန်အထိ အာဏာရှင်စနစ် ပြုတ်ကျရေး၊ ဒီမိုကရေစီရရှိရေး အတွက် လမ်းပေါ်ထွက် နိုင်ငံရေး လုပ်ဆောင်ခဲ့ကြသည့် ကျောင်းသားအင်အားစုများ အနေနှင့် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအမီ နိုင်ငံရေးပါတီတစ်ရပ် ပေါ်ပေါက်လာစေရန် ကြိုးပမ်းလျက်ရှိသည်။ ၈၈ မျိုးဆက်ကျောင်းသားများသည် ပြီးခဲ့သည့်ကာလ တစ်လျှောက်လုံး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် အနီးကပ်တွင် ရှိနေခဲ့ကြပြီး လွှတ်တော်ပြင်ပ နိုင်ငံရေး လမ်းကြောင်းပေါ်တွင် ရှိနေခဲ့သည့် အဖွဲ့အစည်းတစ်ခု အဖြစ်နှင့် လူထုကြားထဲတွင် ရှိနေခဲ့သည်။ ပြီးခဲ့သည့် သုံးနှစ်ဝန်းကျင် ကတည်းက ၈၈ မျိုးဆက်ခေါင်းဆောင်များကို ပါတီနိုင်ငံရေး လမ်းကြောင်းသို့ ကူးပြောင်းရန် တိုက်တွန်းမှုများ ရှိခဲ့သလို ယင်းသို့ လမ်းကြောင်းပြောင်းသည့်အခါ သီးခြားပါတီအဖြစ် ရပ်တည်မည်လား၊ NLD နှင့် ပူးပေါင်းမည်လားဟူသည့် မေးခွန်းများလည်း ရှိခဲ့သည်။ ယခုမူ သီးခြားပါတီသစ် တစ်ရပ် ပေါ်ပေါက်လာစေရန် ခေါင်းဆောင်အချို့က ကြိုးပမ်းနေပြီ ဖြစ်သည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးမင်းဇေယျကို The Voice  က ဆက်သွယ်မေးမြန်းထားပါသည်။

Voice - အခုပေါ့နော်၊ ဦးကိုကိုကြီးတို့၊ ဦးမင်းဇေယျတို့ အပါအဝင် ၈၈ မျိုးဆက်တွေ အနေနဲ့ ပါတီထောင်ဖို့ လုပ်နေတာရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဘာကြောင့် ပါတီထောင်ဖို့ လိုအပ်တယ် ဆိုတာကို အရင်ဆုံး ပြောပြပေးပါ။ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေကြောင့်လား၊ တခြားဘာကြောင့် ဖြစ်ဦးမလဲ။

UMZY - အခုအချိန်မှာမှ ၈၈ မျိုးဆက်တွေ စုပြီးတော့ ပါတီထောင်ချင်တယ်ဆိုတဲ့ မေးခွန်းကို ဖြေရမယ် ဆိုရင်တော့ အဓိက အချက်နှစ်ချက် အပေါ်မှာ အခြေခံတာပေါ့။ ပထမအချက်ကတော့ ၈၈ မျိုးဆက်တွေက ရှစ်လေးလုံးကာလ တောက်လျှောက်ပေါ့နော်၊ အာဏာရှင် ချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီ ရရှိရေးအတွက် ယခုအချိန်တိုင်ပေါ့နော်၊ တိုက်ပွဲဝင်နေတယ်၊ ကြံဆောင်နေတယ်၊ ကြိုးပမ်းနေခဲ့ကြတယ်ပေါ့နော်။

ကြိုးပမ်းတဲ့ အခါမှာလည်း ပုံစံနှစ်မျိုးပေါ့။ တစ်မျိုးကတော့ နိုင်ငံရေးပါတီ ရပ်တည်မှုနဲ့ နိုင်ငံရေးပါတီ အဖြစ်နဲ့ ရပ်တည်ပြီးတော့ ကြိုးပမ်းတဲ့ပုံစံ ရှိသလို နိုင်ငံရေးပါတီ မဝင်ဘဲနဲ့ သာမန်လှုပ်ရှားတက်ကြွသူ ပုံစံမျိုး၊ ဒီမိုကရေစီ လိုလားသူ ပုံစံမျိုးနဲ့ပဲ ဒီ ၈၈ ကာလကနေ အခုအချိန်တိုင် ဒီမိုကရေစီအရေးနဲ့ အာဏာရှင် ချုပ်ငြိမ်းရေးကို ဆက်လက်လှုပ်ရှားနေတဲ့သူတွေ အများကြီး ရှိတယ်။ 

အဲဒီတော့ အဲဒီနေရာမှာလည်း ကျွန်တော်တို့က ၈၈ မျိုးဆက်လို့ သုံးတဲ့အခါမှာလည်း အမြဲတမ်း ကြုံတိုင်းကြုံတိုင်း ပြောခဲ့တယ်။ ကျွန်တော်တို့ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်က ၈၈ မျိုးဆက်ဆိုတဲ့ နေရာမှာ အာဏာရှင် ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီ ရရှိရေးကို ခေတ်အဆက်ဆက် ပါဝင်တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော် ရဲဘက်တွေ အားလုံး၊ တစ်နည်းအားဖြင့် ၆၂ ခုနှစ်ကနေ အခုအချိန်တိုင် ဒီအာဏာရှင် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီရေး အတွက်ကို ဆက်လက်တိုက်ပွဲဝင်မယ့် မျိုးဆက်တွေကို ကိုယ်စားပြုတဲ့ စကားလုံးလို့ ကျွန်တော်တို့က ဖွင့်ဆိုတယ်။ ဒီ ၈၈ မျိုးဆက်ကို။ 

အဲဒီတော့ ပြောချင်တာက ပထမတစ်ချက်ဖြစ်တဲ့ ကျွန်တော်တို့ ရှစ်လေးလုံး ကာလကနေ အခုချိန်အထိ အာဏာရှင် ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီ ရရှိရေးမှာ ဘယ်ပါတီမှ မဝင်ဘဲနဲ့ပေါ့နော် အခုအချိန်တိုင် နိုင်ငံရေးအရ နိုင်ငံရေးပါတီ မဝင်ဘဲနဲ့ နိုင်ငံရေးအရ ဆက်လက်လှုပ်ရှားနေတဲ့ လူတွေကို စုစည်းဖို့ လိုအပ်တယ်ဆိုတဲ့ အမြင်၊ စုစည်းပြီးတော့ နိုင်ငံရေးပါတီတစ်ရပ် အဖြစ်နဲ့ လိုအပ်တယ်၊ ဆက်လက်စုစည်းဖို့ လိုအပ်တယ်ဆိုတဲ့ အမြင်၊ ဒါ နံပါတ်တစ် ကျွန်တော်တို့ရဲ့ စိတ်ကူးပေါ့နော်။ 

Voice - ဟုတ်ကဲ့။ နံပါတ်တစ်ဆိုတော့ နောက်ထပ် နံပါတ်ဆက်ပြောပါဦး။ 

UMZY - နံပါတ်နှစ် စိတ်ကူးက အခုဖြစ်ပေါ်နေတဲ့  နိုင်ငံရေး အနေအထားအရ ပြုပြင်ပြောင်းလဲရေးကို  လုပ်ဆောင်တဲ့အခါမှာ အထူးသဖြင့် ၂၀၀၈ အခြေခံဥပဒေကို ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီအောင် ပြုပြင်ပြောင်းလဲဖို့ လုပ်ဆောင်တဲ့အခါမှာ၊ ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲတာပဲဖြစ်ဖြစ်၊ အသစ်ရေးဆွဲတာပဲ ဖြစ်ဖြစ်ပေါ့နော်၊ နိုင်ငံရေးအရ အားကောင်းမောင်းသန် ပိုဖြစ်လာအောင်၊ တစ်နည်းအားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်တဲ့အခါမှာ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍ ပိုပြီးတော့ အားကောင်းလာဖို့အတွက်၊ လက်ရှိ ရှိနေတဲ့ နိုင်ငံရေးပါတီတွေတင် မကပေါ့နော်၊ နောက်ထပ် ပြီးတော့ အင်အားကြီးတဲ့ နိုင်ငံရေးပါတီတစ်ရပ် လိုအပ်တယ်။ ဒါမှလည်း လက်ရှိသွားနေတဲ့ ပါတီစုံ ဒီမိုကရေစီမှာ ပါတီတွေရဲ့ နိုင်ငံရေး အခန်းကဏ္ဍကလည်း ပိုပြီးတော့ မြင့်မားလာမယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံဟာ ပါတီတွေကို ပါတီထောင်ခွင့် မပေးဘူး မဟုတ်ဘူး၊ ပေးတယ်။ တကယ့်တကယ် နိုင်ငံရဲ့ အချုပ်အခြာအာဏာပေါ်မှာ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအရ  အကန့်အသတ်တွေ အများကြီးရှိတော့ အနာဂတ် နိုင်ငံရေးကို လုပ်တဲ့အခါမှာ ဒီနိုင်ငံရေး အခန်းကဏ္ဍ ပိုပြီးတော့ မြင့်မားလာအောင် တစ်နည်းအားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးအတွက် နိုင်ငံရေးအရ ဦးဆောင်တဲ့ အခန်းကဏ္ဍမှာ အထူးသဖြင့် ဒီမိုကရက်တစ်တွေရဲ့ အခန်းကဏ္ဍမှာ ပိုပြီးတော့ ထိထိရောက်ရောက် ပါဝင်လှုပ်ရှားနိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက်ပေါ့နော်၊ အဲဒီနှစ်ချက်အပေါ် အခြေခံပြီးတော့ အခုအချိန်ကျမှပဲ ထောင်ဖြစ်တဲ့ သဘောပေါ့။

Voice - ဒါဆို ပြောရရင်တော့ ပြင်ပနိုင်ငံရေး အခြေအနေရယ် ကိုယ့်ဖြတ်သန်းမှု အတွေ့အကြုံ၊ အသက်အရွယ်အရရယ်လို့ ပြောလို့ရမှာပေါ့။

UMZY - အင်းပေါ့။ အနှစ်ချုပ်မယ် ဆိုရင်တော့ ဒီအဓိပ္ပာယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က နှစ်ပေါင်း ၃၀ လောက်က စပြီးတော့ အာဏာရှင် ချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီရေး အတွက်ကို တိုက်ပွဲဝင်ခဲ့တယ်။ အခုအချိန်လည်း တိုက်ပွဲဝင်နေတုန်း၊ ဆက်လက် ကြိုးပမ်းဆောင်ရွက်နေတုန်း။ 

ဒါပေမဲ့ ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ ကာလတွေ မှာ နိုင်ငံရေးပါတီတစ်ရပ် အဖြစ်နဲ့ သီးခြားမရပ်တည်ဘဲနဲ့ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ဝိုင်းရံပေးတယ်၊ ပံ့ပိုးပေးတယ်။ ကူညီပေးခဲ့တယ်။ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ ကျွန်တော်တို့က အဓိကနေရာ မယူဘဲနဲ့ NLD ကို နေရာပေးခဲ့တယ်။ ပံ့ပိုးခဲ့တယ်။ ဒါလည်း အားလုံးအသိပဲ။ 

ဒီ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း NLD တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အောင်မြင်အောင်၊ ရွေးကောက်ပွဲနိုင်အောင် ကျွန်တော်တို့တွေ ကိုယ်တိုင်ကလည်း တစ်နိုင်ငံလုံး လှည့်ပြီးတော့ စည်းရုံးပေးခဲ့တယ်။ မဲဆွယ်ပေးခဲ့တာပဲ။ ဒါလည်း အားလုံးအသိပဲ။ သို့သော် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အနေအထားအရ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍဟာ ရေရှည်မှာ  အားကောင်းမောင်းသန်လာဖို့က လိုအပ်ချက်တွေ ရှိနေသေးတယ်လို့တော့ မြင်တယ်။ အထူးသဖြင့်ပေါ့နော်၊ မူကိုအခြေခံသော နိုင်ငံရေးပါတီတစ်ရပ် ပီပီပြင်ပြင် ပေါ်ပေါက်လာဖို့ပေါ့နော်၊ အဲဒီလိုမျိုး ပေါ်ပေါက်လာဖို့ အတွက်ကလည်း ကျွန်တော်တို့ကလည်း ခရီးရှည်ကြီး ချီတက်ရဦးမယ်။ 

နောက်ပြီးတော့ တကယ်တမ်း ထုတ်ပြောရမယ် ဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံကို လွှတ်တော်တွင်းမှာ ပြင်ဆင်ဖို့ ဆိုတာက ၂၀၀၈ ဖွဲ့စည်းပုံအရ အင်မတန်ကို ခက်ခဲတဲ့ အနေအထားမှာ ရှိနေတယ်။ အဲဒီတော့ နိုင်ငံရေးပါတီကိုကလည်း တကယ့်ကို အားကောင်းမောင်းသန်ပြီး လွှတ်တော်ထဲမှာ အားကောင်းနေရုံတင် မကဘူး၊ ပြည်သူကြားထဲမှာပါ နိုင်ငံရေးအမြင်၊ နိုင်ငံရေးအသိတွေ ပိုအားကောင်းလာဖို့ အတွက်က နိုင်ငံရေး ပါတီဝင်တွေတိုင်းက ပြည်သူတွေကို နိုင်ငံရေးအသိတွေ ဖြန့်ဖြူးပေးဖို့ တစ်နည်းအားဖြင့် နိုင်ငံရေး အသိပညာပေးမှုပေါ့နော်၊ ဒီလို အများကြီးပေးဖို့ လိုတယ်။  အဲဒီလိုပေးတဲ့အခါမှာ နိုင်ငံရေးပါတီတစ်ရပ် အနေနဲ့က လုပ်ရတာ ပိုပြီးတော့ ထိရောက်တယ်။ အဲဒါကြောင့် ကျွန်တော်တို့က အရင်တုန်းကတော့ သာမန်ဟောပြောပွဲတို့၊ သာမန် NLD ကို ထောက်ခံတဲ့ ပုံစံမျိုးတို့ လုပ်ခဲ့ပြီးတော့ အခုချိန်မှာတော့ ထိထိရောက်ရောက်နဲ့ အနာဂတ် မြန်မာ့နိုင်ငံရေးရဲ့ ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်ပြီးတော့ လုပ်ကိုင်ဖို့ လိုအပ်ပြီလို့ ယုံကြည်လို့ ဒီလိုအချိန်မှာမှ စတာ။

ဆိုတော့ အရင်ကတည်းက စလို့ရပေမယ့်လည်း ခုနက ပြောသလိုမျိုးပဲ NLD အောင်နိုင်ရေးကို ဦးစားပေးခဲ့လို့ အခုချိန်အထိ စောင့်နေတာ။

Voice - ဟုတ်ကဲ့။ ပါတီတော့ ထောင်မယ်၊ အတိုက်အခံပါတီအဖြစ် ရပ်တည်သွားမှာ မဟုတ်ဘူးလို့ ဆိုထားတော့လေ။ တချို့ကလည်း ပြောတာရှိပါတယ်။ အတိုက်အခံ အင်အားစုတစ်ခု လိုအပ်နေပြီ၊ တတိယပါတီတစ်ခု လိုအပ်နေပြီပေါ့။ အဲဒီနိုင်ငံရေး လစ်ဟာမှုကို ဖြည့်ဖို့ဆိုတဲ့ ကိစ္စကရော အဲဒီအပေါ်မှာ ဘယ်လိုမြင်ပါလဲ။

UMZY - ဒီနေရာမှာ ကျွန်တော့်ရဲ့ အမြင်ကို ပြောရမယ်ဆိုရင် ပါတီစုံ ဒီမိုကရေစီကို သွားတဲ့အခါမှာ နိုင်ငံရေးပါတီတွေ ကိုယ်၌ကိုက ဒီမိုကရေစီ ကျင့်စဉ်တွေ အပေါ်မှာ အပြည့်အဝ ကိုင်တွယ်ကျင့်သုံးတတ်ဖို့ လိုတယ်လေ။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ဖြတ်သန်းခဲ့တဲ့ နိုင်ငံရေး သမိုင်းကြောင်းအရ သင်းသတ်ခံထားရတဲ့ အခါကျတော့ နိုင်ငံရေးပါတီတွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာ အရပါ လုပ်ရတာ၊ မျက်မြင်ပိုင်းကတော့ ကျွန်တော်တို့မှာ သင်ယူစရာတွေ၊ လေ့လာစရာတွေ တည်ဆောက်စရာတွေက အများကြီး ရှိသေးတယ်လေ။ 

နိုင်ငံရေးပါတီ တစ်ရပ်ကို ထူထောင်တဲ့ပုံစံ၊ နိုင်ငံရေးပါတီဝင် တစ်ယောက် ခိုင်ခိုင်မာမာဖြစ်ဖို့ ပုံစံ၊ နိုင်ငံရေးသမား တည်ဆောက်မှုဆိုတဲ့ အဆင့်မှာတောင်မှာ ကျွန်တော်တို့မှာ တည်ဆောက်ရမယ့် ကိစ္စတွေက အများကြီး ရှိတယ်။ အဲဒါသည် တစ်နည်းအားဖြင့် ကျွန်တော်တို့ နိုင်ငံအတွက် အနာဂတ် ဒီမိုကရေစီနိုင်ငံ၊ ဒီမိုကရေစီစနစ်မှာ နိုင်ငံရေးဟာကွက် ဆိုတာ အဲဒါကို ပြောတာ။

လစ်ဟာနေသေးတဲ့ဟာတွေ၊ တစ်နည်းအားဖြင့်  နိုင်ငံရေးသမား ပီသဖို့နဲ့ ပါတီနိုင်ငံရေး ပီသဖို့ဆိုတဲ့ လုပ်ဆောင်ချက်၊ အားနည်းချက်၊ လစ်ဟာချက်တွေကို ဖြည့်ဆည်းပေးဖို့ လိုတယ်။ အဲဒါကြောင့်မို့ ခဏခဏ ပြောတယ်။ အခု နိုင်ငံရေးပါတီထောင်မယ့် ကိစ္စသည် အတိုက်အခံလုပ်ဖို့လည်း မဟုတ်သလို တပ်စုတစ်ခုခုကို စုစည်းဖို့လည်း မဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ပီပြင်သော နိုင်ငံရေးပါတီတစ်ရပ်ကို ထူထောင်ပြီးတော့ ပီပြင်သော နိုင်ငံရေးကို လုပ်ဖို့ပဲ။ နိုင်ငံရေးအလုပ်ကို ပီပီပြင်ပြင် လုပ်ချင်လို့ နိုင်ငံရေးပါတီကို ထောင်တာ။ 

Voice - ၈၈ မျိုးဆက်တွေအနေနဲ့ တစ်လျှောက်လုံး NLD နဲ့ နီးခဲ့တာဆိုတော့ အခုလို နိုင်ငံရေးပါတီတစ်ရပ် အနေနဲ့ လှုပ်ရှားတော့မယ့်အခါမှာ NLD ဆီက ကိုယ့်အတွက် ဘာတွေသင်ယူစရာတွေ၊ အသုံးချစရာတွေ၊ သင်ခန်းစာတွေ ရခဲ့လဲ။

UMZY - ဒါတွေက ကျွန်တော်တို့ ကိုယ်တိုင်လည်း အများကြီး ဖြတ်သန်းဖူးတယ်ဗျာ။ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲကနေ စပြီးတော့ အခုအချိန်အထိ၊ ကိုယ်ကိုယ်တိုင်သာ မဲမပေးဖူးတာ၊ ကျွန်တော်ဆို ကျွန်တော့်ဘဝ တစ်လျှောက်မှာ ပထမဆုံး မဲပေးဖူးတာ ၂၀၁၅ မှ မဲပေးဖူးတာ။ ဒီအရင်တုန်းကတော့ မဲပေးရမယ့်အချိန်မှာ ကိုယ်က ထောင်ထဲရောက်နေတာကိုး။

ကျွန်တော်တို့မှာက ကောင်းတဲ့အတွေ့အကြုံလည်း ရှိတယ်၊ ဆိုးတဲ့အတွေ့အကြုံလည်း ရှိသလို ကျွန်တော်တို့ကိုယ်တိုင် မြင်ထားတာတွေ ကြားထားတာတွေလည်း အများကြီးရှိတယ်။ အဲဒီဟာတွေအပေါ်မှာ ကောင်းတာတွေကို ယူ၊ မကောင်းတာတွေကို ပယ်၊ ကောင်းတာတွေကို ပိုကောင်းသထက် ကောင်းအောင် လေ့လာ၊ သင်ယူ၊ အဲဒီလိုနည်းနဲ့ ကျွန်တော်တို့က ဖြတ်သန်းရမှာပဲလေ။ ဒီနေရာမှာ NLD ပါတီ တစ်ခုထဲ ပြောတာ မဟုတ်ဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ရပြီးကတည်းက ဖြစ်ပျက်ခဲ့တဲ့ ပါလီမန် ဒီမိုကရေစီခေတ်ကနေ ယခုအချိန်တိုင် နိုင်ငံရေးပါတီ အသီးသီးရဲ့ စုဖွဲ့ကနေ သူတို့ရဲ့ ပြိုကွဲမှုတွေ၊ ဦးဆောင်မှုတွေ၊ သူတို့ရဲ့ ကျဆုံးမှုတွေ ဒါတွေကို သမိုင်းအမှန်အတိုင်း လေ့လာပြီးတော့ အဲဒီအပေါ်မှာ ကျွန်တော်တို့က ပွင့်လင်းမြင်သာစွာနဲ့ အားနည်းချက်၊ အားသာချက်တွေကို ပညာယူဖို့၊ ဒီထက်ပိုကောင်းအောင် ကြိုးစားဖို့ပဲလို့ မြင်တယ်ဗျ။

တစ်နည်းအားဖြင့် ဆိုလိုချင်တဲ့ သဘောက အခုလို နိုင်ငံရေးအရ အတွေ့အကြုံ အားနည်းပြီး၊ ဒီမိုကရေစီ နိုင်ငံရေး အတွေ့အကြုံ အားနည်းတဲ့ ကျွန်တော်တို့ နိုင်ငံမှာတော့ သင်ယူလေ့လာချင်စိတ်နဲ့ ပြည်သူအပေါ်မှာ ကောင်းစားစေချင်တဲ့နဲ့ စေတနာစိတ်ပေါ့ဗျာ၊ ရိုးသားစေတနာရှိပါစေ၊ သင်ယူချင်စိတ်နဲ့  ရိုးသားစိတ်သာထားပါ၊ ပါလီမန်ဒီမိုကရေစီ ပိုပြီးတော့ ခိုင်မာလာပြီးတော့ အာဏာရှင်စနစ်က ဘယ်တော့မှ ခေါင်းမထောင်နိုင်ဘူးလို့ ကျွန်တော်က ယုံကြည်တယ်။

Voice - လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုထားတော့ အဲဒီကာလအတွက် ဘယ်လောက်အထိ ရည်မှန်းထားသလဲ။

UMZY - မျှော်လင့်ထားတာကတော့ အကြီးကြီး မျှော်လင့်ထားတယ်၊ အထူးသဖြင့် ကျွန်တော်တို့ ထူထောင်မယ့်ပါတီဟာ သက်ဆိုင်ရာ တိုင်းရင်းသားပါတီ အသီးသီးနဲ့ကို လက်တွဲပြီးတော့ တကယ့်စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ဖို့အတွက် လုပ်ဆောင်နိုင်မယ့် အင်အားရှိတဲ့ အထိကို ရည်ရွယ်ထားတယ်။

Voice - စောစောက ပြောသွားတာ ရှိပါတယ်။ ဘယ်ပါတီမှ မဝင်ထားတဲ့သူတွေနဲ့ စုစည်းမယ် ဆိုတာ။ အဲဒါက ဘယ်လိုမျိုးလဲ။ လက်ရှိ ရှိနေတဲ့ ပါတီတွေနဲ့ ပူးပေါင်းဖို့ရော ဖြစ်လာနိုင်သလား။ 

UMZY - ဒါကတော့ ပါတီအပေါ်မှာ၊ ပါတီရဲ့ ရည်ရွယ်ချက် သဘောထားလုပ်ငန်းစဉ်တွေ အပေါ်မှာ သူ  ယုံကြည်လက်ခံလို့ သူ့ တစ်ဦးချင်းသဘောထားအပေါ်မှာပဲ မူတည်ပါတယ်။ ပါတီအချင်းချင်း ပေါင်းစည်းမယ့် ပုံစံမျိုး၊ အဖွဲ့အစည်း အချင်းချင်း ပေါင်းစည်းမယ့် ပုံစံမျိုးတော့ လောလောဆယ် အစီအစဉ် မရှိသေးပါဘူး။

Voice - အခုပြောနေကြတဲ့ လက်ရှိအစိုးရကို အတိုက်အခံကောင်းကောင်း လုပ်နိုင်တဲ့ အဖွဲ့အစည်းက  ရှိမနေဘူး ဆိုတာ။ အတိုက်အခံအဖြစ် မရပ်တည်ဘူးဆိုရင် အာဏာရပါတီနဲ့ လက်တွဲသွားဖို့ ရှိနေသလား။ 

UMZY - ကျွန်တော်တို့နိုင်ငံမှာ အများစုက နားလည်ထားတဲ့ အတိုက်အခံဆိုတဲ့ စကားလုံးက နည်းနည်း ရန်သဘောဆောင်တဲ့ သဘော ပိုကဲတယ်လို့ မြင်တယ်။ တစ်နည်းအားဖြင့် ရန်သဘော ဒါမှ ဟုတ်ရင် ရန်လိုတဲ့သဘော၊ အဖျက်သဘောလို့ ခံယူချက်များတယ်။ ဗမာစကားလုံး အရပေါ့နော်၊ အတိုက်အခံပြုတယ် ဆိုတာ အဲဒီလို သက်ရောက်တာကိုး။ 

ကျွန်တော်တို့ နားလည်ထားတဲ့ ဒီမိုကရေစီ နိုင်ငံရေးမှာကျတော့ သူတို့ပြောတဲ့ အတိုက်အခံပုံစံမျိုးက အပြန်အလှန် ထိန်းကျောင်းတာပဲဗျ။ နိုင်ငံရေး၊ ပါဝါနိုင်ငံရေးကို သွားတဲ့ပါတီတိုင်း ပါတီတိုင်းဟာ  တစ်ပါတီနဲ့ တစ်ပါတီ အပြန်အလှန် လေးစားမှုတွေ၊ အပြန်အလှန် အပြုသဘောဆောင်သော ထောက်ပြမှုတွေ၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေနဲ့  သွားနေကြတာပဲ။ ဒီမိုကရေစီမှာ အမြင်သဘောထားတွေ ကွဲလွဲမယ်၊ အဲဒီလို ကွဲလွဲတဲ့အခါမှာ တူတာတွေကို စုလုပ်မယ်၊ မတူတာတွေကို ခွဲလုပ်မယ်။ အဲဒီလိုမျိုး စုလုပ်တဲ့နေရာမှာဖြစ်ဖြစ်၊ ခွဲလုပ်တဲ့နေရာမှာဖြစ်ဖြစ်  နားလည်မှုတွေနဲ့ အပြန်အလှန် နားလည်မှုတွေနဲ့ သဘောထားကြီးမှုတွေနဲ့ သွားမယ်။ 

ဒီမိုကရေစီ စိတ်ဓာတ်တွေပေါ့နော်။ အဲဒီလိုမျိုး တည်ဆောက်ခြင်းအားဖြင့် အမြင်မတူတာတွေအပေါ်  ပြောလို့ ဆိုလို့ရတယ်ဗျာ၊ အမြင်တူတဲ့ အပေါ်မှာလည်း ပြောလို့ဆိုလို့ ရတယ်ဗျာ။ သဘောထားကြီးမှု၊ လူကြီးလူကောင်းဆန်မှု၊ နောက်ပြီးတော့ နားလည်မှုပေးနိုင်စွမ်း ရှိမှုတွေပေါ့နော်၊ ဒါတွေဟာ လူတစ်ဦးချင်းရဲ့ ကိုယ်ကျင့်တရားကိုပါ ပြောင်းလဲမှု အကောင်းဘက်ကို အများကြီး လုပ်ပေးနိုင်တယ်လို့ မြင်တယ်။

ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံမှာက အတိုက်အခံလို့ ပြောမယ်ဆိုရင် ရန်ဘက်အသွင်ပဲ မြင်တဲ့အခါကျတော့ ဒီအချိန်မှာ အတိုက်အခံပါတီလို့ ပြောလိုက်ရင်ပဲ လက်ရှိအာဏာရပါတီကို ဘာမဆို အဖျက်သဘော ဆောင်ရမယ်၊ အဖျက်သဘောမြင်မယ်၊ နောက်ပြီးတော့ မကောင်းတာကိုပဲ တိုက်ခိုက်မယ်ဆိုတဲ့ ယူဆချက်တွေက များတယ်ပေါ့။ ဒါကြောင့်မို့ အတိုက်အခံဆိုတဲ့ စကားလုံးကို မသုံးချင်ဘဲနဲ့ နိုင်ငံရေးပါတီတိုင်း ပါတီတိုင်း လုပ်သင့်လုပ်ထိုက်တဲ့ နိုင်ငံရေး အလုပ်တွေပေါ့ဗျာ၊ အစိုးရရဲ့ကောင်းတဲ့လုပ်ရပ်တွေကို ထောက်ခံမှာ ဖြစ်သလို မှားတဲ့လုပ်ရပ်ကိုလည်း ထောက်ပြရမှာပဲ။  ဒါကလည်း ဒီပါတီအပေါ်မှာ အခြေမခံဘဲနဲ့ ပြည်သူ့ မျက်နှာကိုပဲ ကြည့်တဲ့သဘောမျိုးပေါ့။ အဲဒီလိုမျိုး  ကျွန်တော်တို့က ပြည်သူ့အကျိုးစီးပွားကိုပဲ အဓိက ရှေ့တန်းတင်ပြီးတော့ နိုင်ငံရေးပါတီတစ်ရပ်ရဲ့ အလုပ်တွေကို ထိထိရောက်ရောက် လုပ်သွားမယ်လို့ ပြောတာပါ။ 

Voice - ဒါဆိုရင်ရော ရွေးကောက်ပွဲမှာ ဝင်ပြီး ယှဉ်ပြိုင်တဲ့အခါ NLD ပါတီအပေါ် ဘယ်လိုမျိုး သဘောထားမလဲ။ ပြိုင်ဘက်အဖြစ် သဘောထားမလား။

UMZY - ရွေးကောက်ပွဲဝင်ပြီ ဆိုကတည်းက တစ်ပါတီနဲ့ တစ်ပါတီဟာ မဲဆန္ဒနယ်မြေ တစ်ခုထဲမှာ ပြိုင်ရင်တော့ ဒါ ပြိုင်ဘက်တွေ ဖြစ်သွားရမယ်လေ။ ဒီမိုကရေစီရဲ့ သဘောတရားအရကိုက Power Politics ကိုး။ ပြည်သူတွေဆီက နေပြီးတော့ အပြိုင်အဆိုင် တောင်းခံရတာကိုး။ လုပ်ပိုင်ခွင့်ကို ပြည်သူဆီက အပြိုင်အဆိုင် တောင်းကြတာဗျာ။ ကျွန်တော်တို့ နားလည်ထားတာက အဲဒီလိုပဲ နားလည်ထားတယ်။ 

Voice - ဟုတ်ကဲ့။ ကျွန်တော့်အနေနဲ့တော့ ဒီလောက်ဆို ရပါပြီ။ တခြားဖြည့်ပြောချင်တာ ရှိရင်လည်း  ပြောပါဦး။ 

UMZY - အဓိက လူတော်တော်များများကလည်း မေးတယ်ပေါ့။ ဘာဖြစ်လို့ အခုချိန်ကျမှပဲ၊ အခုချိန်မှ ဆိုတာ အခုလိုမျိုး NLD က ရွေးကောက်ပွဲနိုင်ပြီးတော့ အစိုးရဖွဲ့နိုင်ခါမှပဲ နောက်ထပ်ဘာဖြစ်လို့ နိုင်ငံရေးပါတီတစ်ခုအဖြစ် ထောင်သလဲ။ NLD နဲ့ ပေါင်းပြီး တော့ တစ်ပါတီတည်း လုပ်ပါလား၊ NLD ထဲ ဝင်ပါလား၊ အစကတည်းက NLD နဲ့ နှစ်ပေါင်း ၂၀ ကျော် တွဲလုပ်လာခဲ့တာပဲဆိုတဲ့ သူတို့ရဲ့ သဘောရိုးနဲ့ နားမလည်လို့မေးတဲ့ မေးခွန်းတွေ အများကြီးတော့ ကြုံခဲ့ဖူးတယ်။ လက်လှမ်းမီသလောက်ပေါ့နော်။ တတ်နိုင်သလောက်တော့ ရှင်းပြတယ်။ 

အခုဟာက အရင်တုန်းက ကျွန်တော်တို့သွားတဲ့ ပုံစံအတိုင်း NLD ပါတီဝင်တစ်ယောက် အနေနဲ့  သွားခဲ့တာ မဟုတ်ဘဲနဲ့ ဒီမိုကရက်တစ် ဘက်တော်သား တွေအချင်းချင်း ယုံကြည်အားကိုးမှု၊ ပူးပေါင်းဆောင်ရွက်မှု အပြန်အလှန် ယုံကြည်မှုနဲ့ သွားနေကြတာ။ ကျွန်တော်တို့နဲ့ ယုံကြည်ချက်တူတဲ့ လုပ်ငန်းစဉ်ချင်းတူတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကို အခြေခံပြီး ပေါင်းလုပ်ကြတာ။ အဲဒီလို ပေါင်းလုပ်တဲ့အခါမှာ အရင်တုန်းက NLD က အင်အားစုတွေနဲ့ အဓိက ကျွန်တော်တို့ တွဲခဲ့ပေမယ့်လည်း ကျန်တဲ့ ဒီမိုကရက်တစ် အင်အားစုတွေနဲ့လည်း ရင်းရင်းနှီးနှီး ဆက်ဆံခဲ့တာပဲလေ။ အဲဒီတော့ အခုအချိန်မှ နိုင်ငံရေးပါတီအဖြစ် ရပ်တည်တယ်ဆိုတာ ကျွန်တော် ခုနကပြောတဲ့ နိုင်ငံရေးဟာကွက် အနေအထားကို ဖြည့်ဆည်းချင်တာရယ်၊ နောက် ကျွန်တော်တို့ရဲ့ အသက်အရွယ် အတွေ့အကြုံအရပေါ့နော်၊ ကျွန်တော်ကိုယ်တိုင်ကိုက ဒီပါဝါနိုင်ငံရေးလိုင်းကို ထဲထဲဝင်ဝင်နဲ့ ထိထိရောက်ရောက်လုပ်ဖို့ လိုအပ်ပြီလို့ မြင်တာရယ်ပေါ့နော်၊ အဲဒါလုပ်တဲ့ သဘောပေါ့။ ဒီအချိန်မှာ ဘာဖြစ်လို့ ထောင်ရသလဲဆိုတော့ တစ်ခုတည်းသော၊ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ၈၈ မျိုးဆက်တွေပေါ့နော်။ ပြည်တွင်းပြည်ပမှာ ရှိတဲ့ ၈၈ မျိုးဆက်တွေ အားလုံး စုစည်းထားတဲ့ ခိုင်မာသော နိုင်ငံရေးပါတီတစ်ရပ် ပေါ်ထွန်းဖို့ လိုအပ်ပြီဆိုတဲ့ အသိတစ်ခုနဲ့ ထူထောင်တာပါလို့ လိုရင်းတိုရှင်း ပြောပါရစေ။

Voice - ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။ 

အောင်မျိုးထက်

ABOUT AUTHOR

(အောင်မျိုးထက်)