News

POST TYPE

ARTICLE

အရေးကြီးသည်လည်းဖြစ်သော အရေးမကြီးသည်လည်းဖြစ်သော (၃)
အထက်ပါ ခေါင်းစဉ်နှင့်ပင် ဆောင်းပါးနှစ်ပုဒ် ရေးခဲ့ဖူးပါသည်။ ‘မရှိမဖြစ် မီး၊ ကွမ်းဓလေ့နှင့် နိုင်ငံရေး အကျဉ်းသား’ တို့အကြောင်းက တစ်ကြိမ်။ ‘လက်ထိပ်၊ စာအုပ်ဈေးနှင့် ရှော့ခ်ဒေသနာ’ က နောက်တစ်ကြိမ်။ ‘မဟာဗျူဟာ’ ကိစ္စမဟုတ်၊ ‘နည်းဗျူဟာ’ ကိစ္စသက်သက် ဖြစ်၍ ‘အရေးမကြီး’ ဟု ယူလိုက ယူနိုင်သည်။ သို့တစေ ‘မဟာဗျူဟာ ရည်မှန်းချက်များ’ ကို ထိခိုက်စေရာရောက်၍ ‘အရေးကြီး’ ဟု ယူလိုကလည်း ယူနိုင်သည်။ ယခု ဤလိုပြဿနာမျိုးတွေ ရေးစရာ ရှိလာ၍ ဤခေါင်းစဉ်ကိုပင်သုံး၍ တတိယဆောင်းပါး ရေးလိုက်ပါသည်။ ယခုစာစု၏ ‘ဒုတိယခေါင်းစဉ်’ ကိုမူ ‘တံတားကင်ပွန်းတပ်၊ စမတ်ပါဝါနှင့် သင်္ကြန်ပိတ်ရက်’ ဟု ခေါင်းစဉ်တပ်လိုသည်။

တံတားကင်ပွန်းတပ်

၁၈ ရာစု ပါရှန်းစစ်မဟာဗျူဟာရှင် ‘ကားလ်ဗွန် ကလော့စ်ဝဇ်’ ၏ အဆိုအမိန့်တစ်ရပ်နှင့် အစပြုလိုသည်။ ယခုလို ... ‘မဟာဗျူဟာက စစ်ပွဲကြီး တစ်ခုလုံး၏ ရည်မှန်းချက်အတွက် တိုက်ပွဲစဉ်များကို မည်သို့ အသုံးပြုရမည် ဆိုသည်ကို သင်ကြားပေးသည်။ နည်းဗျူဟာက တိုက်ပွဲများတွင် လက်နက်ကိုင်တပ်ဖွဲ့များကို မည်သို့ အသုံးပြုရမည် ဆိုသည်ကို သင်ကြားပေးသည်။ အရေးကြီးသည်မှာ နည်းဗျူဟာကြောင့် မဟာဗျူဟာ ရည်မှန်းချက်ကို မထိခိုက်စေဖို့ ဖြစ်သည်။’ ... ဆရာကြီး ‘ကလော့စ်ဝဇ်’ အနေနှင့် စစ်မဟာဗျူဟာရှင်ပီပီ စစ်ရေးကို ဗဟိုပြု ပြောခဲ့သော်လည်း နိုင်ငံရေးတွင်လည်း ဤသဘောအတိုင်းပင် ဖြစ်သည်။ နိုင်ငံရေးသမားတိုင်း (အထူးသဖြင့် - လွှတ်တော်အမတ်တိုင်း) ဤအခြေခံ သဘောကို သိဖို့ကောင်းသည်။ သိထားဖို့ လိုပါလိမ့်မည်။

NLD အစိုးရ၏ မဟာဗျူဟာ ရည်မှန်းချက်မှာ ‘ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု’ တည်ဆောက်ရေး ဖြစ်သည်။ ဤအချက်ကို ရွေးကောက်ပွဲမတိုင်မီ ကတည်းက တရားဝင် ကြေညာပြီး ဖြစ်သည်။ ‘ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု’ ဆိုသည်မှာ ဒီမိုကရေစီ နိုင်ငံရေးစနစ်နှင့် ဖက်ဒရယ် ဖွဲ့စည်းပုံကို ချိတ်ဆက်ထားခြင်း ဖြစ်သည်။ ‘လူတစ်ကိုယ် မဲတစ်မဲစနစ်’ ဖြင့် ရွေးချယ်သော ‘အောက်လွှတ်တော်’ မှာ ‘လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ပိုင်ခွင့်’ (Individual Right) ကို ကိုယ်စားပြုသည် (ဒီမိုကရေစီသဘော)။ လူမျိုးမရွေး၊ ဘာသာမရွေး မျှတသော ကိုယ်စားလှယ် အရေအတွက်ဖြင့် ရွေးချယ်သော ‘အထက်လွှတ်တော်’ မှာ ‘အစုအဝေးဆိုင်ရာ အခွင့်အရေး’ (Collective or Group Right) ကို ကိုယ်စားပြုသည် (ဖက်ဒရယ်သဘော)။ 

ဆိုခဲ့ပါ ‘ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု’ လက်တွေ့တည်ဆောက်ဖို့ ဆိုလျှင် ဗမာ အပါအဝင် တိုင်းရင်းသား အားလုံးကြား ‘တန်းတူရေး၊ မျှတရေးနှင့် ချစ်ကြည်ရေး’ ရှိမှ ဖြစ်ပါလိမ့်မည်။ သို့မှသာ ‘လုပ်ပိုင်ခွင့်အာဏာ ခွဲဝေကျင့်သုံးမှု၊ သယံဇာတ ခွဲဝေကျင့်သုံးမှုနှင့် အခွန်ခွဲဝေ ကျင့်သုံးမှု’ တို့ကို အချစ်အခင်မပျက် ဆောင်ရွက်နိုင်ပါလိမ့်မည်။ အမှန်စင်စစ် ‘တံတားတစ်စင်း ကင်ပွန်းတပ်ရေး’ မှာ လွန်ရောကျွံရော အရေးမပါလှသည့် တိုက်ပွဲငယ်တစ်ခုအတွက် အရေးမကြီးလှသော ‘နည်းဗျူဟာ’ မျှသာ ဖြစ်ပါသည်။ ဤကိစ္စ လူအုပ်နှင့် အနိုင်ယူလို့ ရသွားသည့်တိုင် မြန်မာ့နိုင်ငံရေးအတွက် အရေးအပါဆုံးဟု ဆိုနိုင်လောက်သည့် ‘ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး’ မှာကား ‘အက်’ သံ ပါသွားခဲ့ရချေပြီ။ ဘာလုပ်ကြမည်နည်း။ ဘယ်လိုပြင်ကြမည်နည်း။

စမတ်ပါဝါ

ယခုခေါင်းစဉ်ငယ်ကိုလည်း ဟားဗတ်တက္ကသိုလ်၊ ဂျွန်အက်ဖ်ကင်နေဒီ အုပ်ချုပ်မှုပညာကျောင်းမှ ပါမောက္ခ ‘ဂျိုးဇက်အက်စ်နိုင်း (အငယ်)’ ၏ စကားတစ်ခွန်းနှင့် ဖွင့်လိုသည်။ ယခုလို ... ‘အမေရိက အပါအဝင် နိုင်ငံအများစု အနေနှင့် မိမိတို့၏ အမျိုးသားလုံခြုံရေးကို ‘ပါဝါအမာ’ (Hard power) သက်သက်ဖြင့်သာ ဗဟိုပြု စဉ်းစားလေ့ ရှိကြသည်။ မလုံလောက်တော့ပါ။ ‘ပါဝါအမာ’ ကို ‘ပါဝါအပျော့’ (Soft power) ဖြင့် ပေါင်းစပ်ပြီး ‘စမတ်ပါဝါ’ (Smart power) ဖြစ်အောင် ဖန်တီးဖို့ လိုပါလိမ့်မည်။ ‘ပါဝါအပျော့’ ဆိုသည်မှာ ဆွဲဆောင်သိမ်းသွင်းရသော အမျိုးအစား ဖြစ်သည်။ ‘ရန်သူနည်းစေ၊ မိတ်ဆွေများစေ’ မည့် ပါဝါဟု ဆိုနိုင်သည်။’

ယခုအခါ မြန်မာ့အရပ်သားအစိုးရ (NLD အစိုးရ) နှင့် မြန်မာ့တပ်မတော်တို့မှာ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အတူလက်တွဲမိကြချေပြီ။ ဤသည်မှာ အနာဂတ် ‘အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေး’ အတွက် ကောင်းသည့် အလားအလာဟု မြင်သည်။ သို့တစေ အကြောင်းကြောင်းကြောင့် NCA စာချုပ်တွင် လက်မှတ်မထိုးဖြစ်သေးသော လူမျိုးစု လက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက်လျှင်မူ ‘စမတ်ပါဝါ’ ကျင့်သုံးနေသည်ကို သတိပြုမိသည်။ အမှန်စင်စစ် စာရေးသူ အနေနှင့် မိမိမကျွမ်းကျင်သော စစ်ရေးကိစ္စများကို ပြောလိုလှသည်တော့ မဟုတ်ပါ။ သို့နှင့်တိုင် ‘စမတ်ပါဝါ’ တွင် အကျုံးဝင်သော ‘ပါဝါအမာများ’ အကြောင်းကို ဆင်ခြင်မိ၍ စိုးရိမ်စိတ်နှင့် ပြောရခြင်း ဖြစ်ပါသည်။

‘ပါဝါအမာများ’ ၏ ရည်ရွယ်ချက်မှာ တစ်ဖက်ရန်သူကို ချေမှုန်းဖို့ ဖြစ်သည့်တိုင် တကယ့်လက်တွေ့တွင် ‘အာဃာတ’ တွေ ကျန်နေတတ်ပါသည်။ ဤ ‘အာဃာတ’ များမှပင် မဆုံးနိုင်သော အမုန်းမီးပွားတွေ လောင်မြိုက်စေပြီး စစ်ပွဲတွေ တာရှည်တတ်ပါသည်။ ဤကိစ္စများကို စဉ်းစားမိတိုင်း စာရေးသူမှာ ယခင်သမ္မတကြီး ဦးသိန်းစိန်၏ စကားကိုသာ ကြားယောင်နေမိသည်။ “ကျွန်တော်တို့ဘက်က စစ်သည်တစ်ယောက်ပဲကျကျ၊ တစ်ဖက်က စစ်သည်တစ်ယောက်ပဲကျကျ၊ ပြည်ထောင်စုကြီး အတွက်တော့ နစ်နာတာပါပဲ ...” ဆိုသော စကားပင်ဖြစ်သည်။ အထူးသဖြင့် ညီအစ်ကိုချင်း ဖြစ်ကြရသည့် ပြည်တွင်းစစ်တွင် ‘ပါဝါအမာ’ ထက် ‘ပါဝါအပျော့’ များကိုသာ တွင်တွင်ကျယ်ကျယ် သုံးကြစေချင်သည်။ ‘နိုင်ငံရေး ဆိုသည်မှာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ကြရသည့် အနုပညာ’ ဟု ဆရာကြီး ဒဂုန်တာရာက ဆိုခဲ့ဖူးသည် မဟုတ်ပါလား။

သင်္ကြန်ပိတ်ရက်

ယခုခေါင်းစဉ်ငယ်အတွက်မူ နာမည်ကြီး ‘လိပ်ပြာဘောဂဗေဒ’ (Butterfly Economics) ကျမ်းကို ပြုစုသူ ဘောဂဗေဒပညာရှင် ‘ပေါလ်အိုမီရော့’ ၏ စကားကို အကိုးအကားပြုလိုသည် ...။ ယခုလို ...။

‘လူ့အဖွဲ့အစည်းနှင့် စီးပွားရေးတို့သည် အလွန်ရှုပ်ထွေးလှသည်။ အချိန်မရွေး ကမောက်ကမ ဖြစ်နိုင်သည်။ ‘ကသောင်းကနင်း အစွန်းတွင် သွားနေရသလို ရှိသည်’။ (at the edge of chaos) သို့အတွက် ‘ထူထူမာမာ၊ တုံးတုံးတိတိ ချဉ်းကပ်မှု’ (heavy handed approach) မျိုးဖြင့် လူမှုစီးပွားရေး ပြဿနာများကို မကိုင်အပ်။ ဤနည်းမျိုးဖြင့် ဖြေရှင်းလို့ ရလိမ့်မည်လည်း မဟုတ်။ သိမ်သိမ်မွေ့မွေ့၊ ပျော့ပျော့ပျောင်းပျောင်း၊ နုနုပါးပါး၊ ဖွဖွညင်ညင် ကိုင်တွယ်ဖို့ လိုလိမ့်မည်။ ဥပမာပြရလျှင် ‘လိပ်ပြာလေး ပျံဘိသကဲ့သို့’။

အစိုးရသစ်လက်ထက်တွင် မထင်တာတွေ မကြာခဏ ဖြစ်သည်။ လုပ်သမျှမှာလည်း သိမ်သိမ်မွေ့မွေ့မရှိ၊ ထူထူမာမာကြီးတွေ ဖြစ်သည်။ ပျော့ပျော့ပျောင်းပျောင်းမရှိ၊ တုံးတုံးတိတိကြီးတွေ ဖြစ်သည်။ နုနုပါးပါးမရှိ၊ ဝုန်းဒိုင်းဆန်သည်။ ဖွဖွညင်ညင်မရှိ၊ အနီးကပ်ရိုက်ချက်ပြင်းသည်။ ပထမ YBS ...၊ နောက် သင်္ကြန်ပိတ်ရက် ...၊ နောက်ထပ် ဘာလာဦးမည် မသိ ...။ 

ကျော်ဝင်း
၁၄- မတ်လ ၂၀၁၇

ABOUT AUTHOR

(ကျော်ဝင်း)