News

POST TYPE

ARTICLE

ဦးကျော်ဆန်းမြင့် (ခ) စာရေးဆရာ ကျော်ရင်မြင့်နှင့် တွေ့ဆုံခြင်း
17-Mar-2017 tagged as သင်္ကြန်

မန္တလေးသင်္ကြန်ကို သင်္ကြန်ဇာတ်ကားထဲကအတိုင်း ဖြစ်အောင် လုပ်မည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ကြေညာထားပြီး ဖြစ်သည်။ သင်္ကြန်ကာလ ရောက်ရှိရန် တစ်လခန့်သာ လိုတော့ရာ မန္တလေး မဟာသင်္ကြန်အတွက် စီစဉ်ထားမှုများနှင့် ပတ်သက်၍ စာရေးဆရာတစ်ဦးလည်း ဖြစ်သည့် မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့် (ခ) စာရေးဆရာ ကျော်ရင်မြင့်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : ကျုံးတောင်ဘက်က အာဇာနည်လမ်း (၂၆ လမ်း) ကို ယာဉ်မဝင်ရတဲ့ လမ်းလျှောက်သင်္ကြန် ဆင်နွှဲမယ်လို့ သိရတယ်။ ဘယ်လိုစီစဉ်ထားတာလဲ။ 

UKSM : အာဇာနည်လမ်းကို ၆၆ လမ်းကနေ၊ ၈၀ လမ်းအထိ ယာဉ်မဝင်ရ သတ်မှတ်မယ်။ အချိန်တစ်ခုနဲ့ သတ်မှတ်မှာပေါ့နော်။ ဘာကြောင့်လဲဆိုရင် အဲဒီပတ်ဝန်းကျင်မှာ နေတဲ့ အိမ်တွေမှာလည်း ယာဉ်အဝင်အထွက် လုပ်နိုင်အောင်ပါ။ နေ့ခင်းဘက်မှာတော့ ယာဉ်မဝင်ရဘူးပေါ့။ အဲဒီလို ယာဉ်မဝင်ရ သတ်မှတ်ပြီးတော့မှ အနောက်ဘက် လမ်း ၈၀ ထိပ်နဲ့ အရှေ့ ဘက် ၆၆ လမ်းထိပ်မှာ မုခ်ဦးတွေ လုပ်ပြီးတော့မှ မြန်မာ့ရိုးရာသင်္ကြန်ဆိုတာကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ လုပ်မယ်။ အဲဒီလမ်းပေါ်မှာ ဘာတွေရှိမလဲဆိုရင် ရေကစားမဏ္ဍပ်တွေ ရှိမယ်။ မဏ္ဍပ်အကြီးစားတွေတော့ မဟုတ်ဘူး။ ရေကစားဖို့  အဆင်ပြေတဲ့ မဏ္ဍပ်လေးတွေပေါ့။ နောက်တစ်ခါ အရှေ့ဘက်ထိပ်မှာဆိုလို့ရှိရင် ဟိုတယ်ခရီးသွားလုပ်ငန်း၊ စားသောက်ဆိုင် လုပ်ငန်းတွေ စုထားတဲ့ Mandalay Region Tourism Development Committe ရှိမယ်။ သူတို့က နှစ်ပြလောက် ရှိမယ်။ ခရီးသွားလုပ်ငန်းအတွက် တစ်နည်းပြောရရင်တော့ နိုင်ငံခြားသားတွေ လာပြီးတော့ ဆင်နွဲတဲ့အခါမှာ ဆွဲဆောင်မှုရှိဖို့ အတွက် လုပ်ထားမယ်။ အဲဒီမှာ ဘာတွေပါမှာလဲဆိုတော့ စားသောက်ဆိုင်တွေ ရှိမယ်။ နိုင်ငံခြားသားတွေ စားလို့အဆင်ပြေတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်မျိုးတွေပေါ့။ ဈေးသက်သက်သာသာနဲ့ ရောင်းချမယ်။ နိုင်ငံခြားသားချည်းပဲ စားရမယ်တော့ မဟုတ်ဘူး။ ဘယ်သူမဆို ဝင်စားလို့ရတဲ့ ဆိုင်မျိုးတွေ ဖြစ်မယ်။ နောက်ပြီးတော့ မြန်မာမုန့်တွေရောင်းတဲ့ နေရာလေးတစ်ခုလည်း ပါမယ်။ သင်္ကြန်ကို ဝင်ပြီးတော့ ဆင်နွှဲနိုင်တဲ့ ရေပက်ကြတဲ့ဟာမျိုးတွေ ပါမယ်။ အမှတ်တရပစ္စည်းရောင်းတဲ့ ဆိုင်မျိုးတွေလည်း ပါမယ်။ အရှေ့ထိပ်ကိုတော့ အနောက်ဘက်က ကျုံးနဲ့ ဓာတ်ပုံတို့၊ ဗီဒီယိုတို့ရိုက်ဖို့ အတွက်လည်း ရှုခင်းကောင်းတဲ့ နေရာလေးလည်း လုပ်ဆောင်ပေးထားမယ်။

Voice : နိုင်ငံခြားသားတွေကို ဆွဲဆောင်မယ့် ပုံစံကရော။

UKSM : ဒီ ၂၆ လမ်းမှာလုပ်တဲ့ လမ်းလျှောက်သင်္ကြန်က နိုင်ငံခြားသားတွေကို ဆွဲဆောင်ဖို့အတွက် အဓိက လုပ်တာပေါ့နော်။ ဒီအစီအစဉ်ထဲမှာ ခရီးသွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းရှင်၊ တိုးဂိုက်တွေ ပါတယ်ပေါ့နော်။ ဘာလုပ်မှာလဲဆိုလို့ ရှိရင် သူတို့က ဝက်ဘ်ဆိုက်ပေါ်မှာ တင်ပြီးတော့  မန္တလေးမှာ ဒီလိုယဉ်ကျေးမှုသင်္ကြန် လုပ်နေပြီ လာပြီးတော့မှ ဆင်နွှဲနိုင်တယ် ဆိုတာမျိုး ကြေညာမယ်။ သင်္ကြန်ကာလမှာ သူတို့ နေ့တိုင်းလာပြီး ရေပက်နေချင်မှာတော့ မဟုတ်ဘူး။ အဲဒီတော့ သူတို့အတွက် မန္တလေးအနီးတစ်ဝိုက်က ဥပမာ- ပြင်ဦးလွင်တို့ စစ်ကိုင်း-မင်းကွန်း၊ ပုဂံ- အင်းလေး စတဲ့ နေရာတွေကိုပါ တွဲပြီးတော့ သွားလို့ ရတယ်ဆိုတဲ့ဟာမျိုး Package တစ်ခု လုပ်ပြီးတော့မှ နိုင်ငံတကာကို ရောင်းမယ်။ နောက်တစ်ခါ  မန္တလေးကိုလာတဲ့ ဧည့်သည်တွေအတွက်  လေဆိပ်၊ ဘူတာလိုမျိုး နေရာတွေမှာလည်း သူတို့က စားပွဲလေး ထားပြီးတော့မှ မေးလို့ရအောင်၊ ဝယ်လို့ရအောင် လုပ်ပေးမယ်။ နိုင်ငံခြားသားတွေက သုံးညအိပ်ခရီး၊ နှစ်ညအိပ်ခရီး သွားလို့ရမယ်၊ အဲဒီလိုလေးတွေ ရောင်းပေးမယ့် စားပွဲလေးတွေကိုလည်း လေဆိပ်နဲ့ ဘူတာတွေမှာ ထားပေးမယ်။ အဲလိုပုံစံနဲ့ ဆွဲဆောင်မှာပါ။

Voice : မနော်ရမ္မံ ဥယျာဉ်မှာ လူငယ်ဆန်တဲ့ ဧရိယာ လုပ်ပေးမယ် ပြောထားတယ်။ အကျယ်အဝန်း ဘယ်လောက်သတ်မှတ်ထားသလဲ၊ လူငယ်အကြိုက် ဘာတွေလုပ်ပေးမှာလဲဗျ။

UKSM : တော်တော်ကျယ်တဲ့ ကွက်လပ်တစ်ခု ရှိပါတယ်။ ပေတစ်ရာ့နှစ်ဆယ် ရှိတယ် ထင်တယ်ဗျ။ ကွင်းဆင်းကြည့်ပြီးပြီ တော်တော်လေးကျယ်တဲ့ ဧရိယာတစ်ခု ရှိတယ်။ အဲဒီကွက်လပ်ရဲ့ ရှေ့မှာ  ပလက်ဖောင်းနဲ့ လျှောက်လမ်းက အဲဒီထက်လည်း အများကြီး ပိုကျယ်တာ ရှိတယ်။ ရည်ရွယ်ထားတာက တောင်ဘက်ထိပ်နဲ့ မြောက်ဘက်ထိပ်မှာ မဏ္ဍပ်တစ်ခု စီရှိမယ်။ လျှောက်လမ်းပေါ်မှာလည်း ရေပက်ပြီးတော့ ကစားလို့ရတဲ့ နေရာရှိမယ်။  စည်ပင်က ရေပန်းတွေ တပ်ထားပြီးတော့ လာတဲ့လူတွေ အကုန်လုံးကို အလိုလို ရေပက်ပြီးသား ဖြစ်တဲ့ဟာမျိုးတွေလည်း  လုပ်ပေးဖို့ ရည်ရွယ်ထားတယ်။ ခုနက ပြောတဲ့ လူငယ်တွေအတွက် ဘယ်လိုပျော်စရာကောင်းမလဲ ဆိုတာကတော့  နိုင်ငံကျော် အဆိုတော်တွေကို ဖိတ်ခေါ်ပြီးတော့မှ ဆိုလိမ့်မယ်။ နိုင်ငံတကာအဆင့် ရှိတဲ့ ကုမ္ပဏီတွေက လုပ်ချင်တယ်ဆိုလို့ ကမ်းလှမ်းထားတာကို လက်ခံထားတာတွေ ရှိတယ်။ ဆိုတော့ အဲဒီလို ကုမ္ပဏီတွေက ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့ကလည်း သူတို့လုပ်ငန်းကို ကြော်ငြာချင်တာပေါ့။ အဲဒီတော့ သူတို့က အကုန်အကျခံပြီးတော့ အဆိုတော်တွေ ငှားမယ်။ မဏ္ဍပ်တွေ လုပ်မယ်။ အဆိုတော်တွေနဲ့ ကျွန်တော်တို့ သဘောတူထားတာက တစ်နေ့ကို  အနည်းဆုံး သုံးနာရီလောက် လာရောက်ဖျော်ဖြေပေးရမယ်။ အဲဒီလိုပုံစံတွေနဲ့ လုပ်မှာပါ။

Voice : ကျုံးအလှ မပျက်အောင် စင်အမြင့် ရှစ်ပေပဲ သတ်မှတ်ထားတယ်ဆိုတော့  စည်းကမ်းဖောက်ရင် ဘယ်လိုအရေးယူမလဲ။

UKSM : စည်းကမ်းချက်တွေ သတ်မှတ်ထားတယ်။ ဒါပေမဲ့ ကျုံးရဲ့အရှေ့ဘက်၊ မြောက်ဘက်နဲ့ အနောက်ဘက်မှာလုပ်တဲ့  မဏ္ဍပ်တွေကတော့ သူတို့က စပေါ်တင်ထားတာမျိုး ရှိတယ်။ သိန်း ၂၀ စပေါ်တင်ထားရတယ်။ စည်းကမ်းဖောက်ဖျက်ရင်တော့ စပေါ်ငွေ ပြန်မအမ်းတဲ့နည်း  အပါအဝင်ပေါ့လေ တခြားနည်းတွေနဲ့ အရေးယူတာတွေ ရှိမယ်။ အဲဒီဘက်က မဏ္ဍပ်တွေကတော့ အရေးယူဖို့လွယ်တယ်။ တောင်ဘက်မှာ နေရာချထားပေးမယ့် မဏ္ဍပ်တွေနဲ့ ပတ်သက်လို့ ဘယ်သူတွေကို နေရာချထားပေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကတော့ မပြတ်သေးဘူး။ ရည်ရွယ်ထားတာကတော့ တက္ကသိုလ် ကျောင်းသားတွေ၊ လူမှုရေး အဖွဲ့အစည်းတွေ၊ ပရဟိတအဖွဲ့တွေတို့၊ တိုင်းရင်းသားအဖွဲ့တွေတို့ကို ချထားပေးဖို့တော့ ရည်ရွယ်ထားတယ်။ အထူးသဖြင့် လူပုဂ္ဂိုလ်တစ်ဦးချင်းကို ချထားပေးတာနဲ့စာရင် အဖွဲ့အစည်းတွေကို နေရာချထားပေးတာ ဖြစ်တဲ့အတွက် အဖွဲ့အစည်းတွေ အနေနဲ့ သူတို့ကို စည်းကမ်းလိုက်နာလိမ့်မယ်လို့  ယုံကြည်တယ်။ နောက်တစ်ခုက မဏ္ဍပ် စဆောက်ကတည်းက ကျွန်တော်တို့ဆီက စစ်ဆေးရေးအဖွဲ့က ကျုံးပတ်လည်က မဏ္ဍပ်တွေကို လိုက်စစ်နေမှာ ဖြစ်တယ်။ ရှောင်တခင် စစ်ဆေးတာလည်း ရှိနေမှာ ဖြစ်တဲ့အတွက်ကြောင့် စည်းကမ်းနဲ့ မညီဘူး ဆိုရင်တော့ ချက်ချင်းပိတ်သိမ်းတဲ့အထိ အရေးယူသွားမှာ ဖြစ်တယ်။

Voice : အလှပြယာဉ်တွေ ပိုပြီးတော့ ထွက်လာနိုင်တယ်လို့ သုံးသပ်ထားတာ တွေ့ရပါတယ် ခင်ဗျ။ အဲဒီယာဉ်တွေက စည်ပင်ကို လျှောက်ထားဖို့ လိုသေးလား။

UKSM : လိုလိမ့်မယ်လို့ ထင်တယ်ဗျ။ ထင်တယ်ဆိုတာ ဒီလိုပါ။ အလှပြယာဉ်ဆိုတာ မြို့မရှိမယ်။ အရင်နှစ်တွေတုန်းကဆိုရင် ခရိုင်အလိုက် ထွက်ကြတာတွေ ရှိတယ်။ အဲဒီအလှပြယာဉ်တွေက မြို့တော်မဏ္ဍပ်မှာ ပြိုင်ပွဲဝင်ကြတယ်။ အလှပြယာဉ်ဆုတို့ သီချင်းဆုတို့ ရကြတယ်။ ဒီနှစ်မှာတော့ အဲလိုပြိုင်ပွဲရှိမှာ မဟုတ်ဘူး။ ခရိုင်လိုက် ထွက်ကြရင်လည်း တချို့က တကယ်စိတ်ဝင်စားလို့ ထွက်ကြတာ ဖြစ်သလို တချို့လည်း တာဝန်အရ ထွက်ရတာ ရှိခဲ့မှာပေါ့။ ကျွန်တော်တို့ကတော့ အဖွဲ့အစည်းတွေကို မထွက်ပါနဲ့လို့ ပိတ်ပင်မှာ မဟုတ်ဘူး။ ထွက်ပါလို့လည်း ဇွတ်ကော အတင်းကော မတိုက်တွန်းပါဘူး။ ထွက်မယ်ဆိုရင်တော့ ကြိုဆိုနေမှာပါ။ အရင်နှစ်တွေလို ပြိုင်ပွဲတွေ ရှိတော့မှာ မဟုတ်ဘူး။ ဆုပေးတာတွေလည်း ရှိမှာ မဟုတ်ဘူး။ အလှပြရုံပဲ ရှိတော့မယ်။ တချို့လူမှုရေး အဖွဲ့တွေကလည်း ထွက်ချင်တယ်လို့ ချိတ်ဆက်ထားတာ ရှိတယ်။ ကျွန်တော်တို့ကတော့ ကြိုဆိုနေမှာပါ။ ထွက်မယ်ဆိုရင်တော့ ကျွန်တော်တို့ဆီမှာ အကြောင်းကြားထားဖို့တော့ လိုပါလိမ့်မယ်။

Voice : အရောင်းမြှင့်တင်ရေး ယာဉ်တွေကိုရော ဘယ်လိုစည်းကမ်း သတ်မှတ်ထားသလဲဗျ။

UKSM : အရောင်းမြှင့်တင်ရေး ယာဉ်တွေကိုလည်း ခွင့်ပြုမှာပါ။ သူတို့ယာဉ်တွေနဲ့ သူတို့အလှပြလို့ ရမယ်။ တစ်ခုကတော့  သူတို့က မြန်မာ့သင်္ကြန်နဲ့ မလိုက်ဖက်တဲ့ ဝတ်စားဆင်ယင်မှုမျိုးကိုတော့ ခွင့်ပြုမှာ မဟုတ်ဘူး။ သူတို့ရဲ့ ထုတ်ကုန်ကြော်ငြာတွေနဲ့ ယာဉ်ကို အလှဆင်ပြီးတော့ ကပြဖျော်ဖြေတာတွေ၊ သီဆိုတီးမှုတ်တာတွေ လုပ်လို့ရမယ်။ စည်ပင်ကနေတော့ ခွင့်ပြုချက် တောင်းရပါ့မယ်။

Voice : ကျုံးရေမညစ်ပတ်အောင် စည်ပင်အနေနဲ့ ဘယ်လိုစီစဉ်ထားသလဲ။

UKSM : ကျွန်တော်တို့ စီစဉ်ထားတာကတော့ အရင်နှစ်တွေက မဏ္ဍပ်တွေကို ကျုံးရေထဲအထိ ဆင်းဆောက်တာတွေ ရှိခဲ့တယ်။ ဒီနှစ်တော့ ကျုံးရေထဲကို ဆင်းမဆောက်ရဘူး။ ရှေ့ကိုနည်းနည်းတိုးပြီး ဆောက်ရမယ်။ လမ်းမဘက်ကို နည်းနည်းတိုးပြီး ဆောက်ခိုင်းမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက မနှစ်က ဆိုးဆိုးရွားရွား ဖြစ်သွားတာက မိလ္လာပိုက်တွေကို ကျုံးရေထဲအထိ တိုက်ရိုက်စွန့်ပစ်တာတွေအထိ ရှိခဲ့တယ်။ အဲဒီလိုမဖြစ်အောင် ကျွန်တော်တို့ စည်ပင်မှာရှိတဲ့ ရွေ့လျားအိမ်သာတွေ ချထားပေးမယ်။ ကျုံးထဲကို အမှိုက်တွေ စွန့်ပစ်ခြင်း မရှိအောင်လည်း အမှိုက်ပုံးတွေ လုပ်ထားပေးမယ်။

Voice : သင်္ကြန်မိုးထဲက သင်္ကြန်လို ဖြစ်အောင် လုပ်မယ်ပြောထားတာနဲ့ ပတ်သက်ပြီး ဘာများထပ်ပြောချင်တာ ရှိသေးလဲ။

UKSM : ကျွန်တော်တို့ မန္တလေးသင်္ကြန်ကို မြန်မာ့သင်္ကြန်ဖြစ်အောင် လုပ်မယ်လို့ ပြောလိုက်တဲ့ အချိန်မှာ ဝေဖန်မှုတွေ အများကြီး ရှိခဲ့ပါတယ်။ ပြောလိုက်တဲ့ အချိန်မှာ လူကြီးသင်္ကြန် ဆိုတော့ ကျွန်တော်တို့က ပုဆိုးနဲ့တိုက်ပုံနဲ့ လုံချည်နဲ့ ရင်ဖုံးနဲ့ လည်ရမှာလား ဆိုတာမျိုးတွေလည်း ရှိတယ်။ သင်္ကြန်နီးလာပြီ ဆိုရင် သင်္ကြန်မိုးဇာတ်ကားကိုလည်း ပြသလေ့ရှိကြတယ်။ သင်္ကြန်မိုးထဲက သင်္ကြန်နဲ့ မန္တလေးသင်္ကြန်က တော်တော်ကြီးကို ကွာခြားနေပြီ။ ကျွန်တော်တို့က လူငယ်တွေ အတွက်လည်း ထည့်စဉ်းစားပြီး လုပ်ဆောင်ပေးထားတာတွေ ရှိပါတယ်။ ကျွန်တော်တို့ ပြောခဲ့တာက မန္တလေးသင်္ကြန်ကို မြန်မာ့ယဉ်ကျေးမှုနဲ့ လိုက်လျော်မှု ရှိအောင် လုပ်မယ်ပဲ ပြောတာပါ။  မန္တလေးသင်္ကြန်ကို နိုင်ငံတကာကလည်း ယဉ်ကျေးမှုနဲ့ လိုက်လျောညီထွေ ရှိတယ်ဆိုပြီး အသိအမှတ် ပြုလာအောင် စတင်လှမ်းလိုက်တဲ့ ခြေလှမ်းတစ်ခုအဖြစ် လုပ်တာပါ။    
   
မောင်သန့်