News

POST TYPE

ARTICLE

နတ်ဝတ်ပုဆိုး တိမ်မီးခိုးမှ ဘောင်းဘီဝတ် မိုးတိမ်သို့
ပြည်သူ့အာဏာပြီးတော့ The Voice

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် မြန်မာတစ်ပြည်လုံးအနှံ့ ပထမဆုံးအကြိမ် ကျင်းပသော ‘လွတ်သဘင်ပွဲတော်’ ကို ခြိမ့်ခြိမ့်သဲ ကျင်းပနေချိန် ဖြစ်သည်။ ထိုနေ့ နေ့စွဲဖြင့် ထုတ်ဝေသော ‘ပြည်သူ့အာဏာ’ ဂျာနယ်တွင် သခင်သန်းမြိုင်၏ စာတစ်ပုဒ် ပါလာသည်။ တရုတ်ရိုးရာ ပုံပြင်တစ်ပုဒ်ကို မှီငြမ်းပြီး ‘၁၉၄၈ လွတ်လပ်ရေး’ ကို သရော်ထားသော တစ်ခန်းရပ် ပြဇာတ်တစ်ပုဒ်ြ ဖစ်သည်။ ပြဇာတ်ခေါင်းစဉ်ကိုတော့ မြန်မာဆန်ဆန် ပေးထားသည်။ ‘နတ်ဝတ်ပုဆိုး - တိမ်မီးခိုး ...’။

ဇာတ်လမ်းကား ဤသို့ ...၊ ‘တစ်ခါသော် အလိမ်အညာကျွမ်းသော လူလိမ်နှစ်ဦးက ဘုရင်ကြီးတစ်ပါးကို ချဉ်းကပ်ပြီး ယခုလို လျှောက်တင်သည် ဆိုသတတ်။ ‘မှန်လှပါ၊ တိမ်မီးခိုးအဆင် နတ်ဝတ်ပုဆိုးတစ်ထည် ဆက်သလိုကြောင်းပါဘုရား။ သို့သော် ဤပုဆိုးကို ဘုန်းကံရှိသူတို့သာ မြင်နိုင်ကြောင်းပါဘုရား။ လက်ခံတော်မူပါ ...’ ပြောပြောဆိုဆိုနှင့် ဘာမှမရှိသော ဝတ်လစ်စလစ် ပုဆိုးဆိုသည်ကို ဆက်သလေ၏။ ဘုရင်ကြီးလည်း ‘ဘာမှမမြင်’ ဆိုလျှင် ဘုန်းကံမရှိရာ ရောက်မည်ဆိုး၍ 

‘အထူးပင် လှပတင့်တယ်ကြောင်း’ ချီးကျူးပြောဆိုကာ အဆိုပါ နတ်ပုဆိုးကိုဝတ်ပြီး ညီလာခံ ဝင်တော်မူလေ၏။ ဤတွင် အမတ်များကလည်း 

‘ကိုယ်တုံးလုံးကြီး’ ဟု အမှန်အတိုင်းဆိုလျှင် ဘုန်းကံမရှိရာ ရောက်မည် စိုးရိမ်၍ ‘အင်မတန် လှပတင့်တယ်ကြောင်း’ သူ့ထက်ငါ အပြိုင်မြှောက် ပင့်ပြောဆိုကြတော့သည်။ အမှန်စင်စစ် ၁၉၄၈ လွတ်လပ်ရေးမှာ နိုင်ငံရေးအရ လွတ်လပ်သော်လည်း စီးပွားရေးအရမူ ဘာအနှစ်သာရမှမရှိ မိမွေးတိုင်း ဖမွေးတိုင်းဟု ထေ့ငေါ့သရော်လိုက်ခြင်း ဖြစ်သည်။

ပြောရလျှင် ဤအကြောင်းကို အစပြန်ဖော်ရသည်မှာ အကြောင်း ရှိ၍ဖြစ်ပါသည်။ ပြီးခဲ့သော စနေနေ့က ထွက်ခဲ့သည့် The Voice Weekly ဂျာနယ် (Vol 13/No. 6) တွင် ‘နတ်ဝတ်ပုဆိုး တိမ်မီးခိုး မြန်မာ့ငြိမ်းချမ်းရေး ပစ္စက္ခ’ ဆိုသော ဆောင်းပါးကို ဖတ်ခဲ့ရ၍ ဖြစ်သည်။ အဆိုပါဆောင်းပါးတွင် ‘တရုတ်-မြန်မာ ဆက်ဆံရေး ကျွမ်းကျင်သူ၊ အမေရိကန်ပြည်ထောင်စု အခြေစိုက်၊ တရုတ်ပညာရှင် ‘ယွန်ဆန်’ ၏ ‘ဒေါ်အောင်ဆန်းစုကြည်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်’ (Aung San Suu Kyi and Peace Process) ဆိုသော စာတစ်ပုဒ်ကို မြန်မာဘာသာ ပြန်ဆိုကိုးကားထားသည်ကို တွေ့ရသည်။ ဆိုခဲ့ပါစာတွင် ဆောင်းပါးရှင် ‘ယွန်ဆန်’ က The Emperor's New Clothes ဆိုသော ပုံပြင်တစ်ပုဒ်ကို ကိုးကားပြီး ယခုလို နိဂုံးချုပ်ထားသည်ဟု ဆိုပါသည်။ 

“ယခု မြန်မာ့ငြိမ်းချမ်းရေးတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ဟူသည့် အကြီးအမှူး ခေါင်းဆောင်က ဒီမိုကရေစီတန်ဖိုးများ နိုင်ငံရေး အမြော်အမြင်ကြီးမှု၊ အစွမ်းထက် ခေါင်းဆောင်မှုနှင့် ဉာဏ်ပညာတို့ဖြင့် ပြည့်လျှမ်းသော ငြိမ်းချမ်းရေးဝတ်စုံကို ဝတ်ဆင်ထားပါသော်လည်း (ယွန်ဆန် အပါအဝင်) လေ့လာသူတို့က ဘုန်းကံနည်းလှသဖြင့် ငြိမ်းချမ်းရေး အပေါင်းလက္ခဏာများ၊ မမြင်တွေ့ရ...” ဟု နိဂုံးချုပ်ထားသည်။

ယွန်ဆန် ကိုးကားခဲ့သော ဆိုခဲ့ပါ ပုံပြင်လေးကို The Voice ဆောင်းပါးရှင် ‘နော်ကိုကို’ က ‘နတ်ဝတ်ပုဆိုး တိမ်မီးခိုး’ ဟူ၍ပင် လှလှပပ မြန်မာမှု ပြုထားရာ တစ်ခါက ‘ပြည်သူ့အာဏာ’ မှ သခင်သန်းမြိုင်ကို ပြန်သတိရလိုက်ခြင်း ဖြစ်သည်။ တစ်ချိန်က ဗမာပြည်ကွန်မြူနစ်ပါတီက တစ်ခါက ‘မြန်မာ့လွတ်လပ်ရေး’ ကို ဆိုခဲ့ပြီးသော တရုတ်ရိုးရာ ပုံပြင်လေးဖြင့် ဝေဖန်ခဲ့ဖူးသလို ယခုခေတ် ‘ယွန်ဆန်’ အပါအဝင် နိုင်ငံတကာ စောင့်ကြည့်လေ့လာသူ အချို့က ဆိုခဲ့ပါ ပုံပြင်ဖြင့်ပင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ‘မြန်မာ့ငြိမ်းချမ်းရေး’ ကို ဝေဖန်နေကြချေပြီကော ...။ တွေးမိတော့ စိတ်ထဲက ဝမ်းနည်းချင်သလိုလို ...။ ထို့ထက် ‘တစ်ချိန်က ဆူညံသံများဖြင့် စည်းကားခဲ့သော မြန်မာ့ငြိမ်းချမ်းရေးစင်တာ’ အကြောင်းကို ဆောင်းပါးရှင် ‘နော်ကိုကို’ က ‘တို့ထိ’ သွားခဲ့ရာ စာရေးသူမှာ ‘တစ်ခါက MPC ဆွေးနွေးပွဲများ’ ကိုပင် လွမ်းမိသလိုလို ဖြစ်ရသေးသည်။

မတည့်အတူနေ

ထိုစဉ်က ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော MPC မှာ စာရေးသူ အပါအဝင် စာရေးဆရာများ၊ မီဒီယာသမားများနှင့် နိုင်ငံရေးပါတီမျိုးစုံမှ နိုင်ငံရေးသမားများကို အနည်းဆုံး တစ်လတစ်ကြိမ်  ဖိတ်ကြားပြီး ရောက်ရှိနေသော ငြိမ်းချမ်းရေးဖြစ်စဉ်၏ အခြေအနေ စသည်တို့ကို ရှင်းပြလေ့ရှိသည်။ တစ်ခါတစ်ရံ ဝန်ကြီး ဦးစိုးသိမ်း၊  ဦးအောင်မင်းတို့ ကိုယ်တိုင် တက်ရောက်လေ့ရှိပြီး များသောအားဖြင့်တော့ ဦးလှမောင်ရွှေ၊ ဦးအောင်နိုင်ဦးတို့က ဦးဆောင်ဆွေးနွေးကြသည်။ တက်ရောက်လာသူများဘက်မှလည်း မိမိတို့အမြင်ကို ပွင့်ပွင့်လင်းလင်း ဝေဖန်ဆွေးနွေးကြသည်။ ပြန်တွေးလိုက်တော့ အမှန်ပင် လွမ်းချင်စရာ...။

အဆိုပါ MPC ဆွေးနွေးပွဲများကို ကြည့်ပြီး စာရေးသူတို့ကိုပင် ‘MPC နောက်လိုက်များ’ ဟု စွပ်စွဲတိုက်ခိုက် အပုပ်ချကြသည်များပင် ရှိသည်။ အမှန်စင်စစ် စာရေးသူ စဉ်းစားမိသည်များနှင့် MPC မူများမှာ အခါခပ်သိမ်း ထပ်တူကျသည်တော့ မဟုတ်။ ကွဲလွဲချက် တော်တော်များများပင် ရှိသည်။ ယခုအကြောင်း တိုက်ဆိုင်လာ၍ အဆိုပါ ကွဲလွဲချက်များကို အကျဉ်းမျှ  ဖော်ပြလိုသည်။

၁။ ထိုစဉ်က MPC  ဦးတည်ဆောင်ရွက်နေသော ‘အားလုံးပါဝင်ရေး’ (all - inclusive) မူကို စာရေးသူက မူလကတည်းက သံသယ ရှိသည်။ သမိုင်းကို ပြန်ကြည့်လိုက်လျှင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အသီးသီးမှာ ‘ဖက်ဒရယ်’ ကို အကြောင်းခံ၍ ပေါ်ထွက်လာသည် မှန်သော်လည်း၊ ပေါ်ထွက်လာချိန်ချင်း မတူကြသလို အကြောင်းရင်းခံချင်း ထပ်တူကျကြသည် မဟုတ်။ ဥပမာ - ကရင်နှင့် မွန်ဆိုလျှင် ၁၉၄၈ ခုနှစ်ကပင် ပေါ်ထွက်လာခဲ့ပြီး အဓိကအားဖြင့် နိုင်ငံရေး ပြဿနာကို အခြေခံ ပေါ်ထွက်လာခြင်းဖြစ်သည်။ ရှမ်းလက်နက်ကိုင်အချို့ဆိုလျှင် ၁၉၅၈- ၅၉ အိမ်စောင့်အစိုးရ လက်ထက် စော်ဘွားများ လက်နက်စွန့်စေရာမှ အကြောင်းခံ ပေါ်ထွက်လာသည်။ အလားတူ ကချင်ဆိုလျှင်လည်း ၁၉၆၀ နောက်ပိုင်း ပထစအစိုးရ၏ ဗုဒ္ဓဘာသာ နိုင်ငံတော်ဘာသာ ဖြစ်ရေးကို အကြောင်းခံ ပေါ်ထွက်ခြင်း ဖြစ်သည်။ ဤအခြေအနေမျိုးတွင် လူမျိုးစု လက်နက်ကိုင် အားလုံးနှင့် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ငြိမ်းချမ်းရေးရဖို့ ဆိုသည်မှာ လက်တွေ့ဖြစ်နိုင်ပါ့မလား။ ယခုထက်တိုင် စဉ်းစားနေမိသည်။

၂။ နှစ်ဖက်လုံးမှ လက်ခံနိုင်လောက်သည့် ‘တတိယအင်အားစု’ ဆိုသည်ကိုလည်း စာရေးသူ ဘဝင်ကျလှသည် မဟုတ်ပါ။ မြန်မာနိုင်ငံလို ‘နက်နက်ရှိုင်းရှိုင်း ပြိုကွဲနေသော လူ့အဖွဲ့အစည်း’ (Deeply divided Society) တွင် ‘တတိယ အင်အားစုစစ်စစ်’ မရှိနိုင်ဟု စာရေးသူက ခံယူထားသည်။ ဥပမာ - ဖဆပလခေတ် တစ်လျှောက်လုံး နှစ်ဖက်ခေါင်းဆောင် အားလုံး၏ ဆရာတော်ဖူးသော ဆရာကြီး သခင်ကိုယ်တော်မှိုင်းလို ပုဂ္ဂိုလ်မျိုးကိုပင် ‘ကွန်မြူနစ်နှင့်နီးသည် ဆိုကာ  အစိုးရဘက်မှ သိပ်မယုံ’။ ထို့ထက် လူထုဘက်မှ ဆောင်ရွက်ကြသည့် ‘ငြိမ်းချမ်းရေး ဆန္ဒဖော်ထုတ်ပွဲများ’ နှင့် ပတ်သက်လျှင်လည်း နှစ်ဖက်အထင်လွဲမှုများကို ရှောင်နိုင်ရန် သတိကြီးကြီးထားသင့်သည်ဟု ထင်သည်။ ဥပမာ - ၁၉၆၃ ဆွေးနွေးပွဲကာလက ဖြစ်ပေါ်ခဲ့သော ‘ခြောက်ခရိုင်၊ ခုနစ်ခရိုင် ငြိမ်းချမ်းရေး ဆန္ဒပြပွဲများ’ မကြာသေးခင်က ပေါ်ထွက်ခဲ့သော ‘တရားသောစစ် ထောက်ခံဆန္ဒပြပွဲများ’ ငြိမ်းချမ်းရေး အကျိုးထက် ‘အဆိုး’ ကို ဖန်တီးသလို မဖြစ်စေရန် ဂရုဓမ္မထား ဆောင်ရွက်သင့်သည်ဟု မြင်သည်။

၃။ ငြိမ်းချမ်းရေးအတွက် အဖြေရှာကြသော လက်တွေ့ဆွေးနွေးပွဲများတွင် ‘အားလုံးပါဝင်နိုင်ရေး’ ထက် ‘အနည်းဆုံးညှိဝါဒ’ (Minilateralism) ကို အလေးထား စဉ်းစားစေချင်သည်။ ‘အားလုံးပါဝင်ရေး’ ဆိုသည်နှင့် ‘ပါဝင်ပတ်သက်သူတွေ’ (Stakeholders) များလာရာ အကျိုးစီးပွားတွေ ထွေပြားလာသည်။ လက်တွေ့ဖြေရှင်းစရာ ပြဿနာတွေ ပိုများလာသည်။ ‘အနည်းဆုံး ညှိဝါဒ’ ကမူ ‘ဆွေးနွေးပွဲများတွင် ပါဝင်ပတ်သက်သူနည်းလေ အဖြေရဖို့ ပိုလွယ်လေ’ ဟု ဆိုသည်။ သို့တစေ ‘ပါဝင်ပတ်သက်သူတိုင်းတွင် လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝ ရှိဖို့တော့ လိုလိမ့်မည်’ ဟုလည်း ထပ်ဖြည့်ထားပါသည်။ မြန်မာ့ငြိမ်းချမ်းရေးနှင့် ပတ်သက်လျှင် လူမျိုးစု လက်နက်ကိုင်အဖွဲ့၊ တပ်မတော်နှင့် အစိုးရ (လွှတ်တော်အပါအဝင်) ဆိုလျှင်ရပြီ။ အစိုးရက ‘ညှိနှိုင်းဆောင်ရွက်သူ’ အခန်းမှ နေပေးလျှင် လုံလောက်ပြီ။ လူများလျှင် ပြဿနာတွေများ စကားတွေများပြီး အဖြေတော့တွေ့မည် မထင်။
၎။ မြန်မာ့နိုင်ငံရေးတွင် ‘အုပ်စုအစွဲ’ (Group Psychology) ကြီးလွန်းနေသလား စဉ်းစားမိသည်။ ဤအတွက် ဖော်ပြချက် အနည်းဆုံး သုံးချက် ရှိသည်ဟု ထင်သည်။

(က) ရန်သူ - မိတ်ဆွေ၊ သူ့ဘက် - ကိုယ့်ဘက် ရပ်ခံမှုတွေ ယခုထက်တိုင် တွေ့နေရဆဲ ...။

(ခ) မိမိရပ်တည်ရာ အဖွဲ့အစည်း၊ မိမိယုံကြည်ရာ အိုင်ဒီအိုလိုဂျီ တစ်ခုခုကို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ သင်္ချိုင်းကုန်းအထိ သယ်သွားနိုင်ပါမှ သူရဲကောင်းဟု ထင်မှတ်နေကြဆဲ ...၊

(ဂ) တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းအရဆိုလျှင် တကယ့်ပကတိအရှိကို ဆုပ်မိကိုင်မိရှိပြီး အကျိုးသင့် အကြောင်းသင့် လက်သင့်ခံနိုင်သော်လည်း လူများလာလျှင်၊ အဖွဲ့များလာလျှင်မူ လက်တွေ့ဖြစ်နိုင် မဖြစ်နိုင် အပထား၊ ရဲရဲတောက် လေထုတွေ ထိပ်တက်လာနေဆဲ ...။

အဆိုပါ ‘အုပ်စုအစွဲ’ သည်ပင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၏ ကြီးစွာသော အဟန့်အတားတစ်ခုလို ဖြစ်နေတတ်သည်။

ဆိုခဲ့ပါ MPC ဆွေးနွေးပွဲများတွင် စာရေးသူက မိမိထင်မြင်ယူဆသည်များကို ပွင့်ပွင့်လင်းလင်း ပြောတတ်သည်။ သူတို့က စိတ်မဆိုး၊ အပြုံးမပျက်။ သို့အတွက်ကြောင့်ပင် ဆရာဒဂုန်တာရာက ‘ဒီမိုကရေစီကို မတည့်အတူနေဝါဒ’ ဟု အဓိပ္ပာယ် ဖွင့်ဆိုခဲ့ခြင်း ဖြစ်ပါလိမ့်မည်။

ငါနှင့် မတူ၊ ငါ့ရန်သူ

သို့နှင့်တိုင် MPC ဆွေးနွေးပွဲများ၏ ပြင်ပ၊ မြန်မာ့နိုင်ငံရေးတွင်ကား ‘ငါနှင့်မတူ ငါ့ရန်သူ’ ဆိုသော ကြမ်းရှသည့် တုံ့ပြန်မှုများကို တွေ့နေရဆဲပင်။ ၂၀၀၈ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ‘ပြင်/သစ်’ ပြဿနာပေါ်ချိန်က ဖြစ်သည်။ ၂၀၁၃ ခုနှစ် မေလ ၁၂ ရက်တွင် စာရေးသူက ‘အခြေခံဥပဒေ ဘာတွေပြင်မလဲ၊ ဘယ်လိုပြင်မလဲ’ အမည်ဖြင့် ဆောင်းပါးတစ်ပုဒ် ရေးလိုက်သည်။ ‘အခြေခံဥပဒေအသစ် ရေးရေးမှာ အမှန်တကယ် ရေးခွင့်ရလျှင် အလွန်ကောင်းသော်လည်း လက်တွေ့ဖြစ်နိုင်ဖွယ်ရာ မရှိ။ ပြင်ဆင်ရေးသည်သာ လက်တွေ့ဖြစ်နိုင်ခြေ ရှိသည်’ ဟု ရေးလိုက်ရာ စာရေးသူကို ဝိုင်းတွယ်ကြတော့သည်။ စာရေးသူ ပြောင်းလဲလက်ခံလာသော ‘လစ်ဘရယ်လမ်းကြောင်း’ ကို ဘယ်လိုမှ လက်မခံနိုင်သော လက်ဝဲရယ်ဒီကယ်သမားများက တိုက်ခိုက်လာကြသည်ကို နားလည်နိုင်သော်လည်း ဘာမသိ ညာမသိ ‘ဒီမို’ ဆိုသူများက ပါဝင်ဆွမ်းကြီးလောင်းကြရာ ပြန်ပြောမနေချင်တော့လောက်အောင် စိတ်ပျက်မိသည်။

နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD က ‘ပြင်ဆင်ရေးလမ်းကြောင်း’ အတိုင်း သွားမည် ဆုံးဖြတ်လိုက်မှ အထိုက်အသင့် သက်သာသွားတော့သည်။ ‘ပြင်’ ကြမည် ဆိုတော့လည်း ‘ဘာကို စပြင်ကြမည်’ ကို တစ်ဖွဲ့နှင့်တစ်ဖွဲ့ သဘောထားမတူကြပြန်။ NLD က ၅၉ (စ) ကို ပြင်လိုသည်။ ရှစ်ဆယ့်ရှစ်က ၄၃၆ က စလိုသည်။ နောက်နှစ်ဖွဲ့ပေါင်းပြီး ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်တွေ ကောက်ခံကြသည်။ စာရေးသူ အမြင်အရမူ အဆိုပါ ပုဒ်မများမှာ ယုံကြည်မှုနှင့် တိုက်ရိုက်ဆက်စပ်နေရာ ယခုလို မယုံမကြည် အခြေအနေတွင် လွယ်လိမ့်မည် မထင်။ ဤအခြေအနေမှာပင် ‘တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်’ (NCA) ရုပ်လုံးပေါ်စ ပြုလာရာ စာချုပ်ပါ နိုင်ငံရေး ဆွေးနွေးပွဲများမှ တစ်ဆင့် အခြေခံဥပဒေကို တဖြည်းဖြည်း ပြင်နိုင်လျှင် ဖြစ်နိုင်ခြေ ရှိလိမ့်မည်ဟု ထင်လာသည်။ ဤအခိုက်မှာပင် သမ္မတ ဦးသိန်းစိန်နှင့် ပဉ္စမအကြိမ် တွေ့အပြီး သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က “အခြေခံဥပဒေကတော့ လွယ်တာက စပြင်ရမှာပဲ။ ကျန်တာတွေကတော့ ဖြည်းဖြည်းချင်း ပြင်ရမယ်” ဟု ဆိုလိုက်ရာ စိတ်ထဲက ဘဝင်ကျသွားသည်။

ယခု ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်သော စာရေးသူ၏  စဉ်းစားချက်များကို ဆက်လက်တင်ပြလိုသည်။

၁။ ယခုအခါ တပ်မတော် အပါအဝင် မြန်မာ့နိုင်ငံရေး အင်အားစု အားလုံးက ‘ဖက်ဒရယ်’ .... ကို မူအရ လက်ခံပြီးဖြစ်ရာ ‘ဘယ်လိုဖက်ဒရယ်လဲ’ ဆိုသော ရွေးချယ်ရမည့် စခန်းဆင့်သို့ ရောက်လာခဲ့ပြီ ဖစ်ပါသည်။ ဖက်ဒရယ်ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဟု ဆိုနိုင်သော ခေတ်ပြိုင်ပညာရှင် ‘အဲလ်ဖရက်၊ စတီဖဲန်’ ၏ အလိုအရ ရွေးစရာများများ ရှိလှသည်လည်း မဟုတ်။ အမေရိက၊ ဘရာဇီးလ်၊ ဆွစ်ဇာလန်တို့ ကျင့်သုံးနေကြသော ‘ယူအက်စ်မိုဒယ် ဖက်ဒရယ်’ နှင့် အိန္ဒိယ၊ ဘယ်လ်ဂျီယန်၊ စပိန်တို့ ကျင့်သုံးနေကြသော ‘ယူအက်စ်မိုဒယ်နှင့် မတူသည့် ဖက်ဒရယ်’ တို့သာ ရှိသည်။ ‘အဲလ်ဖရက်၊ စတီဖဲန်’ ကိုယ်တိုင်က လူမျိုးစုံ၊ ဘာသာစကားမျိုးစုံ၊ စုစည်းနေထိုင်ကြသော တိုင်းပြည်များအတွက် ဒုတိယပုံစံက ပို၍ အဆင်ပြေနိုင်စရာ ရှိသည်ဟု မှတ်ချက်ပြုထားသော်လည်း မြန်မာ့လူမျိုးစု လက်နက်ကိုင် အများစုကမူ ‘ယူအက်စ်မိုဒယ်’ ကိုသာ ပို၍ လိုလားဟန်ရှိပါသည်။ အချို့ကဆိုလျှင် ဒုတိယပုံစံကို ဖက်ဒရယ်ဟူ၍ပင် ယူဆလိုဟန် မတူပါချေ။

၂။ အနှစ်သာရပိုင်းကို အသာထား၊ ပုံသဏ္ဌာန်သက်သက်အရ ခွဲကြည့်လျှင် ၁၉၄၇ အခြေခံဥပဒေမှာ ‘ယူအက်စ်မိုဒယ်နှင့် မတူသည့် ဖက်ဒရယ်’ နှင့် နီးစပ်ပြီး ၂၀၀၈ အခြေခံဥပဒေမှာ ‘ယူအက်စ်မိုဒယ်’ နှင့် နီးစပ်သည်။ အနှစ်သာရပိုင်းကိုပါ ထည့်သွင်းစဉ်းစားလျှင်မူ ၁၉၄၇ မှာ ‘ဖက်ဒရယ်တစ်ပိုင်း’ (Semifederal) ဖြစ်ပြီး ၂၀၀၈ မှာ ဖက်ဒရယ်ဟု မဆိုနိုင်သေးပါချေ။

၃။ ၂၀၀၈ အခြေခံဥပဒေကို ဖက်ဒရယ် အနှစ်သာရများ ဖြည့်ဖို့ဆိုလျှင် အနည်းဆုံး အောက်ပါပြဋ္ဌာန်းချက်များကို ပြင်ဖို့လိုပါလိမ့်မည်။

(က) ဇယား ၁၊ ၂၊ ၃ နှင့် ၅ တို့ကို နှစ်ဖက်ညှိနှိုင်းပြင်ဆင်ရန်။
(ခ) ‘သယံဇာတ ခွဲဝေရေး’ (Resource Sharing) နှင့် ပတ်သက်ပြီး တိတိကျကျ ဖော်ထုတ်ရန်၊

(ဂ) ပုဒ်မ ၂၆၁ ကို နှစ်ဖက်ညှိနှိုင်း ပြင်ဆင်ရန်

(ဃ) လွှတ်တော်နှစ်ရပ် သဘောကွဲလွဲလျှင် ပြည်ထောင်စုလွှတ်တော်မှ မဲခွဲဆုံးဖြတ်သည်ကို ပြန်လည်စဉ်းစားရန်တို့ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သော “လွယ်တာက စပြင်ရမယ်” ဆိုသည်မှာ ဆိုခဲ့ပါ ပြဋ္ဌာန်းချက်များ ဖြစ်နိုင်သည်။ ဤအချက်များသာ ပြင်နိုင်လျှင် ငြိမ်းချမ်းရေး လမ်းပွင့်သွားနိုင်သည်ဟု ထင်သည်။

၎ ဆိုခဲ့ပြီးသော အချက်များကို သဘောတူညီပြီးလျှင် NCA စာချုပ်ပါ လမ်းပြမြေပုံအတိုင်း ဆက်လက်လုပ်ဆောင်ရပါမည်။ ကျန်ရှိသော အချက်များနှင့် လက်မှတ်မထိုးသေးသော အဖွဲ့များနှင့်မူ ဆက်လက်ဆွေးနွေးရပါဦးမည်။ လက်တွေ့ကျကျ ပြင်နိုင်လျှင် ကျန်ရှိသော ပြဋ္ဌာန်းချက်များရော၊ လက်မှတ်မထိုးရသေးသော အဖွဲ့များ အတွက်ပါ ‘တွန်းအား’ ဖြစ်လာနိုင်ပါသည်။ ဤသို့မဟုတ်ဘဲ ယခုဖြစ်နေသလို အချိန်ဆွဲသလို ဖြစ်နေလျှင် ဆန့်ကျင်ဘက် အကျိုးဆက်များ ဖြစ်သွားနိုင်သည်။ တည့်တည့်ဆိုရလျှင် လက်မှတ်ထိုးထားသော အဖွဲ့များ စိတ်ပျက်သွားနိုင်သည်။

စာရေးသူ မျှော်လင့်သည်မှာ အကောင်အထည်မဲ့၊ ဝတ်လစ်စလစ် ‘နတ်ဝတ်ပုဆိုး၊ တိမ်မီးခိုး’ အဆင့်မှ အကောင်အထည်ရှိရှိ ရုပ်လုံးပေါ်လာစေရေးအတွက် ရည်ရွယ်ပါသည်။

‘အနမ်း’ နဲ့ ငြှိမ်း

ယခုစာစုကို ဆရာမောင်သာနိုး ဘာသာပြန်ထားသော ‘ဘောင်းဘီဝတ် မိုးတိမ်’ ကဗျာနှင့် အဆုံးသတ်လိုသည်။ ဒါကလည်း အကြောင်းရှိ၍ ဖြစ်ပါသည်။ ရုရှားကဗျာဆရာကြီး ‘မာယာကော့စ်စဘီး’ ၏ ‘Clouds in the Trousers’ ကို ဆရာနိုးက ‘ဘောင်းဘီဝတ် မိုးတိမ်’ ဟု ဘာသာပြန်လိုက်ရာ စာရေးဆရာတစ်ဦးက ယခုလို ဝေဖန်သည်ဟု ဆိုပါသည်။ “ကိုသာနိုးနှယ်ဗျာ၊ ဒါနဲ့နီးစပ်တဲ့ မြန်မာဝေါဟာရ ရှိပြီးသားဗျ။ 

‘နတ်ဝတ်ပုဆိုး၊ တိမ်မီးခိုး’ ဆိုတာလေ ...။” ဤတွင် ဆရာက ကဗျာစာပိုဒ်တစ်ပိုဒ်ကို ထုတ်ပြပြီး ယခုလို ရှင်းပြသည်။

“ဆန္ဒရှိကြရင် ...
ပြောစရာ မရှိအောင် နူးညံ့ပြလိုက်မယ်
ယောက်ျားမဟုတ်
‘ဘောင်းဘီဝတ် မိုးတိမ်’ ရယ်လို့။

ဆန္ဒသာရှိမယ်ဆိုရင် ‘မိုးတိမ်’ ကို ‘ဘောင်းဘီဝတ်ထားသလို’ နူးညံ့ပြလိုက်မယ်ဟု ဆိုရာ ‘ဝတ်စုံ’ ကို ညွှန်းသည်မဟုတ်၊ ‘လူ’ ကို ရည်ရွယ်ရင်းဖြစ်သည်။ ဒါကို စာရေးဆရာ မသိမဟုတ် သိပါလိမ့်မည်။ (ထိုဆရာမှာ နာမည်ကြီး - ဘာသာပြန် ဆရာလည်း ဖြစ်သည်။) သို့သော် ဝေဖန်ချင်ဇောကဲပြီး ယခုလို ဖြစ်သွားဟန်တူသည်- ဟု မှတ်ချက်ပြုပါသည်။

စာရေးသူ အနေနှင့် NLD အစိုးရမှာ ‘ငြိမ်းချမ်းရေးကို ဦးစားပေးလုပ်ငန်းအဖြစ် သတ်မှတ်ထားပြီး ငြိမ်းချမ်းရေး အခြေအနေကို မူတည်ပြီးမှ အခြေခံဥပဒေကို ပြင်ဆင်သွားမည်” ဟု ဆိုထားရာ အဆိုပါ မဟာဗျူဟာ ရွေးချယ်မှုကို အပြည့်အဝ ထောက်ခံသည်။ ‘ယွန်ဆန်’ အပါအဝင် နိုင်ငံတကာလေ့လာသူ အချို့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ‘နတ်ဝတ်ပုဆိုး တိမ်မီးခိုး’ ဟုဆိုလေရာ စိတ်ထဲက သိပ်မခံချင်။ နူးနူးညံ့ညံ့ အကောင်အထည် ဖော်နေရသော ‘ဘောင်းဘီဝတ် မိုးတိမ်’ ဖြစ်စေလိုသည်။ ယခုစာစု၏ ရည်ရွယ်ချက်မှာလည်း ဒါပဲ ဖြစ်သည်။

ထို့ထက်  ယခုစာစု ရေးနေစဉ်မှာပင် ‘လောက်ကိုင်တိုက်ပွဲ’ သတင်းကို ကြားနေရရာ ‘ဘောင်းဘီဝတ် မိုးတိမ်’ မှ ကဗျာတစ်စကို အမှတ်ရမိနေသည်။ ယခုလို ...
“မီးသတ်သမားတွေကို ပြောလိုက်ပါ
မီးလောင်နေတဲ့ နှလုံးသားအပေါ်
‘အနမ်း’ နဲ့ တက်ရတယ်လို့ ...”

ပြည်တွင်းစစ်မီး လောင်မြိုက်နေသော မြန်မာလူထု၏ နှလုံးသားပေါ် ‘အနမ်း’ နှင့် တက်ငြှိမ်းပါမှ ဖြစ်ပါလိမ့်မည်။ ‘အနမ်း’ ဆိုသည်မှာ ‘ကာမဂုဏ်အာရုံ’ ကို ဆိုလိုသည် မဟုတ်။ ‘မေတ္တာနှင့် ယှဉ်သော ငြိမ်းချမ်းရေး’ သာဖြစ်ပါသည်။ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်၏ မေတ္တာ၊ အစိုးရသစ်၏ စေတနာဖြင့် အနှစ် ၇၀ နီးပါးအကြာ ပြည်တွင်းစစ်ကြီး အပြီးတိုင် ငြှိမ်းသတ်နိုင်ပါစေသတည်း ...။ 

ကျော်ဝင်း
၈ မတ်လ၊ ၂၀၁၇