POST TYPE

ARTICLE

ဝက်ဇီးကွက်မင်းသားလေးရဲ့ တော်လှန်ရေး
01-Jul-2016

ကော့စမစ်ရွှဲနေသော ဘိုကေကို နောက်သို့ အသာလှန်ဖီးသည်။ ဒေါ်လာရာချီတန်သော ကွတ်အင်္ကျီကော်လံ အနားဖျားတွင် အစထွက်နေသည့် ရှပ်အင်္ကျီ ကော်လံ အစကို သပ်သပ်ရပ်ရပ်ခေါက်ပြီး ချလိုက်၏။ ဘီအေစတိုင်လ်ဝတ်နည်းဟု တစ်ချိန်က နာမည်ကြီးခဲ့သော ပုဆိုးဝတ်နည်းကို မတူတူအောင် ဝတ်ထားရသဖြင့် အောက်သို့ အနည်းငယ်ကျနေသော ခါးပုံစကို ဆွဲတင်သည်။ ခါးပုံစအောက်ရှိ အိုးစရည်းအရွယ် ဝမ်းဗိုက်တော်ကို မနိုင့်တနိုင် ပတ်စည်းထားရရှာသည့် ခါးပတ်ကို သေချာပြန်ကျပ်လိုက်၏။ ခြေဖဝါးတွင် စီးထားသော ပေတင်ရှူးဖိနပ်ကို နေသားကျအောင် အသာစောင့်ချပြီး... နောက်...။
တော်ဝင်သွေး နားထင်ဆောင့်တော်မူနေသည့် ဝက်ဇီးကွက် မင်းသားလေးသည် လက်တော့မဟာကြီးဖြင့် အောက်ပါ စတေးတပ်စ်တော်ကို တင်တော်မူလေ၏။

“စင်ကာပူမင်းတရား လာရောက်သည့်အခိုက်... ဝီစကီဘရန်ဒီ၊ ရှယ်ရီဘီယာ ယမကာတော်တို့ဖြင့် ဧည့်မခံရစ်ဘဲ လစ်ပတန်တီးခေါ် အမှိုက်လက်ဖက်ရည်ဖြင့် ဧည့်ခံသည့် ယခုအစိုးရကြောင့် ကျွန်ုပ်တို့ အရှက် ရတော်မူ၏”

မှန်ပေသည်။
နန်းတော်ပေါ်မှာ ခွေးတော်ကျ ဝက်တော်ကျ ကျတော်မူခဲ့သည့် ဝက်ဇီးကွက်မင်းသားလေး၏ ဘိုးအေတော် ရေမြင်းမင်းတရားကြီး လက်ထက်တွင်မူ ထိုသို့မဟုတ်။

တိုင်းပြည်အား အခြားနိုင်ငံတကာများ အထင်ကြီးစေရန် အလို့ငှာ အနစ်နာခံတော်မူပြီး မိသားစုလိုက် ဆွစ်ဇာလန်သို့ အပန်းဖြေခရီး ထွက်ကြ၏။ 
နိုင်ငံတကာမှ အထင်မသေးရန် အလို့ငှာ သမီးတော်များအား ရတနာစိန်ကျောက် ဇယ်တောက်တမ်းကို ကျွမ်းကျင်အောင် ကစားတတ်စေ၏။ 
ရှေးမြန်မာ့တော်ဝင်သွေး တို့၏ ရိုးရာကို စောင့်သိသောအနေနှင့် ဘိုးတော် ရေမြင်းမင်းတရားမှာ ဝက်မိဖုရား များများထားပြီး ဇီးတော်များ တင်တော်မူ၏။
တိုင်းပြည်ကို ကျွန်ပြုခဲ့သော အနောက်တိုင်းသားတို့အား ကလဲ့စားချေအံ့ အလို့ငှာ အနောက်တိုင်းသွေး ပါသူကြီးကိုပါ တော်ကောက်ခဲ့တော်မူသည်။

ထိုသို့ တိုင်းသူပြည်သားများအား ဂုဏ်အသရေ ကြီးစွာဖြင့် ထမင်းရည်သောက်ခွင့်ကို ပေးခဲ့သော ဘဝရှင် ရေမြင်းမင်းတရားကြီးတုန်းကပင် နိုင်ငံခြား ဧည့်သည်တော်များကို ယခုလို ဖြစ်ကတတ်ဆန်း ဘယ်တော့မှ ဧည့်မခံခဲ့။

ဘယ့်နှယ်... အခုတော့...
ဘာတဲ့... ဒေါ်လာ ၁၃၀ တန် လစ်ပတန်တီးတဲ့...။

အခုတော့...အခုတော့...
“ရာဇဝင်ရိုင်းလိုက်လေ... သယ်... ထွီ... ထွီ... ထွီ... ဒီလို နိုင်ငံ့ဂုဏ်ကိုချနေတဲ့ အစိုးရ... ငါကိုယ်တော်တိုင် တော်လှန်ရေးလုပ်ပြမှ ဖြစ်တော့မယ်...”
ဝက်ဇီးကွက် မင်းသားကား ဘိုးတော် ရေမြင်းသွေးပီပီ ဒေါသကြီး၏။ ထို့ကြောင့် ဘိုးတော်ရေမြင်းမင်း နည်းတူ... လူကြီးသားမြေးဆိုလျှင် အမွှေးပါ တုန်တက်သည် အထိ ဖရဏာပီတိဂွမ်းဆီထိ တွဲခုတ်ချင်ကြသော လေဒီတော်အများကို ခြံရံကာ ယခုလို စတေးတပ်စ် တင်လိုက်ရခြင်းပင်။

တစ်ခေတ်တစ်ခါ တပ်မင်းများ အုပ်ချုပ်သည့် အချိန်ကလည်း တပ်မင်းများကို ပုန်ကန်ကာ အာဏာ သိမ်းမည်ဟု ရည်သန်လျက် တပ်မင်းများပုံကို ရွှံ့ဖြင့် အရုပ်လုပ်ကာ အိုးပုတ်ချိုးရုပ်တမ်း ကစားမှုဖြင့် ထောင်ကျခဲ့ဖူး၏။ ထောင်ကထွက်လာသည့် အခါမှာတော့ ဝက်ဇီးကွက် မင်းသားလေးသည် အထက်တွင် ရေးထားသကဲ့သို့ သူ့ကိုယ်သူ ကိုလိုနီခေတ် ကောလိပ်ဂျင် စတိုင်လ် ဝတ်ဆင်ကာ လမ်းသလားတော့သည်။

ဟိုပွဲ ဒီပွဲတွေကြား ဖြူဖြူးမည်းမည်း အကောင်ကြီးကြီး အမြီးရှည်ရှည်ဖြစ်ခဲ့ဖူးသူနှင့် တွဲရလျှင် ပြီးရောဆိုသည့် လူ့မလိုင်များနှင့် တွဲကာ ဓာတ်ပုံရိုက်၏။
ဗိုလ်အောင်ဒင်စတိုင်လ် ဝတ်ပြီး မမြဝင်းဒီဇိုင်းဖြင့် လှေနံနှစ်ဖက်နင်းသည့် နိုင်ငံရေးစကားများ ပြော၏။
ဟိုဘက်လိုလို ဒီဘက်လိုလိုနှင့် ဟိုလိုလိုဒီလိုလို အီရောင်ဝါး ဆရာသမားဆိုဒ်ဖမ်း၏။
ဖေ့ဘွတ်တည်းဟူသော နိုင်ငံရေးစင်မြင့်တွင် ငယ်ကျွန်ကြီးတစ်သိုက်အား နိုင်ငံရေးတရားများ ဟောကာ ဝေဖန်ရေးလုပ်သည်။

နောက်ဆုံး ဝေဖန်ရေးကား ယခုလက်ရှိ အစိုးရ မင်းများသည် စင်ကာပူနိုင်ငံမှ မင်းတရားကြီးခရီးစဉ်ကို အပေါစားလက်ဖက်ရည်နှင့် ဧည့်ခံသည်တည်း ဟူသော မဟာနိုင်ငံရေး ဆန်းစစ်ချက်ကြီးပင်။

ထိုဝေဖန်ရေးစာကြီး၏ အောင်မြင်မှုကား ဘိလပ်သို့တိုင်အောင် ကျော်ကြားသွား၏။ ဘိလပ်တွင် သိုးဆောင်းဘာသာစကားဖြင့် ထုတ်ဝေသော သတင်းစာကြီးမှ ဝက်ဇီးကွက်မင်းသားလေး၏ ဝေဖန်ချက်အား ယခုနှယ့် ဂုဏ်ယူစွာဖော်ပြလေသည်။

ရွှေပြည်တော်မှ အစိုးရမင်း ယခုကဲ့သို့ နိုင်ငံခြား ခရီးစဉ်တွင် လက်ဖက်ရည်ဖြင့် ဧည့်ခံခဲ့ကြောင်း၊ အနှီ တိုင်းပြည်၏ ဆင်းရဲရခြင်းအကြောင်းမှာ ယခင်ယခင်က ဝက်ဇီးကွက်မင်းသားလေး၏ ဘိုးအေ ရေမြင်းမင်းတရားကြီးနှင့် မိသားစုတစ်သိုက်က သယံဇာတ ဟူသမျှ ယောက္ခမအမွေရသကဲ့သို့ သဘောပိုက်ကာ သုံးဖြုန်းပေးခဲ့ခြင်းကြောင့်သာ ဖြစ်ကြောင်း သမိုင်းကျိုး သမိုင်းနာများဖြင့် ဖော်ပြကြလေသည်။

ထိုအခါ ဝက်ဇီးကွက်မင်းသားလေးမှာ မဟာ ရှက်ကြောတော်ကြီးများ ကွဲလေသော်လည်း မျက်နှာပြောင် တိုက်ကာ ကိုယ်လုပ်တော်များ ဝန်းရံလျက် လစ်ပတန်တီး တော်လှန်ရေးကြီး ဆင်နွှဲမည်ကြံ၏။ ထို့နှယ် တက်ကြွသော မဟာအဆီသွေး ဝက်ဇီးကွက် မင်းသားလေးက ယခုလို လစ်ပတန်တီး တော်လှန်ရေးကြီးကို စတော့မည်ဆိုသဖြင့် တစ်နိုင်ငံလုံး ဖိမ့်ဖိမ့်တုန်ကုန်သည်။ 
ပြည်သူများမှာ ဝက်ဇီးကွက်မင်းသားလေး၏ ဒေါသကြောင့် ထိတ်လန့်ကာ ပါသည့် အီအီးများပင် အတုံးဖြစ်သူ ဖြစ်... အရည်ဖြစ်သူ ဖြစ်... အဖတ်ဖြစ်သူ ဖြစ်ကုန်ကြသတည်း။

တော်လှန်ရေးစမည် ဖြစ်သော ဝက်ဇီးကွက် မင်းသားလေးသည် ဉာဏ်ပညာမြင့်မားသူ ဖြစ်သည့် အားလျော်စွာ ယခင့်ယခင်ကအတိုင်း အိုးပုတ်ချိုးရုပ် နည်းဖြင့် အာဏာရရန်ကြံ၏။

“ဒါ တံမဒကြီး အရုပ်”
“ဒါ နိုင်ဂံတော်အကြံပေးကြီးအရုပ်”
“ဒါ တပ်ဂျုပ်ကြီး အရုပ်ဒဒ ...”

မကြာမီပင် ယူနီဖောင်းဝတ်လူတစ်စု ရောက်လာပြီး ဝက်ဇီးကွက်မင်းသားလေးအား ဖမ်းချုပ်ကြ လေသည်။ ယခင်ကလိုပင် အာဏာသိမ်းမည်ကြံကာ အိုးပုတ်ချိုးရုပ် ကစားသဖြင့် ဖမ်းမည်ဟု အထင်ရှိသဖြင့် ဝက်ဇီးကွက်မင်းသားလေးမှာ ရုန်းကန်ရှာ၏။

“လိုက်ဖူး... လိုက်ဖူး... ခေးလေးက... အိုးပုတ် ချိုးရုပ်တွေနဲ့ ဆော့နေတာ... စစ်သားကြီးတွေ... သားသားကို... ဖမ်းနက်... ဖမ်းနက်” 
“အေးပါ သားသားလေးရယ်... လာ... လာ လိုက်ခဲ့... ဦးဦးတို့က သားသားကို အရင်ကဖမ်းခဲ့တဲ့ စစ်သားကြီးတွေ မဟုတ်ပါဘူး... ဦးဦးတို့က သားသားလေးကို ဦးတို့က ဆေးတိုက်မလို့ပါ... မဖမ်းပါဘူး... လာလာ”

ထိုသို့ ထိုကလိုနှင့်
ကော့စမစ်ရွှဲ ... ကုတ်အင်္ကျီအမည်းနှင့် ပိုးပုဆိုး မင်းသား ဝက်ဇီးကွက်ကလေးမှာ ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံသို့ ပါသွားရှာလေသတည်း... ငိငိ။

ဗြိတိသျှကိုကိုမောင်


ABOUT AUTHOR

(ဗြိတိသျှကိုကိုမောင်)