News

POST TYPE

ARTICLE

မဟာချိုင် ဖျက်မိုး
01-Jul-2016

ထိုင်းပုလိပ်တို့လည်း မစွမ်းသာလှတော့။ ထောင်ချီသော အလုပ်သမားများက အတားအဆီးများကို ဖြတ်ကျော်ကာ ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းဆိုက်ရာ နေရာသို့ ပြေးဝင်သွားကြလေပြီ။ ထိုအချိန်ကတည်းကပင် မိုးသားတိမ်လိပ်တို့ မှောင်မဲနေသည်။ သူတို့တွင် ရင်ဖွင့်စရာများ ရှိသည်။ မျှော်လင့်ချက်များ ရှိသည်။ ဒဏ်ရာဒဏ်ချက်များ ကိုယ်နှင့်တစ်ပါတည်း သယ်ဆောင်လာကြသည်။ သို့သော် မဟာချိုင်မိုးနှင့်အတူ မျောပါသွားလေပြီ။

(၁)

လမ်းပိတ်ဆို့ကာ ရပ်နေသည့် ရာနှင့်ချီသည့် လူအုပ်ကြီးထဲသို့ မှန်လုံ အဝေးပြးယာဉ်ကြီးတစ်စီး တိုးဝင်နေသည်။ လူအုပ်ကလည်း နည်းနည်းမျှ နောက်မဆုတ်။ ယင်းမော်တော်ယာဉ် တက်ကြိတ်လျှင်လည်း တင်းခံနေမည့်သဘော။

တူညီဝတ်စုံဝတ် မြန်မာအလုပ်သမားများ စီးနင်းလိုက်ပါလာသည့် ယင်းယာဉ်ကို မြန်မာအလုပ်သမားများက တားဆီးနေခြင်း ဖြစ်သည်။ ယင်းမှာ မဟာချိုင် စစ်မြေပြင်တွင် ဖြစ်ပွားနေသော မျှတမှုအတွက် တိုက်ပွဲ။

မဟာချိုင်ဟု ဆိုလိုက်လျှင် ငါးညှီနံ့များ ရလာလိမ့်မည်။ မြန်မာနိုင်ငံမှ တိုင်းရင်းသားပေါင်းစု၏ မပျော်ပိုက်လှသော မုခမျက် နှာများ ပေါ်လာလိမ့်မည်။ အိမ်မပြန်နိုင် သေးသူများ၏ သုမနကြောမှ ဒဏ်ရာများ ထင်လာလိမ့်မည်။

မဟာချိုင်တွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ထောင်သောင်းချီ နေထိုင်သည်။ ဇွန်လ ၂၃ ရက်နေ့သည် ထိုအလုပ်သမားများ အတွက်သာမက ထိုင်းနိုင်ငံတွင် မျက်နှာငယ်နေရသော သန်းချီသော အလုပ်သမားများအတွက် မျှော်လင့်ချက်ပန်းများ ပွင့်ရာရက် ဖြစ်သည်။ ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ မဟာချိုင်မြို့ TaLa Thai (ငါး၊ ပုစွန်) ဈေးအနီး ခန်းမတွင် ထိုရက် တွေ့ဆုံကြမည် ဖြစ်သည်။ ထိုတွေ့ဆုံပွဲတွင် သူတို့ အလုပ်ရှင်များ၏ အနိုင်ကျင့်မှုများ ရင်ဖွင့်ကြမည်၊ မတရားမှုများကို တိုင်တန်းကြမည်၊ မျှတမှုအတွက် အခွင့်အရေး တောင်းကြမည်။

တွေ့ဆုံပွဲအတွက် လူသောင်းချီဆန့် ဘောလုံးကွင်းတစ်ခု မြန်မာသံရုံးက တောင်းဆိုခဲ့သည်။ သို့သော် ထိုင်းအာဏာပိုင်များက လူငါးရာခန့်သာ ဝင်ရောက်နိုင်မည့် ခန်းမတစ်ခုကို ရွေးချယ်ခဲ့သည်။ ယင်းခန်းမအတွင်း ဝင်ခွင့်ရမည့်သူများကိုလည်း ထိုင်းအလုပ်ရှင်နှင့် အာဏာပိုင်များက စိတ်ကြိုက်ရွေးချယ်ခဲ့မှုမှ အစပျိုးသည့် တင်းမာမှုလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ယင်းနေရာသို့ မရောက်မီ လေးနာရီခန့် အကြာကပင် တင်းမာမှုစတင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲကို ဦးရာလူစနစ်ဖြင့် ဝင်ရောက်ရမည် ဆို၍ နံနက် ၆ နာရီခန့် ကပင် မြန်မာအလုပ်သမားများ ယင်းနေရာသို့ စတင်ရောက်ရှိလာကြသော်လည်း ဝင်ခွင့်မရကြပေ။

“အမှန် ဒုက္ခတကယ်ခံစားနေရတဲ့ သူတွေကို ဝင်ခွင့်မပေးဘူး။ လုံးဝ မတရားဘူး။ ကျွန်တော်တို့ ရင်ဖွင့်လို့ မရတော့ဘူး” ဟု ကိုစိုးစိုးက ဆိုသည်။ ဘန်ကောက်မှ မဟာချိုင်သို့ နှစ်နာရီခရီးနှင်ပြီး နံနက် ၆ နာရီကတည်းက သူလာစောင့်နေခြင်း ဖြစ်သည်။

ထိုင်းလုပ်ငန်းရှင်နှင့် ဒေသအာဏာပိုင်တို့ စိတ်ကြိုက်ရွေးချယ်ထားသည့် အလုပ်သမားများကို မော်တော်ယာဉ်များဖြင့် တင်ဆောင်ခေါ်လာသဖြင့် ယင်းနေရာသို့ ရောက်ရှိနေသည့် အလုပ်သမားများက လမ်းများကို ပိတ်ဆို့ခဲ့ကြသည်။ ယာဉ်ပေါ်က အလုပ်သမားများမှာ စက်ရုံဝတ်စုံကို တူညီစွာ ဝတ်ဆင်လာကြသည်။

ထိုမော်တော်ယာဉ်တို့ ဝင်လာသည်နှင့် အလုပ်သမား ပြေးလွှားကာ လမ်းပိတ်တော့သည်။ ယာဉ်များမှာ လူတံတိုင်းဖြင့် အတင်းပိတ်ထားသောနေရာမှ ပြန်ဆုတ်ပေးလိုက်သည်။ သို့သော် အခြားနည်းလမ်းဖြင့် ခန်းမအတွင်းရအောင် ခေါ်သွားလိုက်နိုင်သည်။

(၂)

အချိန်ကား ညနေ ၄ နာရီကျော်။ ကားတန်းရှည်ကြီး ခန်းမအထွက်လမ်းအတိုင်း ဝင်ချလာသည်။ လမ်းတစ်လျှောက် တန်းစီနေသည့် သောင်းနှင့်ချီသည့် လူအုပ်လည်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။ ကားတန်း ဝင်ရောက်လာချိန်တွင် ‘အမေစု ကျန်းမာပါစေ’ ဟု ဆိုကာ မြန်မာအလံများကို ဝှေ့ယမ်းပြနေကြသည်။

ယာဉ်တန်းကျော်သွားပြီးနောက် အခြေအနေက မြေပြို၍ ပြေးကြသည့်အလား။ ထိုင်းပုလိပ်တို့လည်း မစွမ်းသာလှတော့။ ထောင်ချီသော အလုပ်သမားများက အတားအဆီးများကို ဖြတ်ကျော်ကာ ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်း ဆိုက်ရာနေရာသို့ ပြေးဝင်သွားကြလေပြီ။ ယင်းလူအုပ်မှာ ခန်းမတစ်ခုရှေ့ အကာအရံများနောက်တွင် နေရာယူလိုက်ပြီး ဗိုလ်စွဲခဲ့သည့် ဘောလုံးအသင်းအလား အောင်ပွဲခံနေကြသည်။ နိုင်ငံတော်သီချင်းများ ဆိုနေကြသည်။ အမေစုဟု အော်ဟစ်နေကြသည်။

ယာဉ်တန်းဆိုက်သည့်နေရာမှ ခန်းမ ထဲဝင်လာသည့် ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာမှာ ပြုံးပြုံးရွှင်ရွှင်မရှိလှ။ ထိုအချိန်မှာပင် မိုးသားတိမ်လိပ်တို့ မှောင်မဲလာနေလေပြီ။

အပြင်ဘက်တွင်ထိုင်နေသည့် မြန်မာ လုပ်သားများဘက်သို့ လက်ညှိုးထိုးကာ ထိုင်းတာဝန်ရှိသူ အချို့ကို မေးမြန်းစကား ပြောခဲ့သေးသည်။ ထိုနောက်တွင်မှ ငါးညှီနံ့များ ရနေသော ဆင်ဝင်ကို ဖြတ်ကျော်ကာ ခန်းမအတွင်း ဝင်ရောက်သွားသည်။

“ဒီကိုလာတာ မြန်မာအားလုံးနဲ့ တွေ့ဖို့လာတာ” ဟု စကားအစချီပြီး ထိုင်းအလုပ်ရှင်နှင့် ဒေသ အာဏာပိုင်များ အစီအစဉ်ဖြင့် ခန်းမအတွင်း ရောက်နေသော မြန်မာအလုပ်သမား သုံးရာကျော်ကို ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းခြွေသည်။ အလုပ်သမားများ အတွက် မြန်မာနိုင်ငံသား ဖြစ်ကြောင်း အထောက်အထား လက်မှတ် ရရှိအောင် ကြိုးစားနေကြောင်း သူမက ဆိုသည်။ 
“အဲဒါအပြင် နိုင်ငံသူ၊ နိုင်ငံသားအားလုံးဟာ ဒီနိုင်ငံရဲ့ ဥပဒေဘောင်အတွင်းက ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေရအောင် ကြိုးစားနေပါတယ်”

မေးခွန်းမေးမြန်းချိန်တွင် ခန်းမထဲ ရောက်နေသော အလုပ်သမားများမှာ စက်ရုံသုံးလေးရုံမှ အလုပ်သမားများသာ ဖြစ်ကြောင်း သိရှိသွားသည်။ 
“(အခြားအလုပ်သမားတွေကို) မပေးဝင်ဘူးအမေ။ အပြင်မှာရှိနေတယ်” ဟု အလုပ်သမားတစ်ဦးက တကယ့်အမေရင်းကို တိုင်ကြားသည့်အလား ပြောဆိုလိုက်သည်။
အတွင်းဝင်ခွင့်မပေးပါက ခန်းမပြင်ပတွင် ရောက်ရှိနေသည့် မြန်မာ အလုပ်သမားကို သွားရောက် စကားပြောမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုလိုက်သည်။

ခန်းမအတွင်း အလုပ်သမားများ တင်ပြချိန်တွင် မိုက်ကရိုဖုန်း ပျက်သွားသဖြင့် ဒေါ်အောင်ဆန်းစုကြည်မှာ စင်အောက်သို့ ဆင်းကာ အလုပ်သမားတို့အနီးသို့ ကိုယ်တိုင်သွားရောက် မေးမြန်းခဲ့ရသေးသည်။

ခန်းမအပြင်တွင်လည်း လော်စပီကာ နှစ်လုံးတပ်ဆင်ထားသည့် ယာဉ်တစ်စီး ရောက်လာသည်။ ယာဉ်ပေါ်မှ လူတစ်ဦး ကလည်း ဒေါ်အောင်ဆန်းစုကြည်လာတွေ့ကာ စကားပြောမည်ဖြစ်၍ ငြိမ်သက်ပေးရန် ကြေညာလိုက်နေချိန်မှာ မိုးစတင် ရွာချလိုက်တော့သည်။ မိုးသည်းတို့အပြင် လေလည်း ပါလိုက်သေးသည်။ မိနစ်နှစ်ဆယ်ခန့်ကြာ ရွာသွန်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်မှာ အလုပ်သမားထုနှင့် တွေ့ဆုံ စကားမပြောနိုင်တော့ဘဲ ကားပေါ်တက်ကာ လာလမ်းအတိုင်း နောက်လှည့်ပြန်လေတော့သည်။

ထိုင်းနိုင်ငံတွင် အလုပ်သမားအရေး ဆောင်ရွက်နေသူ ဗြိတိသျှလူမျိုး အန်ဒီဟောကမူ ဒေါ်အောင်ဆန်းစုကြည် ယာဉ်ပေါ်မတက်မီလေးတွင် မိုးသည်းထဲခေတ္တ စကားပြောခွင့်ရလိုက်သည်။ တစ်မိနစ်စာဟု ထိုအခိုက်အတန့်ကို အန်ဒီကဆိုသော်လည်း အချို့ ဗီဒီယိုမှတ်တမ်းများအရ စက္ကန့်နှစ်ဆယ်ကျော်ခန့်သာ ရှိသည်။

“အန်ဒီ၊ ကျွန်မလူထုကို အပြင်မှာ စကားပြောခွင့်မရလို့ စိတ်ပျက်လက်ပျက် ဖြစ်ရကြောင်းပြောပေးပါ။ ဒါပေမဲ့ သူတို့ ပြဿနာတွေကို ကောင်းကောင်းသိပါတယ်လို့” ဟု အန်ဒီဟောက ဒေါ်အောင်ဆန်း စုကြည်၏ အမှာစကားကို ပြန်လည် ဖောက်သည်ချထားသည်။

(၃)

ထောင်သောင်းချီသော မြန်မာ အလုပ်သမားများ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရ၊ ခန်းမအတွင်း သုံးရာခန့်သော အဖိတ်ခေါ်ခံ အလုပ်သမားများနှင့် ပြောဆိုချိန်တွင်ပင် စကားပြောမိုက်က ပျက်သွားလိုက်သေးသည်။ အပြင်တွင် စကားပြောမည် ကြံသောအခါ မိုးကရွာသည်။

မြန်မာတို့အတွက် ဇွန် ၂၃ မဟာချိုင်နေ့မှာ စနစ်တကျ ကံဆိုးလွန်းလှသည်။

ထိုင်းရောက် မြန်မာအလုပ်သမား များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမည့်အရေးကို အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွင် ကမ္ဘာကျော်သော ထိုင်းနိုင်ငံ၏အစိုးရက အဘယ်ကြောင့် စိုးရိမ်နေရသနည်း။


ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ အလုပ်သမားများ တွေ့ဆုံပွဲကို လူသောင်းနှင့် ချီဆန့်သည့် မဟာချိုင်ဘောလုံးကွင်းတွင် ပြုလုပ်ရန် မြန်မာသံရုံးက လျာထားခဲ့သော်လည်း စမွတ်ဆခွန်ခရိုင် အာဏာပိုင်များက လူငါးရာခန့်သာ ဝင်ရောက်နိုင်သည့် အဆိုပါ ဈေးအနီးခန်းမတွင် ပြောင်းလဲ စီစဉ်ပေးခဲ့သည်။

ထိုင်းအလုပ်ရှင်များနှင့် အာဏာပိုင် များတို့က ရွေးချယ်ထားသည့် အလုပ်သမားများနှင့်သာ တွေ့ဆုံခဲ့ရသဖြင့် ထိုင်းရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲ အကျပ်အတည်း များကို ဒေါ်အောင်ဆန်းစုကြည် ကြားသိခွင့် မရခဲ့ကြောင်း အလုပ်သမားများက ပြောဆိုကြသည်။

“အလုပ်သမားအခွင့်အရေး ချိုးဖောက် ခံနေရတဲ့ အလုပ်သမားတွေရဲ့ ပြောစကားကို အမေစု တိုက်ရိုက်မကြားစေချင်လို့ ဒီအလုပ်သမားတွေကို အပြင်မှာထားတာ” ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည့် ခန်းမအဝင်လမ်း ဂိတ်ပေါက်ရှေ့တွင် ရပ်စောင့်နေသည့် ကိုသန်းဇော်ထိုက်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် ခန်းမအဝင် ဂိတ်အနီးတွင် မြန်မာ အလုပ်သမား သောင်းနှင့်ချီ ခြစ်ခြစ်တောက် ပူနေသည့် (မိုးမရွာမီ မွန်းလွဲပိုင်း) နေရောင်အောက်တွင် စောင့်ဆိုင်းနေကြသော်လည်း ထိုင်းအစိုးရက ဝင်ခွင့်မပြုခဲ့ပေ။

“ပြီးတော့ သူတို့နိုင်ငံရဲ့ ပုံရိပ်ကျဆင်းမှာ ကြောက်လို့။ မြန်မာအလုပ်သမားတွေ အပေါ်မှာ သူတို့ မတရားကျူးလွန်နေတာကို မသိစေချင်လို့ အခုလိုလုပ်တာ” ဟုလည်း ကိုသန်းဇော်ထိုက်က ပြောဆိုသည်။

နိုင်ငံတကာတွင်ပါ ဩဇာကြီးမားပြီး မြန်မာနိုင်ငံ၏ အစိုးရအဖွဲ့ကို ဦးဆောင်သူ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင်ပင် မြန်မာအလုပ်သမားများအပေါ် ထိုင်း အာဏာပိုင်များ ပေါ်ပေါ်ထင်ထင် နိုင်ထက် စီးနင်းပြုခဲ့ကြသည်။

“ဒေါ်အောင်ဆန်းစုကြည် လာမယ့် လမ်းကြောင်းမှာတောင် ဖုံးကွယ်လိမ်လည် လှည့်ဖြားမှု လုပ်နေမယ်ဆိုရင် သူမရှိတဲ့ အချိန်မှာဆိုရင် မြန်မာအလုပ်သမားတွေ လုံခြုံမှုအခြေအနေကို တွေးဆနေပေတော့” ဟု ဦးကျော်သောင်းက ပြောကြားသည်။ 
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ထိုင်းအလုပ်ရှင်နှင့် အာဏာပိုင်များက လူရွေးမှုအပေါ် “အားလုံးကောင်းပါတယ် ခင်ဗျာလို့ ပြောမယ့်သူကို ရွေးထားတာ” ဟု ၎င်းကဆိုသည်။

ထိုင်းရောက် မြန်မာအလုပ်သမား များ၏ အခက်အခဲများ၊ အကျပ်အတည်းများ၊ ပြဿနာများကို ၎င်းတို့ထံသို့ လာရောက် သည့် နိုင်ငံခေါင်းဆောင်ထံ တင်ပြခွင့်မရအောင် ပိတ်ပင်တားဆီးသည့် လုပ်ရပ်မှာ အလွန် အကျည်းတန် ရုပ်ဆိုးသည့်လုပ်ရပ်ဟု မဟာချိုင်အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောကြားသည်။

“ငါတို့လည်း ဝင်ခွင့်မရဘူး” ဟု မြန်မာအလုပ်သမားများကို ပိတ်ဆို့ထားသည့် ဂိတ်ပေါက်ရှေ့တွင် ရပ်နေရင်း ပြောဆိုသည်။

MWRN ၏ ဥက္ကဋ္ဌဖြစ်သူ ဦးစိန်ဌေးကလည်း ထိုင်းအစိုးရက မြန်မာ အလုပ်သမားများ၏ အခြေအနေမှန်ကို ဖုံးကွယ်လိုသည့် သဘော ဖြစ်နေကြောင်း ဝေဖန်သည်။ 
“ဒီလို ကိစ္စသေးသေးလေးကိုတောင် ဖုံးကွယ်ချင်ရင် ကျန်တဲ့ကိစ္စအကြီးတွေဆို မြန်မာဘက်က ပိုပြီး သတိထားရမယ်လို့ ထင်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် လာရောက်သည့် မြန်မာအလုပ်သမား အများအပြားကို The Voice က လိုက်လံ မေးမြန်းချက်အရ 
သန်းနှင့်ချီသော မြန်မာများ ရင်ဆိုင်နေရသည့် လေးနှစ်၊ ခြောက်နှစ် ဗီဇာသက်တမ်း ကုန်သူများကို မြန်မာနိုင်ငံသို့ မပြန်ခိုင်းဘဲ ထိုင်းနိုင်ငံတွင် အထောက်အထား ပြုလုပ်ပေးရန်၊ ထိုင်းအလုပ်သမား ကာကွယ်စောင့်ရှောက်ရေး ဥပဒေပါ အကျိုးခံစားခွင့်များကို (ဥပမာ - တစ်ရက်လုပ်ခ ဘတ် ၃၀၀ မရမှု) ရရှိအောင် လုပ်ဆောင်ပေးရန်၊ ထိုင်းရဲများ ဖမ်းဆီးနေမှုကို ရပ်တန့်ပေးရေး တောင်းဆိုကြမည်ဟု ပြောဆိုကြသည်။ သို့သော်လည်း ရင်ဆိုင်နေရသည့် ဒုက္ခများကို တနင်္သာရီတိုင်းသား ကိုစိုးစိုးကဲ့သို့ပင် အလုပ်သမားထောင်ချီမှာ ဒေါ်အောင်ဆန်းစုကြည်ထံ ရင်ဖွင့်ခွင့်မသာခဲ့ပေ။

တကယ်တော့ အာဏာသိမ်း စစ်ခေါင်းဆောင်တို့ အုပ်ချုပ်နေသည့် ထိုင်းနိုင်ငံတွင် လူစုလူဝေးကို တင်းတင်းကျပ်ကျပ် တားမြစ်ထားသည်။ ယခုကဲ့သို့ သောင်းချီစုဖို့ မဆိုထားနှင့်။ ဟောပြောပွဲအချို့ပင် ပိတ်ပင်ခံနေရသည်။

“ဒီလိုလုပ်တာမျိုးက စစ်အာဏာရှင် အုပ်ချုပ်နေတဲ့အချိန်မှာ မရဘူးပေါ့။ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွင်းမှာ ဗမာတွေက ဖမ်းဆီးတာမျိုးလုပ်ရင် သူတို့အတွက် တစ်ရှက်က နှစ်ရှက်ဖြစ်မှာ စိုးလို့ မဖမ်းတာပါ” ဟု အလုပ်သမားအရေး ဆောင်ရွက်သူ ဦးကျော်သောင်းက ပြောကြားသည်။

ဦးကျော်သောင်းသည် အဆိုပါ တွေ့ဆုံပွဲတွင် မြန်မာအလုပ်သမားများ အဆင်ပြေအောင် ကူညီပေးရန် မြန်မာသံရုံးက တာဝန်ပေးချက်ဖြင့် ယင်းနေရာသို့ ရောက်ရှိနေသော်လည်း ၎င်းကိုယ်တိုင်ပင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည့် ခန်းမအတွင်းသို့ ဝင်ခွင့်မရခဲ့ပေ။ 
“ဒေါ်အောင်ဆန်းခရီးစဉ်မို့လို့ မဖမ်းတာ။ ပြီးသွားရင် ဘာလုပ်မလဲ မသိသေးဘူး။ အရင် ဒီလိုမျိုးလုပ်ရင်တော့ ရဲအချုပ်ကားပေါ် ရောက်သွားပြီး ထောင်ချခံရမှာပေါ့”

(၄)

ဇွန် ၂၃ မဟာချိုင်နေ့ကို ထိုင်းအာဏာပိုင်များက ဆိုးဝါးသော စီမံခန့်ခွဲမှုအောက်မှ ရက်တစ်ရက်အဖြစ် အန်ဒီဟောက ဆိုသည်။ 
“သမိုင်းဝင်နေ့။ ဒါပေမဲ့ ဆိုးဆိုးဝါးဝါး စီစဉ်ထားတဲ့ သမိုင်းဝင်နေ့” ဟု အန်ဒီဟောက မှတ်ချက်ချသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီးနောက် ရန်ကုန်ကန်တော်ကြီးစောင်း နေအိမ်တွင် ကောင်းမွန်စွာ လက်ခံတွေ့ဆုံခံခဲ့ရသော အန်ဒီဟောအတွက် ယခုမဟာချိုင် တွေ့ဆုံမှုက အတော့ကို ကသိကအောက် နိုင်လွန်းပေလိမ့်သည်။ 
အန်ဒီဟောကို ဒေါ်အောင်ဆန်းစုကြည် သတင်းစကား ပါးပြီးနောက် မော်တော်ယာဉ်အတွင်း ဝင်ကာ ထွက်ခွာသွားတော့သည်။ မိုးကလည်း စနစ်တကျ ပြင်ဆင်ထားသည့် အလား တိုက်ဆိုင်လွန်းလှသည်။ ဒေါ်အောင်ဆန်းစုကြည် ထွက်ခွာပြီး မိနစ်ပိုင်း အကြာတွင် မိုးစဲသွားလေတော့သည်။

“အမေစုကို အဝေးကပဲ မြင်လိုက်ရတယ်။ သူပြောတာလည်း နားမထောင်လိုက်ရဘူး။ အရမ်းဝမ်းနည်းတယ်ဗျာ” ဟု တစ်ကိုယ်လုံးစိုရွဲနေသော ကိုစိုးစိုးက ဆိုပြီး သူလာရာ ဘန်ကောက်မြို့တော်သို့ ခြေဦး လှည့်လိုက်လေတော့သည်။ သူ့မျှော်လင့်ချက်တို့ကား အစီအစဉ်တကျ ရွာသွန်းလိုက်သော မဟာချိုင် ဖျက်မိုးနှင့်အတူ မျောပါသွားလေပြီ။

“လေဒီလာတယ်။ မျှော်လင့်ချက်တွေ၊ အပျော်တွေ ပေးသွားတယ်။ ကျွန်တော်တို့ အားလုံးလည်း စိုရွဲကုန်ရော” ဟု အန်ဒီဟောက ဆိုလေသည်။

အောင်မြင့်ထွန်း

ABOUT AUTHOR

(အောင်မြင့်ထွန်း)