POST TYPE

ARTICLE

ဒုက္ခတောင်တန်းနှင့် ဝင်ငွေ ဒေါ်လာသန်း ၂၀
15-Feb-2017 tagged as


ယခင်သမ္မတဦးသိန်းစိန် အစိုးရလက်ထက် လွှတ်တောအစည်းအဝေးများတွင် တပ်မတော်သား ကိုယ်စားလှယ်များနှင့် အကြိတ်အနယ် ဆွေးနွေးခဲ့ရသော တရုတ်ဝမ်ပေါင်ကုမ္ပဏီနှင့် မြန်မာ အစိုးရတို့ ဖက်စပ်လုပ်ကိုင်နေသည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ NLD အစိုးရသစ်၏ ဝန်ကြီးတစ်ပါးသည် လွှတ်တော်အစည်းအဝေးတွင် ပထမဆုံးအကြိမ် မေးခွန်းမေးခံခဲ့ရပြီဖြစ်သည်။

ကြေးနီစီမံကိန်းသည် အစိုးရသစ်လက်ထက်တွင် အကျိုးအမြတ် မည်မျှရရှိထားသည်နှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းက လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းတွင် ၂၀၁၆ ခုနှစ် မေလ ၅ ရက်နေ့မှ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ  ၉ လတာ ကာလအတွင်း စီးပွားဖြစ် ထုတ်လုပ်ခြင်းမှ အမေရိကန် ဒေါ်လာ ၂၀ ဒသမ ၉၈ သန်းကျော် ရရှိခဲ့ကြောင်း ပြောကြားလိုက်သည်။

ချင်းတွင်းမြစ် အနောက်ဘက်ကမ်း မုံရွာ - ပုသိမ် ကားလမ်းအနီးရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ၂၀၁၀ ပြည့်နှစ်မှ ခွင့်ပြုမိန့် ရရှိခဲ့သော်လည်း ဒေသခံများက ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် သပိတ်စခန်း ဖွင့်လှစ်၍ ကန့်ကွက်ဆန္ဒပြမှု၊ မြေယာလျော်ကြေး ပြဿနာ ပြေလည်မှု မရှိမှုများကြောင့် နှောင့်နှေး ကြန့်ကြာခဲ့ရပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အကြမ်းဖက် ဖြိုခွဲမှုများကြောင့် ရဟန်းသံဃာများ မီးလောင်ဒဏ်ရာများ ရရှိခြင်း၊ ဒေသခံများမှာ သေဆုံးဒဏ်ရာ ရရှိခြင်းများ သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင် ဝေဖန်မှုများ စွာခံခဲ့ရသော စီမံကိန်းဖြစ်သည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ နှောင်းပိုင်းက လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွဲခံရပြီး ရက်ပိုင်းအကြာတွင် ဖွဲ့စည်းခဲ့သော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အကြံပြုချက်အတိုင်း ကြေးနီသတ္တုတွင်း ထုတ်လုပ်မှုအပေါ် အကျိုးအမြတ် ခွဲဝေခံစားသည့် စာချုပ်ကို ၂၀၁၃ ခုနှစ် ဇူလိုင် ၂၄ ရက်နေ့တွင် သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်နှင့် Wanbao Mining Copper Limited တို့ ပြင်ဆင်ချုပ်ဆိုခဲ့ရာ အဆိုပါ ပြင်ဆင်ချက်အရ ကြေးနီထုတ်လုပ်မှုအပေါ် နိုင်ငံတော်က သတ္တုခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်နှင့် ခွဲဝေမှုအချိုး စုစုပေါင်း ၅၁ ရာခိုင်နှုန်း၊ ဝမ်ပေါင်က ၄၉ ရာခိုင်နှုန်းခြင်း ခံစားရခြင်းဖြစ်သည်။

ကြံ့ခိုင်ရေးပါတီဝင် အများစု လွှမ်းမိုးခဲ့သော ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပြည်သူများ၏ ဝေဖန်မှုကြောင့်   လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များက အစိုးရ၏ ဆောင်ရွက်ချက်များအပေါ် ထောက်ပြဝေဖန်မှုများစွာ ပြုလုပ်ခဲ့ကြောင်း လက်ပံတောင်းအရေးနှင့်ပတ်သက်၍ အရေးကြီး အဆိုတင်သွင်းခဲ့သူ ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

လက်ပံတောင်းတောင်စီမံကိန်းကြောင့် လပိုင်းအတွင်း အကျိုးအမြတ် ဒေါ်လာသန်းပေါင်း များစွာ ရရှိသော်လည်း ဒေသခံများ၏ လူမှုဘဝ အခြေအနေမှာ အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ မရှိသေးသည့်အပြင် မြေယာသိမ်းဆည်းမှုများကြောင့် သီးနှံပင်များ ဖျက်ပေးလိုက်ရကြောင်းနှင့် ယနေ့ အချိန်အထိ သီးနှံ လျော်ကြေး မရရှိသေးဘဲ ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း လျော်ကြေး ရယူမထားသည့် မြေဧက ၆၇၀ ခန့်ရှိနေကြောင်း ဆည်တည်းရွာဟောင်းမှ ဒေသခံတောင်သူ ဒေါ်ရီဝင်းက ပြောကြားသည်။

“ဒီအချိန်ဆိုရွာမှာအရင်က အလှူအတန်း ပေါတဲ့အချိန် ဒီစီမံကိန်းရောက်လာပြီးမှ သာရေးထက် နာရေးကပေါတာ”ဟု သူမကဆိုသည်။

ထို့ပြင်အဆိုပါ စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်မှုများ ရှိနေသည့်အပြင် ကျန်းမာရေးဆိုင်ရာ ပြဿနာများကိုပါ ယခုအခါ ရင်ဆိုင်လာနေရကြောင်း၊ စီမံကိန်းမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများကြောင့် ရေထုနှင့် လေထုညစ်ညမ်းမှုရှိနေပြီး ကျန်းမာရေး ထိခိုက်မှုများရှိကြောင်း ယင်းဒေသခံ တောင်သူများ၏ အဆိုအရသိရသည်။

“ရွာမှာ သောက်ရေက ဘိုးဘွားလက်ထက်က ကြည်နေတာ ခုတော့ရဲနေပြီ။ စီမံကိန်းထဲက ကျောက်ခွဲစက်ကြီးက ဖုန်တွေလုံးနေတယ်။ အိမ်ခေါင်တွေပေါ် ဖုန်တွေတင်နေတာ လျှာနဲ့တို့ကြည့်ရင်ချဉ်တယ်။ အက်စစ်ပါတယ်”ဟု တောင်သူဒေါ်ရီဝင်းက ဆိုသည်။

လက်ပံတောင်းတောင် စီမံကိန်း ဆန္ဒပြသပိတ်စခန်းကို၂၀၁၂ ခုနှစ် နိုဝင်ဘာလ၂၉ ရက်နေ့က မီးလောင်ဗုံးများ အသုံးပြု၍ ပစ်ခတ်ဖြိုခွင်းခဲ့ရာ သံဃာတော်အပါး ၈၀ ကျော်နှင့် ဒေသခံများ မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်။ ယင်းသို့ဖြစ်ရပ်များအတွက် ပါဝင် ပတ်သက်သူများကို အရေးယူပေးရန် တောင်းဆိုခဲ့မှုများ၊ ဆန္ဒပြမှုများ ရှိခဲ့သော်လည်း ယနေ့အထိအရေး ယူနိုင်ခြင်း မရှိသေးပေ။

ထို့ပြင် မိုးကြိုးပြင် အလယ်ရွာမှ တောင်သူ ဒေါ်ခင်ဝင်း ၅၆ နှစ်သည် ကြေးနီစီမံကိန်း ခြံစည်းရိုးခတ်စဉ် ရွာသားများနှင့် လုံခြုံရေး တာဝန်ကျ ရဲတပ်ဖွဲ့များ၏ ပဋိပက္ခဖြစ်စဉ်အတွင်း ဦးခေါင်းကို သေနတ် ကျည်ဆန်ထိမှန်ကာ သေဆုံးခဲ့ရပြီး ဒေသခံ ၁၀ ဦးလည်း သေနတ်ဒဏ်ရာ ရရှိခဲ့ရာ ယင်းကဲ့သို့ ဒေါ်ခင်ဝင်း သေဆုံးခဲ့မှုအပေါ် အမှုမှန်ကို ယနေ့အချိန်အထိ မဖော်ထုတ်နိုင်သေးကြောင်း တောင်သူများက ပြောဆိုသည်။

မြေယာသိမ်းဆည်းခံရသည့် ကျေးရွာများသို့ လွှတ်တော်ကိုယ်စားလှယ်များ လာရောက်ခဲ့သော်လည်း ထူးခြားမှုမရှိကြောင်း၊ ယင်းပဋိပက္ခများကို ဖြေရှင်းရန်အတွက် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီနှင့် အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း ဒေသခံတောင်သူများက ပြောကြားသည်။ 
“ဒီစီမံကိန်းကို မဖြစ်မနေလုပ်မှာဆိုရင် သဘာဝ ပတ်ဝန်းကျင် ဘယ်လို ထိန်းသိမ်းပေးမှာလဲ၊ အခုချိန်မှာ ဒေသခံတွေ အက်စစ်ငွေ့တွေ၊ ဖုန်မှုန့်တွေကို ရှူရိုက်နေရတယ်”ဟု မိုးကြိုးပြင်ရွာမှ ဒေသခံတောင်သူ တစ်ဦးက ဆိုသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပါဝင်သည့် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်က ၂၀၁၃ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင်ဆောင်ရွက်ရန်၊ မြေယာအစားထိုး ပေးလျော်ရန်နှင့် ဒေသခံများကို အလုပ်အကိုင်များ ချထားပေးရန် စသည်တို့ ဖော်ပြထားသည်။ 

“အမေစုရဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကတော့ ကောင်းတယ်။ အဲဒီအစီရင်ခံစာအတိုင်း မလုပ်ဘူးဆိုတာ ဒေသခံတွေ သိတယ်။ အစီရင်ခံစာ ချိုးဖောက်မှု၊ လယ်ယာမြေဆုံးရှုံးမှု၊ သဘာဝပတ်ဝန်းကျင် ထိခိုက်တာတွေ တော်တော်လေးများနေပြီ။ ဒီစီမံကိန်းကို ရပ်ဆိုင်းထားစေချင်တယ်”ဟု တုံရွာဒေသခံ တောင်သူမစန္ဒာက ဆိုသည်။

ယင်းသို့လက်ပံတောင်း တောင်စီမံကိန်းကြောင့် ပြေလည်ခြင်း မရှိသေးသည့် မြေယာပြဿနာများအပြင် ဒေသခံများ၏ စားဝတ်နေရေး ကျပ်တည်းမှု အခြေအနေကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကျင်းပသည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ကုမ္ပဏီများပါဝင်သည့် ဆက်သွယ် ညှိနှိုင်းပေါင်းစပ်ရေးအဖွဲ့ အစည်းအဝေး(JIT) တွင် တင်ပြဆွေးနွေးခဲ့ကြောင်း ဒေါက်တာသိန်းနိုင်က ပြောကြားသည်။

“ဒေသခံမြေယာ သီးနှံလျော်ကြေး ဖြေရှင်းဖို့ က ကုမ္ပဏီတင်လား အကျိုးအမြတ်က ၅၁ ရာနှုန်း အစိုးရကပါနေတော့ ကုမ္ပဏီတစ်ခုတည်း အလုပ် မဟုတ်ဘူး။ အစိုးရကော မပါဘူးလားဆိုတာ”ဟု ၎င်းက ဆိုသည်။

ယင်းအစည်းအဝေးတွင် အဓိက ဆုံးဖြတ်ချက်ချပေးနိုင်သည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှာ ဒုတိယအကြိမ် တက်ရောက်ခြင်း မရှိသည့်အတွက် ဆွေးနွေးမှုတွင် အဖြေမထွက်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“မဖြေရှင်းဘဲ ထားရင်တော့ ဘယ်တော့မှ ပြေလည်မှာ မဟုတ်ဘူး”ဟု ဒေါက်တာသိန်းနိုင်က မှတ်ချက်ပြုသည်။

AI (Amnesty International) လူ့အခွင့်အရေးအဖွဲ့က ဒုက္ခတောင်တန်းဟု အမည်ပေးထားသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သော  အစီရင်ခံစာကို ဖေဖော်ဝါရီ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့ရာ လက်ပံတောင်းကြေးနီ စီမံကိန်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေများ ရှိနေကြောင်း ဖော်ပြသည်။

ကြေးနီ စီမံကိန်း နယ်မြေ တိုးချဲ့မှုကြောင့် ဒေသခံများမှာ အိုးအိမ်ရွှေ့ပြောင်းရခြင်း၊ သားစဉ်မြေးဆက် ပိုင်ဆိုင်ရမည့် လယ်ယာမြေများ ဆုံးရှုံးရခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများကို ရင်ဆိုင်နေရပြီး စီမံကိန်း ရပ်ဆိုင်းရေး ဆန့်ကျင် ကန့်ကွက် ဆန္ဒပြမှုများကို ဖိနှိပ်ခြိမ်းခြောက်မှုများ ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။.

ဆယ်စုနှစ်ပေါင်း များစွာ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု ခံခဲ့ရသော မြန်မာနိုင်ငံတွင် စီးပွားရေး ဖွံ့ဖြိုးလားစေရန် နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှုများဖြင့် စီမံကိန်းများကို NLD အစိုးရက လုပ်ဆောင်ရမည် ဖြစ်သော်လည်း ဒေသခံများ၏ ဘဝစတေးရတာမျိုးတော့ မဖြစ်သင့်ကြောင်း၊ ဒေသခံများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများကို အစိုးရသစ်က စနစ်တကျ စုံစမ်းစစ်ဆေးပြီး ဖော်ထုတ်အရေးယူရန် Amnesty International က အစီရင်ခံစာတွင် တိုက်တွန်းလိုက်သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖော်မှု ကော်မတီအနေနှင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အကြံပြုချက်အတိုင်း ပြီးဆုံးအောင် လုပ်ဆောင်မှုများ မရှိကြောင်း လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဝေဖန်လိုက်သည်။

ကြေးနီ စီမံကိန်းမှ အကျိုးအမြတ် ဒေါ်လာသန်းချီ ရရှိနေသည့်တိုင် မြေယာသိမ်းဆည်းမှု ပြဿနာနှင့် ပဋိပက္ခများမှာ ဆက်လက် ကြီးထွားနေဆဲပင်ဖြစ်သည်။ သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းခံရမှုနှင့် တောင်သူ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးခဲ့ခြင်းများမှ စတင်ခဲ့သော တောင်သူများ၏မျက်ရည်မှာ နှစ်ကာလကူးပြောင်းခဲ့သည့်တိုင် မခန်းခြောက်နိုင်သေးဘဲ တအုံနွေးနွေး လောင်မြိုက်လျက် ရှိနေသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် အရေးကြီး အဆိုတင်သွင်းခဲ့သူ ဒေါ်ခင်စန်းလှိုင်ကမူ “ဒီစီမံကိန်းကြီးကို ဆောင်ရွက်နေသမျှ စုံစမ်း စစ်ဆေးရေး ကော်မရှင် အကြံပြုချက်တွေအတိုင်း လိုက်နာအကောင်အထည်ဖော်စေချင်တယ်”ဟု ဆိုသည်။

အောင်ထက်၊ ခင်မေစန်း

  • TAGS