News

POST TYPE

ARTICLE

ချောကလက်၊ နှင်းဆီများကြားက လူငယ်များနေ့
15-Feb-2017 tagged as


မြန်မာနိုင်ငံအနှံ့က လူငယ်များ၏ ယနေ့ ဝတ်စားသွားလာမှုကိုဖြစ်စေ ရန်ကုန်၊ မန္တလေး အပါအဝင် ဈေးဝယ်စင်တာများတွင် လက်မလည်အောင် ရောင်းချနေရသော နှင်းဆီပန်းများ၊ ချောကလက်များ၊ အမွေးပွ အရုပ်များကိုဖြစ်စေ ကြည့်ခြင်းဖြင့် ယနေ့မှာ ချစ်သူများနေ့ဟု သိနိုင်သည်။ 

ငယ်ရွယ်ပျိုမျစ်သော မိန်းကလေးငယ်များသည် သူတို့၏ အကောင်းဆုံး ဝတ်စုံများကို ဝတ်ထားသလို အလှဆုံးလည်း ခြယ်သထားကြသည်။

သူတို့ အတော်များများ လက်ထဲတွင်တော့ နှင်းဆီပန်းတစ်ဖက် မွေးပွအရုပ်တစ်ဖက်နှင့် ဈေးဝယ်စင်တာများ၊ လမ်းမများပေါ်တွင် သွားလာနေကြသည်။

တစ်ယောက်တည်းတော့မဟုတ် သူတို့၏ချစ်သူ ခင်သူများနှင့်အတူ စုံတွဲသွားလာနေကြခြင်း ဖြစ်သည်။

ရန်ကုန်ရှိ နာမည်ကြီး ဈေးဝယ်စင်တာများတွင် ဆိုင်များရောင်းအားတက်အောင် စုံတွဲတွေလာအောင် အစီအစဉ် အမျိုးမျိုးဖြင့် ဆွဲဆောင်နေကြသည်။ အချို့ကတော့ ပန်းခြံများ၊ ကော်ဖီဆိုင်များသို့ ဦးတည်ကြသည်။

ယင်းကား ၁၉၉၆ ခုနှစ်ဝန်းကျင်မှစ၍ မြန်မာနိုင်ငံသို့ ကူးစက်လာသည့် ချစ်သူများနေ့ ယဉ်ကျေးမှုပင်။ ယင်းကာလများကတော့ ချစ်သူများနေ့ဆိုသည်က စတီရီယို သီချင်းခွေများပေါ်က စာသားမျှသာ။ ဒီထက်ပိုတွင်ကျယ်လာချိန်တွင် နာမည်ကြီး ဟိုတယ်များ၊ စားသောက်ဆိုင်များတွင် ငွေကြေးတတ်နိုင်သူများ ပါဝင်ဆင်နွှဲသည့် သိပ်မတွင်ကျယ်သော ယဉ်ကျေးမှု အဆင့်တွင်သာ ရှိနေသည်။

သို့သော် ယနေ့တွင်တော့ ဆယ်ကျော်သက် အားလုံးနီးပါးကို လွှမ်းမိုးထားနိုင်သည့် ဆယ်ကျော်သက် အသည်းစွဲ ယဉ်ကျေးမှုတစ်ခု ဖြစ်လာနေပြီ။

“ကန်တော်ကြီးထဲ သွားချင်လို့၊ ဘယ်လောက်လဲ”ဟု အဖြူရောင် တီရှပ်ဆင်တူ ဝတ်ထားသော အသက် ၂၀ ဝန်းကျင် လူငယ်စုံတွဲက တက္ကစီတစ်စီးကို ငှားရမ်းနေသည်။ 

၎င်းတို့စုံတွဲကဲ့သို့ပင် အင်္ကျီဆင်တူ၊ လက်ဆောင် ပစ္စည်းကိုယ်စီနှင့် အခြားသော ချစ်သူစုံတွဲများကိုလည်း ရန်ကုန်မြို့၏ လမ်းမကြီးများ၊ ဘုရားများ၊ ပန်းခြံများ၊ ဈေးဝယ်စင်တာများ၊ စားသောက်ဆိုင်များ စသည့်နေရာအနှံ့တွင် မြင်တွေ့နေရသည်။

ယင်းနေ့တွင် တစ်ယောက်လက် တစ်ယောက် ဆုပ်ကိုင်ပြီး တက်ကြွသော ခြေလှမ်းများနှင့် Valentine Day (ချစ်သူများနေ့)ကို ပျော်ရွှင်စွာ ဖြတ်သန်းနေကြသည်။  

“ဒီနေ့မှာ အလုပ်မပိတ်ပေမယ့် ကောင်မလေးက ချစ်သူများနေ့မှာ လျှောက်လည်ချင်တယ်ဆိုလို့ ခွင့်ယူပြီး လိုက်ပို့ပေးတာ၊ ချစ်သူများနေ့မှာ ရိုးရိုးသားသား သွားလာပေမယ့်လည်း ပတ်ဝန်းကျင်က မဟုတ်တဲ့နေရာ သွားတယ်လို့ အထင်ခံရမှာလည်း စိုးရိမ်တယ်”ဟု ကုမ္ပဏီဝန်ထမ်း ကိုသက်နောင်က ရင်ဖွင့်သည်။ 

ချစ်သူများနေ့အတွက် လူငယ်စုံတွဲများက မိမိ ချစ်သူကို လက်ဆောင်ပေးရန် ဈေးဝယ်စင်တာများတွင် တိုးကြိတ် ဝယ်ယူနေကြသကဲ့သို့ ဈေးဝယ်စင်တာနဲ့  စားသောက်ဆိုင်၊ ဖက်ရှင်ဆိုင်၊ လက်ဝတ်ရတနာ ပစ္စည်းဆိုင်အချို့တွေကလည်း ချစ်သူများနေ့အတွက် လျှော့ဈေး၊ အထူး အစီအစဉ်များနှင့်အတူ အပြင်အဆင် ကောင်းကောင်းဖြင့် ပစ္စည်းများ ဝယ်ယူရန် ဆွဲဆောင်နေကြသည်။  

ပန်းစည်း၊ ချောကလက်၊ အရုပ်များမှာ ချစ်သူများနေ့၏ သင်္ကေတဖြစ်သဖြင့် ယင်းပစ္စည်းများ ချစ်သူကိုလက်ဆောင်ပေးဖို့ ဈေးဝယ်စင်တာများ၊ စတိုးဆိုင်များတွင် ရှာဖွေကြသူများရှိသလို အွန်လိုင်းအရောင်းဆိုင်များမှလည်း မှာယူကြသည်။ 

ပန်းစည်းကြီးကြီး၊ ချောကလက်နှင့် အရုပ်ကြီးကြီးများ၊ တန်ဖိုးကြီး ပစ္စည်းများနှင့် ကိုယ်ချစ်သူကို ဘယ်လောက်ချစ်ကြောင်း ပြသရန် လူငယ်များက အပြိုင်အဆိုင် ကြိုးစားကြသလို စီးပွားရေးသမားများကလည်း ယင်းအပေါ် အကောင်းဆုံး အသုံးချလာကြသည်။

“ဒီပစ္စည်းတွေပေးခြင်းရဲ့နောက်မှာ အမြတ် အစွန်း ရသွားတာတော့ အဆန်းအပြား ပစ္စည်းတွေကို စီစဉ်ရောင်းချတဲ့သူတွေပဲ”ဟု စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ထောက်ပြသည်။

ချစ်သူများနေ့အတွက် ဆင်တူအင်္ကျီ ဒီဇိုင်းဆန်းများ၊ လက်ဆောင်ပစ္စည်းအဆန်း၊ ကမ္ဘာကျော် အလှကုန်နှင့်ရေမွှေး၊ အမွေးပွ ဝက်ဝံရုပ်၊ နာရီ၊ ပန်းစည်းများကို ဈေးဝယ်စင်တာတွင်သာမက ပါကင်လှလှဖြင့် ထုပ်ပိုးကာ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသည့် အွန်လိုင်းရှော့ပင်းများတွင်ပါ ဝယ်ယူနိုင်ကြသည်။

“ပန်းစည်းသေးသေးကနေ လူတစ်ရပ်လောက် ရှိတဲ့ပန်းစည်း၊ နှင်းဆီပန်းဆိုလည်း ခရမ်းရောင် နှင်းဆီ၊ ပန်းအစိုအခြောက်တွေနဲ့ လုပ်ထားတဲ့ ပန်းစည်းတွေကို  ချစ်သူများနေ့ မတိုင်ခင်ကတည်းက မှာယူမှုတွေရှိပါတယ်”ဟု အွန်လိုင်းအရောင်းဆိုင်ထောင်ထားသူ အမျိုးသမီးတစ်ဦးက ဆိုသည်။ 

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ရောက်လျှင် ချစ်သူများသာမက မိတ်ဆွေ၊ မိသားစုဝင်များနှင့် ကိုယ်ချစ်ရသူများကို လက်ဆောင်ပေးခြင်း၊ မုန့်ကျွေးခြင်း၊ အမှတ်တရကတ်ပေးခြင်း၊ ပါတီပွဲများ လုပ်ဆောင်ခြင်းတို့ လုပ်ဆောင်သကဲ့သို့ ချောကလက်ပေးသည့် ဓလေ့လည်း ရှိကြသည်။

“ချစ်သူများနေ့မှာ ချောကလက် ကျွေးရမယ်လို့ ချစ်သူကပြောထားတော့ ချောကလက် လက်ဆောင်ပေးဖို့ လာဝယ်တာ၊ ချောကလက်ဈေးကလည်း အရင်ကထက် ပိုပေးရပေမယ့် မပေးရင် စိတ်ဆိုးမှာစိုးလို့ လာဝယ်တာပါ”လို့ ချစ်သူများနေ့အတွက် လက်ဆောင်ပေးဖို့ဝယ်နေတဲ့ ကိုဟိန်းလင်းထွန်းက ပြောသည်။ 

ချစ်သူများနေ့အတွက် စီးပွားရေးဈေးကွက် ချဲ့ထွင်မှု လှိုင်းဂယက်မှာ မြန်မာနိုင်ငံသို့ ၂၀ဝ၀ ပြည့်နှစ် နောက်ပိုင်းတွင် ရိုက်ခတ်မှု ပိုပြီး အရှိန်မြင့်လာခဲ့သည်။ 

စီးပွားရေးလုပ်ငန်းရှင်များက ချစ်သူများနေ့ အထိမ်းအမှတ်ဟုဆိုကာ လက်ဆောင်ပစ္စည်းများကို ဈေးတင်ရောင်းချသူများ ရှိနေသော်လည်း လူငယ်စုံတွဲများမှာ ထိုနေ့အတွက် မဝယ်မဖြစ် ငွေကြေးအကုန်အကျခံကာ ဝယ်ယူနေရတာမျိုးလည်း ရှိနေသည်။

လူငယ်များအနေနှင့် ချစ်သူကို လက်ဆောင်ပေးရန်၊ လျှောက်လည်ရန်အတွက် အိတ်ထဲတွင် ငွေသောင်းဂဏန်းမှ သိန်းဂဏန်းအထိ ယူဆောင်လာပြီး ယင်းငွေများမှာ အချိန်ပိုင်း နာရီပိုင်းအတွင်း စီးပွားရေး သမားများလက်ထဲ အလျင်အမြန် ရောက်ရှိနေသည်။ 

ငွေကြေးတတ်နိုင်သူများက ငါးပေခန့်မြင့်သော အရုပ်ကြီးများကို ကျပ်ငါးသောင်းကျော်မှ သိန်းဂဏန်းအထိလည်းကောင်း၊ ကျပ်တစ်သိန်းကျော်တန် နာရီများ၊ ရေမွှေးများကို ငွေကြေးအကုန်အကျခံကာ လက်ဆောင်အဖြစ် ဝယ်ယူကြသည်။

အချို့သော လူငယ်များက ချောကလက်၊ ပန်းစည်း အရုပ်လေးများကို ငွေကျပ် ထောင်ဂဏန်းမှ နှစ်သောင်းကျော်ခန့်အထိ ဝယ်ယူကြသည်လည်း ရှိသည်။ 

စီးပွားရေး လုပ်ငန်းရှင်များမှာ ချစ်သူများနေ့အတွက် လက်ဆောင်ပစ္စည်းများကို ပုံမှန်ဈေးထက် ဈေးတင်ရောင်းချပြီး ဝယ်ယူချင်စရာ ဖြစ်အောင် လက်ဆောင်ပစ္စည်းများကို ထုပ်ပိုးကာ ရောင်းချပြီး တန်ဖိုးကြီးသည့် လက်ဆောင်ဝယ်ယူသူများကို လက်ဆောင်အဖြစ် ချောကလက်များ၊ ပန်းစည်းများ ထည့်ပေးခြင်းဖြင့် ဆွဲဆောင်လာကြသည်။

ယင်းအပြင် အလှကုန်ပစ္စည်းများ၊ အသားအရေ ထိန်းသိမ်းသော ပစ္စည်းများကို ချစ်သူများနေ့တွင် လက်ဆောင်ပေးရန် ပြင်ဆင်ထုပ်ပိုး ရောင်းချလာကြသည်။ 

“Customer တွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ချစ်သူများနေ့အတွက် အစ်မတို့ဆီက ဝယ်ယူတဲ့သူတွေကို လက်ဆောင်ပစ္စည်းလေးတွေ ထည့်ပေးတယ်။ ဈေးကလည်း ပုံမှန်ဈေးအတိုင်း ရောင်းပါတယ်။ အချို့ စီးပွားရေးလုပ်ငန်းရှင်တွေကတော့ အဲဒီနေ့အတွက် ပုံမှန်ဈေးထက် ဈေးတင်ရောင်းချနေတာတွေ ရှိပါတယ်”ဟု အွန်လိုင်းတွင် အလှကုန်ပစ္စည်းများကို ရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။ 

ချစ်သူများနေ့တွင် ဘုရားများ၊ ရှော့ပင်းစင်တာများ၊ ပန်းခြံ ကစားကွင်းများကို လည်ပတ်သည့် ချစ်သူ စုံတွဲများရှိသကဲ့သို့ လူငယ်စုံတွဲတချို့က ဟိုတယ်၊ တည်းခိုခန်းများ တစ်နေ့တာ သွားရောက်တည်းခိုနေသူများ ရှိနေသည်။

ရန်ကုန်မြို့ လူစည်ကားရာ နေရာများ၏ လမ်းဘေးဈေးဆိုင်အချို့တွင် ချစ်သူများနေ့ မတိုင်ခင် ရက်ပိုင်းများတွင်လည်း လိင်စိတ်ကြွဆေးပြားများ၊ ကွန်ဒုံးများ၊ အရေးပေါ် ကိုယ်ဝန်တားဆေးများကိုလည်း အလွယ်တကူ ရောင်းချနေမှုများလည်း နှစ်စဉ် ဖြစ်ပွားနေခြင်းကြောင့် ယခုနှစ်တွင် ရဲတပ်ဖွဲ့ အပါအဝင် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်းကာ ကြိုတင်ရှာဖွေ စစ်ဆေးမှုများကို ဖေဖော်ဝါရီလဆန်းပိုင်းက ပြုလုပ်ခဲ့သည်။ 

ယခုလက်ရှိတွင် ချစ်သူများနေ့အတွက် တစ်နေ့တာ နားခိုရန် ဟိုတယ်၊ တည်းခိုခန်း ကြိုတင်အခန်း ငှားရမ်းမှုများပြားနေပြီး တည်းခိုရန် ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ရန်ကုန်မြို့ရှိ ဟိုတယ်၊ တည်းခိုခန်းများထံမှ စုံစမ်းသိရှိရသည်။

ချစ်သူများနေ့တွင် နှစ်စဉ် မြို့တွင်းမြို့နယ်များ သာမက မြို့ပြင်မြို့နယ်များရှိ ဟိုတယ်၊ မိုတယ်နှင့် အအေးခန်း ဧည့်ရိပ်သာများမှာ တည်းခိုသူ များပြားသောကြောင့် အခန်းများ ပြည့်နေပြီး အခန်းများကို အချိန်ပိုင်းဖြင့်သာ ငှားရမ်းလျက်ရှိကြောင်း ယင်းဟိုတယ်၊ မိုတယ်များထံမှ သိရသည်။

“မနက်ထဲက လူငယ်စုံတွဲ လေးတွဲလောက် လိုက်ပို့တာမှာ စုံတွဲ သုံးတွဲလောက်က ဟိုတယ်၊ တည်းခိုခန်းကိုသွားဖို့ ကားငှားတယ်၊ ဘိုကင်ကြိုမလုပ်ထားတဲ့ အတွဲတစ်တွဲဆို တည်းခိုခန်း ငါးခုလောက် လိုက်ပို့လိုက်မှ နေရာရသွားတယ်”ဟု သာကေတမြို့နယ်မှ အငှားယာဉ်မောင်း ကိုကျော်သူက ပြောပြသည်။ 

ယင်းကြောင့် လူကြီးများက ချစ်သူများနေ့မှာ ခေတ်လူငယ်များ စိတ်ကွယ်ရာတွင် ပျော်ပါးသောနေ့ ဟု ယူဆထားမှုများလည်း ရှိသည်။

အင်္ကျီဆင်တူဝတ်ကာ လျှောက်လည်သည်ကိုပင် စိတ်ကွယ်ရာသို့သွားကာ ပြန်လာသည်ဟု အထင်ရှိသောကြောင့် ချစ်သူကို အထိမ်းအမှတ်ဖြစ်စေမည့် အခြားအရာတစ်ခု ဖန်တီးပေးရန် ရည်ရွယ်ထားကြောင်း ကိုသက်စိုးက ပြောဆိုသည်။

ချစ်သူများနေ့မှာ လူငယ်စုံတွဲများအတွက် ပျော်ရွှင်စရာနေ့တစ်နေ့ဖြစ်သလို လွဲမှားသည့် အယူအဆများကို လူငယ်များက ကျင့်သုံးလာသည့်အတွက် အချိန်မတန်ခင် ဒုက္ခဖြစ်စေနိုင်သည်ဟု လူကြီးများက ထောက်ပြသည်။

ချစ်သူစုံတွဲများအနေဖြင့် လက်မထပ်ခင် အတူနေထိုင်ခြင်းမှာ ၁၈ နှစ်ပြည့်ပြီးသူများအတွက် ကိုယ်ပိုင်အခွင့်အရေး ဖြစ်သော်လည်း မြန်မာနိုင်ငံအနေနှင့် လက်ခံနိုင်စရာ မရှိကြောင်း အသက် ၅၀ ကျော်အရွယ် ဦးခင်မောင်က ပြောကြားသည်။

“အရင်ဦးတို့ခေတ်တုန်းက ချစ်သူများနေ့ဆိုတာ ဘယ်သူမှ မသတ်မှတ်ထားသလို ရှိလည်းမရှိပါဘူး။ ခုခေတ်ကျမှ လူငယ်တွေက ချစ်သူများနေ့မှာ ချောကလက် ကျွေးကြ၊ အင်္ကျီဆင်တူ ဝတ်ပြီးလျှောက်လည်တာတွေ ရှိလာတယ်၊ လူငယ်တွေရဲ့အမြင်မှာ ချစ်သူများနေ့က ဟိုတယ်၊ တည်းခိုခန်းသွားရမယ် ဆိုတာကို ယုံကြည်လက်ခံသွားမှာကို စိုးရိမ်ပါတယ်”ဟု ၎င်း၏အမြင်ကို ပြောဆိုသည်။

မည်သို့ဆိုစေ ချစ်သူများနေ့တွင် အမှန်တကယ် အကျိုးအမြတ် ရှိသွားသူများကတော့ အကွက်မြင်လှသည့် စီးပွားရေးလုပ်ငန်းရှင်များသာ ဖြစ်သည်။

ယင်းအပေါ် အမည်မဖော်လိုသူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “အရည်အသွေးမမီတဲ့ တရုတ် ပစ္စည်းတွေကို ဈေးကောင်းကောင်းနဲ့ ပြန်ရောင်းလို့ရတဲ့နေ့ပေါ့ဗျာ”ဟု မှတ်ချက်ပေးသည်။

သက်သျှိုင်းသူ

  • TAGS