News

POST TYPE

ARTICLE

မက္ခရာတိုင်းပြည် လက်မရွံ့လူမိုက်များနှင့် အသည်းငယ်တတ်သော ကျွန်ုပ်
01-Jul-2016 tagged as

(တစ်)

“ဒေါက်”
“ဒေါက်၊ ဒေါက်”
“ဒေါက်ဒေါက်ဒေါက်”

ကျယ်လောင်သော တံခါးခေါက်သံသည် ကျွန်ုပ်အား လိပ်ပြာလွင့်မတတ် ချောက်ချားသွားစေ၏။

‘ဣတိပိ’ ‘ဣတိပိ’ ‘ဣတိပိ’

ဘုရားမှတစ်ပါး အားကိုးရာ မမြင်လေသဖြင့် ဂုဏ်တော်ကိုးပါးကို အလန့်တကြား ရွတ်ဆိုမိသော်ငြား ကြောက်စိတ်ကြောင့် ‘ဣတိပိ’ချည်းသာ အပ်ကြောင်း ထပ်နေ၏။ ရှေ့ဆက်၍ မရွတ်နိုင်တော့။ ရွတ်သည်ဆိုသော်ငြား ကိုယ့်နားကိုယ်ကြားရုံမျှသာ ဖြစ်၏။ အသံကျယ်ကျယ် မထွက်ရဲချေ။

နေရာကား ရန်ကုန်မြို့ကြီးနှင့် ခဲတစ်ပစ်မဝေးသော လူနေထူထပ်သည့် မြို့နယ်တစ်ခုမှ ခြောက်ထပ် တိုက်တစ်လုံး၏ နှစ်လွှာမြောက်အခန်းတွင် ဖြစ်၍ အချိန်ကား နံနက်ကိုးနာရီခန့်ဖြစ်၏။ ယင်းအခန်းငယ်ကား ကျွန်ုပ်နှင့် တပည့်ကျော်သို့ ပြည်တော်ပြန်နိုင်ခဲ့ သည်ရှိသော် ဇရပ်နှင့် ကားလက်မှတ်တိုင်တို့တွင် ခြေသလုံးအိမ်တိုင်ဘဝ ခိုကိုးရာမဲ့ မဖြစ်စေရန် ရှိစုမဲ့ ချွေးနှဲစာဖြင့် ဝယ်ယူထားခဲ့ခြင်း ဖြစ်၏။

လွန်ခဲ့သောညက ကျွန်ုပ်နှင့် တပည့်ကျော်သုံးဦးတို့ ဖူးခက်၊ ရနောင်း၊ ကော့သောင်း၊ ထားဝယ်၊ ရန်ကုန် ခရီးရှည်ကြီးကို ရှပ်တိုက်ယာဉ်အပါအဝင် မော်တော် ကားအဆင့်ဆင့်စီးလျက် တပင်တပန်း ခရီးနှင်လျက် ရောက်ရှိခဲ့ကြခြင်း ဖြစ်လေရာ ခရီးရောက်မဆိုက်ပင် တပည့်ကျော်တို့ တစ်ချိုးတည်းသိုးနေအောင် ထိုးအိပ် လိုက်ကြသည်မှာ မော်တော်ဘုတ်သံနှင့် တူလှသော ဟောက်သံ တခေါခေါသည် အခန်းငယ်တစ်ခုလုံးကို တညဥ့်လုံး စိုးမိုးထားခဲ့လေသည်။ ကျွန်ုပ်မူကား စိုးရိမ် သောက ဗျာပါရဖြင့် တစ်မှေးမျှပင် အိပ်၍မပျော်လေ။

မိုးလင်းသည်နှင့် တပည့်ကျော်သုံးဦးသား ကျွန်ုပ် အား ယင်းအခန်းငယ်တွင် တစ်ယောက်တည်း ချန်ထားရစ်ကာ ကိုယ်စီအကြောင်းပြချက်ဖြင့် ရန်ကုန်မြို့ထဲသို့ အသီးသီးအသက၊ အသက။ မသိမသာ လစ်ထွက် သွားခဲ့ကြလေရာ ကျွန်ုပ်အထီးတည်း အားငယ်စွာ ကျန်ရစ်ခဲ့ခြင်း ဖြစ်လေသည်။

(နှစ်)

“ဒေါက်” “ဒေါက်” “ဒေါက်ဒေါက်ဒေါက်”

တံခါးခေါက်သံသည် အဆက်မပြတ် ထွက်ပေါ်လာနေမြဲ ဖြစ်၏။ အသက်ပင် မရှူရဲလောက်အောင် ကြောက်လန့်နေသည့် ကြားမှပင် တံခါးရှိရာသို့ ခြေလှမ်းဖွဖွ လှမ်းရင်း သော့တံပေါက်မှနေ၍ တံခါးအပြင်ဘက်သို့ ကျွန်ုပ် အသာချောင်း၍ကြည့်မိ၏။ ညှဉ်းသိုးသိုးပုံစံနှင့် ဦးထုပ်ပျော့တစ်လုံးကို ခပ်ငိုက်ငိုက်ဆောင်း ထားသည့် လူရွယ်တစ်ဦး အထုပ်တစ်ထုပ်လက်တွင် ကိုင်လျက် ရပ်နေသည်ကို မြင်ရသည့်အခါ ကျွန်ုပ်သည် နှလုံးသွေးရပ်လုခမန်း ထိတ်လန့်တုန်လှုပ်ရလေပြီ။ ဘုရား၊ ဘုရား။ ငါစောစောကဖတ်ခဲ့တဲ့ ဂျာနယ်မှာ ရန်ကုန်တွင် အသက် ၅၀ ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦး လည်ပင်း ဓားဖြင့်လှီးဖြတ် အသတ်ခံခဲ့ရသတဲ့။ ကျွန်ုပ်အသံမထွက်ရဲပဲ တံခါးကို နောက်ကျောဖြင့်မှီရင်း ရင်ဘတ်ကို လက်အစုံဖြင့် အသာဖိ ဘုရားကို အကြိမ်ကြိမ်တမိ၏။

စစ်စစ် ဤအကြောက်တရားသည် ရန်ကုန်သို့ အလာ ခရီးတစ်ထောက်ဖြစ်သည့် ကော့သောင်းမြို့မှ စတင်ခဲ့၏။ ထိုမြို့၌ ကျွန်ုပ်တို့ ရောက်သည့်နေ့မှာပင် စားသောက်ဆိုင်ပိုင်ရှင်တစ်ဦး နေအိမ်အိပ်ရာတွင် အိပ်ပျော်နေစဉ် အမည်မသိလူသတ်သမားက ဝင်ရောက် သတ်ဖြတ်သွားခဲ့၏။

သည်မနက်ပိုင်း ကြည့်နေမိသည့် တစ်ပတ်အတွင်း မှုခင်းသတင်း များတွင်လည်း ရန်ကုန်မြို့ကဲ့သို့ မြို့ကြီး များအပါအဝင် နယ်မြို့များပါမကျန် ရက်ရက်စက်စက် ကျူးလွန်သောလူသတ်မှုများကို သတင်းဓာတ်ပုံများနှင့် မြင်တွေ့လိုက်ရ၏။ နေ့ခင်းကြောင်တောင် လမ်းမှာ ရိုက်လု၏။ ခုခံမိသူမှာ ဓားဖြင့်အထိုးခံရ၏။ သမီးရည်း စားစုံတွဲဆိုင်ကယ်စီးရင်း ဆိုင်ကယ်၊ လက်ကိုင်ဖုန်းနှင့် ပါသမျှငွေယူပြီး သတ်၏။ လူသေအလောင်းကို အိတ်တွင်ထည့်၍ လမ်းဘေးရေမြောင်းတွင် စွန့်ပစ်သည့် သတင်းနှင့် ခေါင်းမပါဘဲ ကိုယ်ချည်းသက်သက် စွန့်ပစ်ထားသည့် အမည်မဖော်နိုင်သော အလောင်းသတင်း တို့ကိုလည်း အမှတ်ရမိ၏။ ကျွန်ုပ် အဘယ်မှာလျှင် တံခါး ဖွင့်ပေးရဲပါအံ့နည်း။ ဆယ်မိနစ်ခန့်အကြာ ခြေသံတဖျတ် ဖျတ်နှင့် လှေကားဆီမှ သကောင့်သား ဆင်းသွားမှသာလျှင် ကျွန်ုပ် ဟင်းခနဲနေအောင် သက်ပြင်းချနိုင်တော့သည်။

(သုံး)

“ဒေါက်” “ဒေါက်” “ဒေါက်ဒေါက်ဒေါက်”

တံခါးခေါက်သံ ပေါ်လာပြန်လေပြီ။

ကော့သောင်းမှသည် ရန်ကုန်မြို့ရောက်သည့် တိုင် အသက်အိုးအိမ်စည်းစိမ် မလုံခြုံဟု ခံစားရသဖြင့် တစ်ညဥ့်လုံး အိပ်မပျော်ခဲ့သော ကျွန်ုပ် မှေးခနဲ ငိုက်မျဉ်းသွားခဲ့ခြင်းဖြစ်၏။ သော့တံပေါက်မှ ချောင်း၍ ကြည့်ရပြန်သည်။ ခွေးမသားတပည့်ကျော် ကပ္ပလီဖြစ်၏။

“မအေပေး၊ အသံလေး ဘာလေးပြုပါဟ။ ဒီမှာ ကြောက်လို့သေတော့မယ်။ မိုးလင်းကတည်းက ထွက်သွားလိုက်တာ၊ ငါ့မှာ ခုချိန်ထိ ဘာမှမစားရသေးတော့ ဗိုက်ထဲကအူတွေ ရက်ပ်တို့၊ ပေါ့ပ်တို့ ကကုန်ပြီဟ။ ခွေးမသားရ” 
“ဟင်။ စောစောက မုန့်ဟင်းခါးအကြော်စုံနဲ့ နှစ်ပွဲ လမ်းထိပ်ကနေဝယ်ပြီး ဆိုက်ကားဆရာတစ်ယောက်နဲ့ ပို့ခိုင်းလိုက်လေ ဆြာရယ်”

သေဟဲ့နန္ဒိယဟူသော အာမေဍိတ်ပြုရင်း ကျွန်ုပ်၏နဖူးကို လက်ဝါးဖြင့် ဗြန်းခနဲနေအောင် ရိုက် လိုက်မိ၏။

“နေပါဦးဆြာရဲ့။ ဆြာပြောတော့ ဆြာဟာ တစ်ခေတ်တစ်ခါက ရန်ကုန်မှာ မိုက်ပေ့ဆိုတဲ့ လူမိုက်တွေရဲ့ ဂေါ့ဒ်ဖားသားကြီးဆို။ အေးလေ။ အသက်က ထောက်လာပြီဆိုတော့ ကြောက်ချေးပါပြီပေါ့” 
“ဟကောင်။ နင့်ပါးစပ်ပိတ်။ ကြောက်တယ်လို့ ပြောချင်ပြော။ ဘုမသိဘမသိ မာလကီးယားမယ့် အဖြစ် ဆိုးမျိုးကိုတော့ လန့်တာအမှန်ပဲမောင်။ ဘယ့်နှယ်ကွာ။ နိုင်ငံတကာမှကော၊ ဖူးခက်မှာပါ သတ်တာဖြတ်တာတွေ ရှိပါရဲ့။ ဒါပေသိ တို့တိုင်းပြည်မှာက အသက်တွေပေါပြီး သေရတာ သိပ်လွယ်လွန်းနေကြသလား လို့ကွာ” 
“ဒီလောက်လည်း ကြောက်မနေပါနဲ့ဆြာရယ်။ တပည့်တို့အခန်းက ရဲစခန်းနဲ့ ကပ်လျက်လေ” 
“တော်ပါတော့ မောင်ရာ။ ရာဇဝင်လူသတ် သမား လက်စွမ်းပြလို့ ရဲနှစ်ယောက် ပွဲချင်းပြီးခဲ့ဖူးတာ မကြာလှသေးဘူးနော်” “ဆြာ့အကဲကို ဖမ်းရတာ ဒုစရိုက်မှုတွေ အပြတ် ရှင်းတော့မယ်ဆိုတဲ့ သတင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ မကြားမိသေးဘူးထင်ပါရဲ့” 
“ခက်ပါဘိတပည့်ရာ။ မင်းတို့ဆြာက အဲဒီဝန်ကြီးချုပ်ရဲ့ လုံခြုံရေးကိုပါ တွေးပူနေတာလဟ။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရတာတောင် သတ်တာမှန်သဗျ ဆိုတဲ့ စာတွေကို ငါ့တပည့် မဖတ်ရသေးဘူး ထင်ပါရဲ့။ ဒါတင် ဘယ်ကပါ့မတုံး။ မကွေးဝန်ကြီးချုပ်ကိုလည်း ရန်ရှာမယ်ဆိုပြီး ခြိမ်းခြောက်နေသတဲ့မောင်” 
“အဟက်၊ အဟက်။ ဒါနဲ့များ သူ့ကိုယ်သူ ယာကူဇာဂိုဏ်းခေါင်းဆောင်ကြီး လေသံဖမ်းခဲ့တာ အံ့ပါရဲ့။ ကြံဖန်ပြီး ကြောက်နေလို့ကတော့ လှည်းအောက်တောင် မအိပ်လေနဲ့ဆြာ”

ဆြာ့ကို ပြက်ရယ်ပြုရင်း စေ့ထားသောတံခါးမှ ကုပ်ချောင်းချောင်း ဝင်လာသူကား ဖေကြည်ပေ တည်း။ သင်းတို့ မည်သို့ပင် ခနိုးခနဲ့ဆိုစေကာမူ ကျွန်ုပ် အနေဖြင့် စိုးစဉ်းမျှ မတုန်လှုပ်ချေ။ သတ္တိဆိုသည်မှာ ရှိသင့်သည့်နေရာတွင် ရှိသင့်သည်မဟုတ်လော။

တောင်တွေးမြောက်တွေးနှင့် ထိုညကလည်း ကျွန်ုပ် တမှေးမှအိပ်၍မပျော်ခဲ့လေ။

(လေး)

“ဆာ။ ထတော့လေဗျာ။ ဖူးခက်ကနေ ပုသိမ်ကိုပြန်ရောက်နေတဲ့ ဟိုတယ်မန်နေဂျာလေး ကိုရွှေသီး ခေါ် ကျော်ကျော်ခိုင်ကို သွားတွေ့ချင်တယ်ဆို။ သွားကြစို့ဆြာ”

ညက ဘယ်ချိန်မှ ပြန်ရောက်မှန်းမသိသော လေမင်းသား၏အသံကြောင့် ကျွန်ုပ် မျက်လုံးဖွင့်လိုက် ရသည်။ မျက်စိမှိတ်ထားသော်ငြား အိပ်မပျော်ခဲ့သော ကျွန်ုပ် မျက်တွင်းဟောက်ပက်နှင့်ထထိုင်ရင်း သင်းကို စိုးရိမ်တကြီး မေးရပြန်သည်။

“နေပါဦးကွ။ ရန်ကုန်ကနေ ပုသိမ်ကိုသွားရင် စစ်တပ်ဂိတ်တွေ ဘာတွေဖြတ်ရသေးလားကွာ” 
“ဖြတ်ချင်လည်း ဖြတ်ရမှာပေါ့ဆြာ။ ဘာ အရေးတုံး။ ဆြာ့တပည့်တွေက လူကောင်းတွေပဲဥစ္စာ” 
“အင်း၊ ဒါဆိုလည်း မသွားတော့ပါဘူးကွာ။ စစ်တပ်ဂိတ်မှာ ကျည်ပေါက်ပြီး ငါ့လာမှန်နေရင်ဒုက္ခ။ ပြီးတော့ ငါတို့က အငှားကားနဲ့သွားမှာဆိုတော့ ယာဉ်မောင်းက ရိုက်လုမယ့်အန္တရာယ်လည်း ရှိသေးတယ်လေ” 
“ကဲပါဆြာရယ်။ ဒါဆိုရင်လည်း မြို့ထဲကို လိုင်း ကားလေးစီးပြီး ရန်ကုန်ရောက်နေတဲ့ ဆြာ့မိတ်ဆွေ ဘန်ကောက်က ထမင်းဆိုင်ပိုင်ရှင်လေး ကိုအောင်မြင့် မြတ်ကို သွားတွေ့ကြစို့ရဲ့”
“မျက်မှန်းတစ္ဆေ မကြောက်ဆိုတာ တယ်မှန်ပါ ကလား။ အခန့်မသင့်ရင် ကားစပယ်ယာရဲ့ သံတုတ်စာ မိမှာကို ထည့်မတွက်တော့ဘူးလား ငတုံးရ” 
“ဒီလောက်တောင် ကြောက်နေမှတော့ မထူးပါဘူး ဆြာရယ်။ လာမယ့်ဘေး ပြေးတွေ့တဲ့။ ရန်ကုန်မြို့ မှာ လူမိုက်တွေဆီ ဆြာကိုယ်တိုင်သွားတွေ့ပြီး မဆိုး မမိုက်ကြဖို့ တရားဟောလိုက်ရင် ကိစ္စပြတ်ပြီပေါ့”

အရည်မရ အဖတ်မရ အမြဲအာချောင်လေ့ ရှိသောကြောင့် လေမင်းသားဟူ၍ အမည်သညာတွင် လေသည့် တပည့်ကျော်၏ အကြံပြုချက်သည် လေးညှို့ မှ ပစ်လွှတ်လိုက်သောမြားကဲ့သို့ နှလုံးအိမ်တွင် ဒုတ်ခနဲ လာစိုက်၏။ မှန်လေစွ။ ကျွန်ုပ်အကျွမ်းဝင်ခဲ့ဖူးသည့် ဒုစရိုက်လောက၏ သဘောသဘာဝအရ လူမိုက်တော မှသာ လူမိုက်လက်သစ်တို့ ပေါ်ထွက်ကုန်၏။ ဝန်းကျင် အသစ်မှ တစ်ကိုယ်တော်လူမိုက်အသစ် ပေါ်ထွက်ခဲ၏။ ကျွန်ုပ်၏အသိဉာဏ်ကို အရေးပေါ်မော်တာ တပ်လျက် လှုပ်နှိုးရသည်။ တစ်ခေတ်တစ်ခါက နာမည်ကြီး လှပါသည်ဆိုသော စိုးမြတ်၊ ကြိုးသိန်းဝင်း၊ အကြည်လေး စသည့်လူမိုက်များကား စုတေမနေ သေလွန်ကြလေပြီ။ ဘုန်းကြီးစိုးသန်းကား ရဟန်းဝတ်လျက်ရှိ၏။ ရေကျော်မောင်အေး၊ သာကေတဗေဒါ၊ လှိုင် ကမာရွတ်မှ ဘားလား၊ ကန်တော်ကလေးမှ မန်းနီးတို့ကား အိုလွန်းကြီးမက အိုစနာကျကာ အစွယ်ကျိုးကြလေပြီ။

လက်ရှိကာလ လူဆိုးလူမိုက် အများစုကား လှိုင်သာယာ၊ ဒဂုံတောင်မြောက်၊ ရွှေပြည်သာ၊ ကြည့် မြင်တိုင်တစ်ဖက်ကမ်း၊ အင်းစိန်တစ်ဖက်ကမ်းတို့တွင် ကြီးစိုးကာ ရန်ကုန်မြို့ကြီးကို အကြီးအကျယ် ခြိမ်းခြောက် လျက်ရှိကြ၏။

(ငါး)

သို့ဖြင့်... ကျွန်ုပ်နှင့် ငယ်ပေါင်းကြီးဖော်လူမိုက် အိုကြီးများ၏ အဆက်အသွယ်ဖြင့် ခေတ်သစ်လူမိုက် နောက်ပေါက်ကလေးများအား ရန်ကုန်မြို့၏ တစ်ခုသော စားသောက်ဆိုင်ကြီးတွင် ကျွန်ုပ်ကောင်းမွန်စွာ တွေ့ဆုံခွင့်ရခဲ့လေသည်။ လူမိုက်လောက၏ ဝါစဉ်အရ ကျွန်ုပ်အား သင်းတို့ ကောင်းမွန်စွာ ဧည့်ခံခဲ့ပါ၏။ ၎င်းတို့ထံမှရရှိသည့် လူမိုက်လောက သတင်းစကား တို့မှာလည်း များစွာနာယူ မှတ်သားဖွယ်ကောင်းလှပါ၏။

“အခုခေတ်က အန်ကယ်ဒင်တို့ခေတ်လို မဟုတ်တော့ဘူး အန်ကယ်။ ကျွန်တော်တို့ဟာ အထက်က ညွန်ကြားချက်အတိုင်း လိုက်နာကြရတာခင်ဗျ။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်ကဆို ညွန်ကြားချက်တွေက မြို့တော်ခန်းမကနေ လာတာခင်ဗျ။ လက်ပတ်နီတွေ ဘာတွေနဲ့ဆိုတော့ တရားဝင် မိုက်လို့ရတာပေါ့” 
“ဟုတ်တယ် ဦးလေးဒင်။ တူတော်မောင်တို့ အနေနဲ့ သူတို့အတွက် အရေးကြီးတဲ့စစ်ဆင်ရေးတွေ ကို အားကြိုးမာန်တက် လုပ်ပေးရတော့ အပြန်အလှန် သဘောအရ နယ်မြေခံရဲကလည်း ကျွန်တော်တို့ကို အထာပြန်ထားတာမို့ ကိုယ့်နယ်နဲ့ကိုယ် အပိုင်စားတွေ ဖြစ်ကုန်တာပေါ့။ ဒီခေတ်ကြီးမှာ အလုပ်အကိုင်ရှားပါးတော့ သမ္မာအာဇီဝနည်းနဲ့ လုပ်စားလို့ အခွင့်မသာဘူးလေ” 
“အခု လတ်တလော ကျွန်တော်တို့ကို ကာဗာ ပေးထားတဲ့သူတွေကတော့ သူဌေးကြီးတချို့ ဆိုပါတော့။ သူဌေးကြီးတွေနဲ့ အရင် ဟိုလူတွေကလည်း တစ်အုပ်စုတည်းပဲလေ။ ငွေကတော့ ဘာပေါသလဲ မမေးနဲ့ ဦးလေးရေ။ အမယ်၊ တစ်ခါတစ်ခါ အမျိုး ဘာသာ သာသနာအတွက် ဆိုလား။ နယ်တစ်ကာလှည့် မိုက်ဂုဏ်ပြရတာတောင် ရှိသေးဗျာ” 
“ဒီတော့ဦးလေးရာ။ ဒီတိုင်းပြည်မှာ လူမိုက်လောက ချုပ်ငြိမ်းစေချင်ရင် အဓိကဟာ အဓိကပဲ ခင်ဗျ”

ဂျာအေးကို သူ့အမေရိုက်နေသည့် လူမိုက်ဇာတ်ရှုပ်ကို ကျွန်ုပ်ကောင်းကောင်းကြီး သဘောပေါက် လေပြီ။ မြန်မာပြည်တစ်ဝန်း လူတိုင်းအကြောက်တရား ကင်းကင်းနှင့် လုံခြုံစွာနေနိုင်ရေးအတွက် ဘာဆက် လုပ်ရမည်ကို ကျွန်ုပ် သိမြင်ခဲ့လေပြီ။ အဓိကသည် အဓိက ဖြစ်လေသည်တကား။ 
“တွေ့ကြသေးတာပေါ့ အဓိကတွေရာ” ဟု အသံ တိတ်ကြုံးဝါးရင်း ကျွန်ုပ်ဝပ်ကျင်းသို့ပြန်ခဲ့ပါ၏။

(ခြောက်)

“ယဿာနုဘာဝတော၊ ယက္ခာ၊ နေဝဒေဿန္တိ ဘီသနံ။ ယဥှိစေဝါ နုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော” “သုခံ သုပတိ သုတ္တောစ၊ ပါပံ၊ ကိဉ္စိ၊ နပဿတိ။ ဧဝမာဒိ ဂုဏူပေတံ၊ ပရိတ္တံတံ ဘဏာမ ဟေ” 
“ဆြာသမား အိပ်ခါနီး ဘာတွေလျှောက်ရွတ် နေတာတုံး။ လူမိုက်တွေနဲ့တွေ့ တရားရပြီး ဘုန်းကြီး ဝတ်တော့မလို့များလား ဆြာ” 
“နင့်အမေကလွှား။ မေတ္တသုတ်ရွတ်နေတာလဟ ကပ္ပလီရ” 
“ဗျာ။ လူမိုက်ကို မေတ္တာပို့လို့ ရမတဲ့လား ဆြာရယ်” 
“နင် နားမလည်ပဲ စွတ်ပြောမနေနဲ့။ အခု အဓိက ထားပြီး မေတ္တာပို့နေတာက အဓိကတွေကိုလဟ”
“ရှင်းအောင်လင်းပါဦးဆြာရယ်။ ဆြာ့စကား ကလည်း အဓိကတွေနဲ့ချည်း ရှုပ်နေလို့ပါ”
“အင်း... သဟာဖြင့် တစ်တိုင်းပြည်လုံးလုံခြုံ အေးချမ်းဖို့ ဘယ်ဝန်ကြီးဌာနက တာဝန်ယူထားပါလိမ့် မောင်ရာ” 
“ပြည်ထဲရေးပေါ့ ဆြာရယ်။ လူတိုင်းသိနေတဲ့ ဥစ္စာ” 
“ဒါဆို ပြည်ထဲရေးကို ဖွဲ့စည်းပုံဥပဒေအရ ဘယ်သူတွေက ချုပ်ကိုင်ထားသတုံး။ ဘယ်ကနေလာ သတုံး” “အဟား။ ပေါက်ပါပြီဆြာ။ တပည့်ကောင်း ကောင်းသဘောပေါက်ပါပြီ” 
“အပေါက်မစောနဲ့ဦး ငါ့တပည့်။ အဲဒီအဓိက ကျတဲ့သူတွေနဲ့ ချမ်းသာလှပါချည့်ရဲ့ဆိုတဲ့ သူတွေဟာ ပုလင်းတူဘူးဆို့ တစ်အုပ်စုတည်း၊ တစ်ဂိုဏ်းတည်း ဆိုတာလည်း သဘောပေါက်ဖို့လိုသေးသကွဲ့” 
“ဟုတ်ပါ့ဆြာ။ ဟုတ်ပါ့။ လက်စသတ်တော့ အဓိကဟာ အဓိကကိုး။ ဆြာပို့သတဲ့ မေတ္တာ သူတို့ဆီ ရောက်ရင်တော့ တစ်တိုင်းပြည်လုံး လုံခြုံအေးချမ်းပြီ ပေါ့။ နာနာကြီးသာ မေတ္တာပို့ဆြာ”

တပည့်ကျော် ကပ္ပလီတယောက် ကျွန်ုပ်၏ အိပ်ရာဘေးမှ ရွှင်မြူးစွာ ပြန်လည်ထွက်ခွာသွားပါ၏။ ထိုညက မေတ္တသုတ် ဘုတ်အုပ်ကို ရှေ့တွင်ချ၍ ဆုံးခန်း တိုင်အောင် ကျွန်ုပ်အကြိမ်ကြိမ်ရွတ်ဆိုခဲ့ပါ၏။ တိုက် ဆိုင်မှုပေလော။ ထူးဆန်းသည်လော။ မေတ္တာဓာတ်၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့်လော တိကျစွာ ကျွန်ုပ် မဆိုနိုင်သော်ငြား အသည်းငယ်တတ်သော ကျွန်ုပ် ထိုညက ကောင်းစွာ အိပ်ပျော်ခဲ့ချေသည်တကား။ ။

မင်းဒင်

  • TAGS