News

POST TYPE

ARTICLE

တောင်ကိုရီးယားနိုင်ငံတွင် မြန်နှုန်းမြင့် ရထားပြေးဆွဲမည်
ဆိုးလ်၊ ဇန်နဝါရီ ၁၉

တောင်ကိုရီးယားနိုင်ငံ အစိုးရသည် Ultra-fast ရထားများကို အများပြည်သူအတွက် ပြေးဆွဲရန် စီစဉ်နေကြောင်း Korea Times သတင်းတွင် ဖော်ပြထားသည်။ 

ဆိုးလ်မြို့တော် အာဏာပိုင်အဖွဲ့သည် ဆူပါဆိုးနစ် သယ်ယူပို့ဆောင်ရေးစနစ်ကို အကောင်အထည်ဖော်သည့် အနေနှင့် တစ်နာရီလျှင် မိုင် ၆၂၀ နှုန်းအထိ မောင်းနှင်နိုင်မည့် ရထားများကို ပြေးဆွဲပေးကာ နိုင်ငံအတွင်း ခရီးစဉ်အကွာအဝေးကို ချုံ့နိုင်ရန် ကြိုးပမ်းမည်ဟု ယင်းသတင်းက ဆိုသည်။

မြန်နှုန်းမြင့် Ultra-fast ရထားများကို အန္တရာယ်ကင်းစွာ ပြေးဆွဲနိုင်ရန် ဆိုသည်မှာ လေဖိအားနည်းသည့် ပြွန်လိုင်းများ အတွင်း၌သာ မောင်းနှင်ရမည် ဖြစ်သောကြောင့် စမ်းသပ်လျက်ရှိသည့် စနစ်သာ အောင်မြင်မည်ဆိုလျှင် သံလိုက်ဆွဲအားဖြင့် မောင်းနှင်နေသည့် ရထားများထက် ထက်ဝက်ခန့် အရှိန်မြှင့်ကာ ပြေးဆွဲနိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိ တောင်ကိုရီးယားနိုင်ငံတွင် ပြေးဆွဲနေသည့် ရထားများသည် အမြန်ဆုံး တစ်နာရီလျှင် ၂၆၈ မိုင်နှုန်းသာ ခုတ်မောင်းပို့ဆောင်နိုင်သေးသည်။

တောင်ကိုရီးယားနိုင်ငံ ရထားလမ်း သုတေသနဌာန (KRR) မှ သုတေသီများက မကြာသောကာလတွင် တစ်နာရီလျှင် ၇၆၇ မိုင်နှုန်းအထိ ပြေးဆွဲနိုင်မည့် ပိုက်လိုင်းရထားနှင့် စနစ်များကို စမ်းသပ်လျက်ရှိကြောင်း ပြောကြားသည်။

KRR မှ သုတေသီများက ဟန်ယန်းတက္ကသိုလ်မှ ပညာရှင်များနှင့် ပူးပေါင်းပြီး ဟိုက်ပါကျုဟု ခေါ်သည့် ပိုက်လိုင်းပြေး ရထားများကို စမ်းသပ်လျက်ရှိရာ လာမည့် သုံးနှစ်အတွင်း အကောင်အထည် ပေါ်လာလိမ့်မည်ဟု ဆိုသည်။

အမေရိကန်ပြည်ထောင်စု၊ ကနေဒါနှင့် တရုတ်နိုင်ငံများသည် အသံထက်မြန်သည့် ပိုက်လိုင်းရထား သယ်ယူပို့ဆောင်ရေး စနစ်များကို အပြိုင်အဆိုင် အကောင်အထည်ဖော်ရန် ကြိုးပမ်းလျက်ရှိကြရာ တောင်ကိုရီးယားနိုင်ငံသည် စတုတ္ထမြောက် ပြိုင်ဘက်တစ်ဦး ဖြစ်လာကြောင်း Korea Times တွင် ရေးသားထားသည်။ 

Hyperloop ဆိုသည့် စနစ်ကို အီလန် မာ့စ်ဆိုသူက ၂၀၁၃ ခုနှစ်လောက် ကတည်းက လက်တွေ့စမ်းသပ်ပြသခဲ့ပြီး လော့စ်အိန်ဂျလိစ်မှ ဆန်ဖရန်စစ္စကိုသို့ မိုင် ၃၈၀ အကွာအဝေးကို မိနစ် ၃၀ အတွင်း ရောက်ရှိစေရန် ပို့ဆောင်ပေးနိုင်ကြောင်း အာမခံထားသည်။ 

ရထားတွဲများကို ဆေးတောင့်သဏ္ဌာန် တီထွင်ထားသည့် တွဲများအတွင်း ထည့်သွင်းပြီး၊ ခရီးသည် ၆ ဦးမှ ၈ ဦးအထိ သယ်ဆောင်ကာ လေသေနတ်ထဲမှ လေဖိအားဖြင့် တွန်းထုတ်လိုက်သော ပုံစံဖြင့် ခရီးသည်များကို အမြန်ဆုံးနှုန်း ပို့ဆောင်ပေး နိုင်ရေးကို ယခုအခါ နိုင်ငံလေးနိုင်ငံသည် အပြိုင်ကြိုးပမ်းနေကြကြောင်း Korea Times တွင် ရေးသားထားသည်။