POST TYPE

ARTICLE

ဗိုလ်ချုပ်ဈေးသစ် City Center ဂိမ်းဆိုင်ပိုင်ရှင် တိမ်းရှောင်၊ ၆၇ ဦးကို ဖမ်းဆီး
12-Jan-2017 tagged as လောင်းကစား


ရန်ကုန်၊ ဇန်နဝါရီ ၁၂

ဗိုလ်ချုပ်ဈေးသစ်အနီးရှိ City Center ဂိမ်းဆိုင်မှ လောင်းကစားမှုဖြင့် ဖမ်းဆီးထားသူ ၆၇ ဦးကို ဇန်န၀ါရီလ ၁၂ ရက် နံနက်ပိုင်းက ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် ပုဒ်မ ၁၃(က)/ ၁၄(က) ဖြင့် ရုံးထုတ်ချုပ်ရမန် ယူခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။

ပန်းဘဲတန်းမြို့နယ် ကုန်ဈေးတန်းလမ်း (အပေါ်ဘလောက်) City Center သုံးလွှာရှိ ဂိမ်းဆိုင်မှ ၀န်ထမ်း ၁၉ ဦးနှင့် ဆိုင်သို့ လာရောက် ကစားသူ ၄၈ ဦးကို ရဲတပ်ဖွဲ့က ဇန်န၀ါရီလ ၁၁ ရက် ည ၇ နာရီက ၀င်ရောက် ဖမ်းဆီးခဲ့ရာ အကြွေစေ့ ဂိမ်းစက်များနှင့်အတူ လောင်းကစား ပြုလုပ်နေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း ပန်းဘဲတန်းမြို့မ ရဲစခန်းမှူး ဒုရဲမှူး သိန်းဟန်က ပြောကြားသည်။ 

“ဆိုင်ပိုင်ရှင်ကို မမိသေးဘူး၊ အကြွေစေ့ ဂိမ်းစက် ၁၈ လုံးနဲ့ ဆိုင်အလုပ်သမား၊ လောင်းကစား လုပ်နေသူတွေကို ဖမ်းမိခဲ့တယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ ဂိမ်းဆိုင်မှာ ၂၀၀၈ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့ပြီး ယင်းဆိုင်သို့ သိမ်ကြီးဈေးနှင့် ဗိုလ်ချုပ်ဈေးမှ ဈေးသူ ဈေးသားနှင့် အလုပ်သမားများ၊ ရပ်ကွက်ထဲရှိ လူငယ်များက နေ့စဉ် သွားရောက်၍ လောင်းကစား ပြုလုပ်နေသောကြောင့် တာဝန်သိ ပြည်သူများက ရဲတပ်ဖွဲ့ထံ သတင်း ပေးပို့တိုင်ကြားခဲ့ခြင်း ဖြစ်ပြီး ဆိုင်အတွင်း အလုံးအရင်းဖြင့် ဖမ်းမိခဲ့သည့် လောင်းကစား ပြုလုပ်နေသူများကို ပန်းဘဲတန်း မြို့မရဲစခန်းက (ပ) ၆/၁၇၊ ပုဒ်မ ၁၃(က)/၁၄(က) ဖြင့် အမှုဖွင့် အရေးယူထားသည်။ 

S-03