POST TYPE

ARTICLE

အရှေ့ရိုးမ ကြိုးဝိုင်းလယ်က ကွက်လပ်
11-Jan-2017 tagged as


နီယွန်မီးများ လင်းထိန်နေသော ပေ ၂၀ ကြိုးဝိုင်းအတွင်း အပေါ်ပိုင်း ဗလာကျင်းလျက် ဘောင်းဘီတို ဝတ်ထားသူ နှစ်ဦးတို့ မျက်နှာချင်း ဆိုင်နေကြသည်။

ထို့နောက် ဝိုင်းထောင့်တွင် ရှင်းသည်၊ ဝိုင်းလယ်တွင် တည်သည်၊ အကူလူများ ဆင်းသွားကြပြီ။

မြန်မာဘက်က ဖျံသွေးနှင့် ထိုင်းဘက်က ကစားသမားတို့ စတင် ထိုးသတ်ကြသည်။ လေးကင်းခြောက် ပေါက်သံဆိုင်းက လက်ဝှေ့သမားတွေကို အားပေးနေသယောင်။

သူတို့  ပူးတုံခွာတုံ ထိုးသည်၊ ခေါင်းနှင့် တိုက်ကြသည်၊ တံတောင်နှင့် ထောင်းကြသည်၊ အားနှင့်လွှဲကန် လိုက်သောအခါ ထိုးလိုက်သောအခါတို့တွင် “ရှီး”ဆိုသော အသံက နောက်ခံ ဗိန်းဗောင်းသံကို ကျော်၍ ထွက်လာသည်။

ထိုင်းဘက်က လက်ဝှေ့သမား ဟန်ချက်ပျက်သွားသည့်အခါ တောင်ငူမြို့ခံတွေက အော်ဟစ် အားပေးကြသည်၊ ထိုးထိုးဟုလည်း ပရိသတ် အော်သံကြီးက ကွင်းအတွင်း ဟိန်းထွက်လာသည်။

ယခု လက်ဝှေ့ပွဲသည် တောင်ငူမြို့ မိုင်ဒါကွင်းအတွင်း ပထမဆုံး ကျင်းပသည့် မြန်မာ-ထိုင်း ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲ ဖြစ်သည်။ ကရင်ပြည်နယ် တောင်ကလေးနယ်က မျိုးဆက်သစ် လက်ဝှေ့သမား ဖျံသွေးနှင့် ထိုင်းက စင်းမန်းနီးတို့ပွဲက ဒီနေ့အတွက် အဓိက ပွဲဖြစ်သော်လည်း တောင်ငူနယ်အတွက် မျိုးဆက်သစ် ထွန်းနိုင်ဦးနှင့် ထိုင်းကစားသမားတို့ တွဲဆိုင်း ပါဝင်သော်ကြောင့်လည်း မိုင်ဒါကွင်းအတွင်း ပရိသတ်များ သောသောညံ အားပေးခဲ့သည်။

ဒီပွဲကို တစ်ချိန်က တောင်ငူနယ်တစ်လွှား ကျော်ကြားခဲ့သူ လက်ဝှေ့သမားဟောင်းကြီးတွေလည်း ရောက်လာကြသည်။ ယခင် မြန်မာနိုင်ငံက ပထမတန်း လက်ဝှေ့ကျော်များ ထွက်ပေါ်ရာ တောင်ငူနယ်တွင် လက်ဝှေ့ပွဲတွေ ကျင်းပမှု နည်းလာသည်မှာ နှစ်အတန်ကြာပြီဖြစ်သည်။

ပွင့်လင်းရာသီ ရောက်လာသည်နှင့်အမျှ နယ်မြို့များတွင် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲများ ထွက်ပေါ်လာသည်။  ပထမတန်း လက်ဝှေ့ကျော်များ ထွက်ပေါ်ခဲ့ဖူးရာ တောင်ငူမြို့သည်လည်း တစ်ခု အပါအဝင် ဖြစ်ခဲ့သည်။

လွတ်လပ်ရေးနေ့၊ ရွှေဆံတော် ဘုရားပွဲ၊ မြတ်စော ညီနောင် ဘုရားပွဲ၊ ရေတာရှည်မြို့ရှိ မယ်ဒက်ကယ် ဘုရားပွဲနှင့် ဇရပ်ကြီးကျေးရွာ တန်ဆောင်တိုင်ပွဲများ၌ မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲများ မပါမဖြစ် ထည့်သွင်း ကျင်းပလေ့ရှိပြီး အနယ်နယ် အရပ်ရပ်မှ လက်ဝှေ့ကျော်များ ယှဉ်ပြိုင် ထိုးသတ်လေ့ ရှိကြသည်။

လွန်ခဲ့သော နှစ် ၂၀ ကျော် ၃၀ ဝန်းကျင်ကာလက တောင်ငူတစ်ခွင် နယ်ကျွံလာသည့် လက်ဝှေ့ကျော်များကို ရေချမ်းနှင့် စောရူဘီ၊ ရေတာရှည် ဝင်းနိုင်ထွန်းတို့က အစွမ်းပြ ယှဉ်ပြိုင်နိုင်စွမ်း ရှိခဲ့ကြသည်။

ယင်းကြောင့်လည်း ၁၉၈၀ ပြည့်နှစ် ကာလများက နာမည်ကျော် မြန်မာ့ ပထမတန်း ရိုးရာ လက်ဝှေ့သမားများ ဖြစ်သည့် သမန်းကျား၊ သထုံဘနှစ်၊ ရွှေဝါ ထွန်း၊ မိုးကြိုးတို့နှင့်အပြိုင် ရေချမ်း၊ စောရူဘီ၊ ရေတာရှည် ဝင်းနိုင်ထွန်းတို့ စန်းထခဲ့ဖူးသည်။

ယင်းကာလကို ကျော်လွန်ခဲ့ပြီးနောက် ၂၀ဝ၀ ပြည့် နှစ်ဝန်းကျင်တွင် စောရူဘီ၏ မျိုးဆက် အယ်ထီးကော် တစ်ဦးသာ အစွယ်ချွန်နယ်ကျွံကာ ရန်ကုန်မြို့တော်အထိ ခရီးပေါက်ခဲ့သည်။ ဒီနောက်ပိုင်း တောင်ငူလက်ဝှေ့ မျိုးဆက် ပြတ်သွားသည်။

“ပံ့ပိုးပေးတဲ့လူ မရှိသလောက် နည်းသွားတာရော ဒေသတွင်းမှာ ပွဲဆက် ရှားသွားတာရောကြောင့် မျိုးဆက်သစ် ထွက်မလာတော့ဘူး”ဟု ၁၉၈၀ ပြည့် နှစ်လွန် ကာလများက နာမည်ကျော်ခဲ့သူ တောင်ငူမြို့ခံ ရိုးရာလက်ဝှေ့သမား ဦးရေချမ်းက ပြောသည်။

တောင်ငူတစ်ခွင်သို့ နယ်ကျွံလာသူများကို အသည်းမာမာ ဇွဲပါပါယှဉ်ပြိုင်ခဲ့ကြသည့် စောရူဘီနှင့် ရေတာရှည် ဝင်းနိုင်ထွန်းတို့မှာ မြန်မာ့ရိုးရာ လက်ဝှေ့ လောကကိုသာမက လူ့လောကမှနေ၍ ကျောခိုင်း ထွက်ခွာသွားခဲ့ကြပြီ ဖြစ်သည်။

တောင်ငူနယ်သား မြန်မာ့ရိုးရာ လက်ဝှေ့ကစားသမား အယ်ထီးကော် နောက်ပိုင်း နေရူဘီနှင့် ဇရပ်ကြီးကျေးရွာမှ သိန်းညီညီတို့ ထွက်ပေါ်လာခဲ့သော်လည်း ဒုတိယတန်း ကစားသမားများ အကြား၌ပင် မည်မည်ရရ မရှိဟု မြန်မာ့ရိုးရာ လက်ဝှေ့ပရိသတ်များက ဆိုသည်။

“သိန်းညီညီနဲ့ နေရူဘီက အသက်အရွယ် ရလာပြီဆိုတော့ လက်ရှိအချိန်မှာ အဖြစ်နိုင်ဆုံးက ထွန်းနိုင်ဦးပဲ။  အခုအချိန်မှာ ထွန်းနိုင်ဦးက အငယ်တန်းမှာ ရွှေခါးပတ် ရထားပြီ”ဟု ရန်ကုန်၊ မန္တလေးနှင့် ဘားအံမြို့တို့အထိ မြန်မာ့ရိုးရာ လက်ဝှေ့ပွဲများကို သွားရောက် အားပေးလေ့ရှိသည့် တောင်ငူမြို့ခံ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက သုံးသပ်သည်။ 

တောင်ငူမြို့ အမှတ် ၁၈ ရပ်ကွက် ငွေတောင်ဦးရပ်တွင် နေထိုင်သည့် မြန်မာ့ရိုးရာ သိုင်းဆရာကြီး ဦးလှဦးနှင့် ဒေါ်မာမာအေးတို့က ၁၉၉၈ ခုနှစ်တွင် ထွန်းနိုင်ဦးကို မွေးဖွားခဲ့ခြင်းဖြစ်သည်။ ထွန်းနိုင်ဦးသည် နေရူဘီ၏ ညီငယ် တစ်ဦးလည်း ဖြစ်သည်။

“ကြားပွဲတွေ ထိုးခါစက ပြိုင်ဘက်တွေထိုးတဲ့ ဒဏ် တော်တော်လေး ခံရတာ။ ရန်ကုန်တက်ပြီး အဖြူရောင် သွေးသစ်ကလပ်မှာ လေ့ကျင့်တော့လည်း အခက်အခဲတွေကြားက လက်ဝှေ့လောကကို တိုးဝှေ့ဝင်ခဲ့ရတာပါ။ အခုချိန်မှာ အတိုင်းအတာ တစ်ခုအထိ ရောက်နေပေမယ့် တောင်ငူဒေသခံ လက်ဝှေ့ကျော်တွေကိုမီဖို့ ကြိုးစားရဦးမှာပါ”ဟု ပရိသတ်များအကြား အမည်ရထားသူ ထွန်းနိုင်ဦးက ပြောဆိုသည်။

တောင်ငူမြို့ရှိ ခရိုင်မိုးလုံလေလုံ အားကစား ကွင်း၌ ဇန်နဝါရီလ ၅ ရက်နေ့ကကျင်းပသည့် မြန်မာ- ထိုင်းရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ၏ အဓိက တွဲဆိုင်းဖြစ်သော ဖျံသွေးနှင့် ထိုင်းကစားသမားတို့၏ ငါးချီစိန်ခေါ်ပွဲမှာ သရေပွဲ ဖြစ်ခဲ့သော်လည်း ထွန်းနိုင်ဦးက ထိုင်းကစားသမား ယော့သစ်ဒ် ပက်ဆနန်ကို အသားစီးဖြင့် ထိုးသတ်ခဲ့ပြီး တတိယအချီတွင် အလဲထိုးဖြင့် အနိုင်ယူခဲ့သည်။

သို့ရာတွင် ယနေ့ မြန်မာလက်ဝှေ့ လောက၌ ဝါသနာကြီးသူတို့ အခုလို ဖောက်ထွက်လာနိုင်သော်လည်း ရေခံမြေခံ လက်ဝှေ့သမားများက ဒေသတွင်း ထိုင်းနှင့် အတော်ကို အလှမ်းဝေး ကျန်နေခဲ့သည်။ လက်ဝှေ့ စီးပွားရေးသမားများက လက်ဝှေ့ပွဲတွေ စီစဉ်ပြီး ငွေရှာပွဲ၊ ရန်ပုံငွေပွဲတွေ တခြိမ်းခြိမ်း လုပ်လာနိုင်ပေမယ့် ရိုးရာလက်ဝှေ့မျိုးဆက်က ပြတ်နေသေးသည်။

ထွန်းနိုင်ဦး အနေနှင့် တောင်ငူဒေသခံ နာမည်ကျော်များဖြစ်သည့် စောရူဘီ၊ ဂျိုးလူဘီနှင့် ဝင်းနိုင်ထွန်း တို့ကို အမည်သာ ကြားဖူးပြီး အယ်ထီးကော် ထိုးသတ်သည့်ပွဲစဉ်များကို သိမ်ဖြူ လက်ဝှေ့ရုံ၌ ကြည့်ရှုခဲ့ဖူးသည်ဟု ဆိုသည်။

“ကျွန်တော် လက်ဝှေ့လောကကို ရောက်တဲ့အချိန်မှာ အသက်ကြီးနေပြီ။ မိဘတွေ စီးပွားရေး အဆင် မပြေတော့  ကုန်ထမ်းသမား ဘဝနဲ့ အသက် မွေးခဲ့ရတဲ့ ဒဏ်ကြောင့် လက်ဝှေ့လောကမှာ ရေရှည်ရပ်တည်ဖို့ မဖြစ်နိုင်ဘူး။ ဒါ့ကြောင့် ညီဖြစ်တဲ့ ထွန်းနိုင်ဦးနဲ့ နောက် မျိုးဆက်တွေကိုပဲ ပံ့ပိုးပေးမယ်”ဟု နေရူဘီက မုဒိတာ စကားဆိုသည်။

တောင်ငူမြို့ခံ လက်ဝှေ့သမားများ ခါးဆက်ပြတ်နေချိန်တွင် ကုန်ထမ်းသမား တစ်ဦးဘဝမှနေ၍ လက်ဝှေ့သမား တစ်ဦးဖြစ်ရန် ကြိုးပမ်းခဲ့သည့် နေရူဘီအနေနှင့် လက်ရှိအချိန်တွင် အသက်၂၉ နှစ် အရွယ်ရှိနေပြီ ဖြစ်သည်။

တောင်ငူနယ်ထွက် မျိုးဆက်သစ်များကို ရိုးရာ လက်ဝှေ့ပညာအမွေ လက်ဆင့်ကမ်းမည်ဟု နေရူဘီက ဆုံးဖြတ်ထားသော်လည်း ဇူလိုင်လ ၅ ရက်နေ့က တောင်ငူမြို့တွင် ကျင်းပသည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲ တွင် ယှဉ်ပြိုင်ခဲ့သော နယ်ခံလက်ဝှေ့သမားများမှာ အားရစရာ မရှိခဲ့ပေ။

ရန်ကုန်တွင် နာမည်ရ လက်ဝှေ့သမား ဖျံသွေးမှာ ငါးချီထိုးပြီး မောနေပုံရသည်။ အဆီပိုတွေက တပုံတပင်မို့လို့ လေ့ကျင့်ခန်းနှင့် ဝေးနေပုံရသည်။ 

တောင်ငူနယ်တွင် ရိုးရာ လက်ဝှေ့ကစားသမား မျိုးဆက်ပြတ်ခဲ့ရသည့် အကြောင်းအရင်းကို ထန်းတပင်မြို့ ဇရပ်ကြီး ကျေးရွာဒေသခံ သိန်းညီညီက ဖွင့်ဟခဲ့သေးသည်။

“ကျွန်တော်တို့ ငယ်ငယ်က တောင်ငူတစ်ဝိုက်မှာ လက်ဝှေ့ပွဲတွေကလည်း ပေါတယ်။ မြေတောင်မြှောက် ပေးမယ့်သူကလည်း အများကြီးပဲ။ အခု ဇရပ်ကြီးဘက်မှာ တစ်နှစ်မှ နှစ်ပွဲတောင် မရှိဘူး။ ဒီတော့ ပွဲရှိရင်တက် ထိုး၊ ကျန်တဲ့အချိန် လယ်ထွန်ပျိုးနုတ် အလုပ်နဲ့ဆိုတော့ မျိုးဆက်တစ်ခု ဖွံ့ဖြိုးဖို့ဆိုတာ ခက်ခဲသွားတယ်”ဟု နေရူဘီ၏ ဒေသတွင်းပြိုင်ဘက် သိန်းညီညီက ပြောဆိုသည်။   

နေရူဘီနှင့် သိန်းညီညီတို့ မျိုးဆက် မရောက်မီ မြန်မာ့ရိုးရာ လက်ဝှေ့လောကတွင် ကျင်လည်ခဲ့သူ အယ်ထီးကော်သည်လည်း လက်ဝှေ့ကြိုးဝိုင်းအတွင်း ရှစ်နှစ်ခန့်သာ ဖြတ်သန်းခဲ့သည်။

အသက် ၂၀ ကျော်အရွယ်တွင် မြန်မာ့ရိုးရာ လက်ဝှေ့လောကသို့ ခြေချခဲ့သူ အယ်ထီးကော်အနေနှင့် ဖခင်ဖြစ်သူ စောရူဘီနှင့် ဦးလေး တော်စပ်သူ ဂျိုးလူဘီတို့ကို အားကျ အတုယူခဲ့ရသော်လည်း ဖခင်ဖြစ်သူနှင့် အမေအိုကို ပြုစု စောင့်ရှောက်ရမည့် ဝတ္တရားကြောင့် လက်ဝှေ့ကြိုးဝိုင်းကို စွန့်ခွာခဲ့ရသည်။

“မှတ်မှတ်ရရ ပြောရရင် ကြိုးဝိုင်းပေါ်မှာ သူငယ် ချင်းဖြစ်တဲ့ ဝမ်ချိုင်းနဲ့လည်း ထိုးသတ်ခဲ့ဖူးတယ်။ မွန်ပြည်နယ်ဘက်က ပွဲတစ်ခုမှ အဲဒီအချိန်က ပထမတန်း လက်ဝှေ့ကျော်ဖြစ်တဲ့ နယ်ခံ လက်ဝှေ့သမား တစ်ဦးနဲ့ ထိုးသတ်ရတဲ့ပွဲ တစ်ခုရှိခဲ့တယ်။ ငါးချီထိုးသတ်ပြီးချိန်အထိ အရှုံးအနိုင် မပေါ်လို့ အဖြေပေါ်တဲ့အထိ တစ်နာရီကျော်ကြာအောင် ထိုးသတ်ပြီးတာတောင် ဆက်ထိုးခိုင်းတာမှာ မတရားဘူးလို့ ယူဆပြီး စင်ပေါ်က ဆင်းခဲ့ဖူးတယ်”ဟု ပဲခူးတိုင်း လက်ရွေးစင် အနောက်တိုင်း လက်ဝှေ့သမား တစ်ဦးလည်း ဖြစ်ခဲ့ဖူးသည့် အယ်ထီးကော်က ပြောဆိုသည်။

လွန်ခဲ့သော နှစ် ၂၀ ကျော် ၃၀ ခန့်က လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ၁၅ ချီ အထူးစိန်ခေါ်ပွဲ၊ ရွှေဆံတော်ဘုရားပွဲ၊ အမှတ် ၂ ဘောလုံးကွင်းတွင် ကျင်းပသည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် လက်ဝှေ့ပွဲများ၌သာမက ဘိုးဘွားရိပ်သာပွဲများ၌ပင် လက်ဝှေ့ပွဲများ ကျင်းပလေ့ ရှိသောကြောင့် တစ်နှစ်လျှင် လေးပွဲ၊ ငါးပွဲခန့် အနည်းဆုံး ကျင်းပခဲ့ဖူးသော်လည်း လက်ရှိတွင်မူ လွတ်လပ်ရေးနေ့၌ပင် ကျင်းပနိုင်တော့သည့် အနေအထား။

“ငယ်ငယ်က နေခင်းပိုင်း လုပ်တဲ့ပွဲတွေ မကြည့်နိုင်တော့ ရှိသမျှ မုန့်ဖိုးလေး ရုံစောင့်ကိုပေးပြီး ဝင်ကြည့်ခဲ့ရတာ။ ညဘက်ပွဲဆိုရင် ခွေးတိုးပေါက်ကနေ ခိုးဝင်ပြီး ကြည့်ခဲ့ရတာ။ အခုရုံဝင်ခတွေက ကျပ်တစ်သောင်း၊ နှစ်သောင်း ဆိုတော့ တောင်ငူမှာ မျိုးဆက်သစ် ရှားသွားတာ မဆန်းပါဘူး”ဟု ငယ်စဉ်ကတည်းက လက်ဝှေ့ ပွဲများကို မလွတ်တမ်း ကြည့်ခဲ့သည့် အသက် ၄၄ နှစ်ခန့်အရွယ် လက်ဝှေ့ဝါသနာရှင် အမျိုးသား တစ်ဦးက ပြောဆိုသည်။

တောင်ငူမြို့ရှိ ခရိုင်မိုးလုံလေလုံ အားကစားကွင်း၌ ဇန်နဝါရီလ ၅ ရက်နေ့က ကျင်းပသည့် မြန်မာ-  ထိုင်းရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကို လာရောက် ကြည့်ရှုရန် မြန်မာ့ရိုးရာ ဆိုင်းဆရာ၏ လေးကင်းသံခြောက်ပေါက်နှင့်အတူ အစီအစဉ် ကြေညာသူက ဖိတ်ခေါ်နေသော်လည်း ရုံဝင်လက်မှတ်ခ မတတ်နိုင်သည့် မျိုးဆက်သစ် လူငယ်များ အနေနှင့် ရုံရှေ့တွင် ပြသထားသည့် ပိုစတာများကိုသာ ငေးကြည့်ရင်း ...။

ဝိုင်းထောင့်တွင် ရှင်းသည်၊ နီယွန်မီးများ ပိတ်သွားသည်၊ ဝိုင်းလယ်တွင်တော့ မျိုးဆက်သစ်တို့ အတွက် ဘယ်လောက်ကြာဦးမည်မသိ။

ဇေယျာကို

  • TAGS