News

POST TYPE

ARTICLE

တောလယ်ဘုရားဖူး
08-Jan-2017 tagged as

ဖုန်ထူသော အညာမြေ မုံရွာမြို့နှင့် မိုင် ၅၀ ကျော်အကွာ ပြည်တွင်းခရီးသွားများကြား တောတောင်အလှအပ ရှုခင်းများကြောင့် ရေပန်းစားသည့် နေရာတစ်ခုကို ယခုနှစ် ခရီးသွားရာသီအတွက် မနေ့က တရားဝင် စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ 

ပုံတောင်ပုံညာ ကုန်းမြေမြင့်နှင့် ချင်းတွင်းမြစ် အနောက်ဘက် ရွှေသမင် တောင်စွယ်တန်းများကို ရစ်ပတ်ခွေစီးလာသော ကြည်လင်ပြာလဲ့သော စိမ့်စမ်းရေများ၊ တောဆင်ရိုင်းများ၊ ၀က်ဝံများ နေထိုင်ကျက်စားရာ ဒေသလည်း ဖြစ်သည်။

မြန်မာနိုင်ငံ ဒေသအသီးသီးမှ လူအများပြားက ထိုနေရာမှ ရင်သပ်ရှုမောဖွယ်ရာများကို လာရောက်ကြည့်ရှုကြမည့် ခရီးသွားများ မကြာမီရက်ပိုင်းအတွင်း ရောက်ရှိလာတော့မည်။

ပုံတောင်ပုံညာ တောင်ကြောများ၏ အလယ်တွင် ရှိသော ထိုနေရာမှာ နှစ်စဉ် နေ့ရက်အများစု တိတ်ဆိတ်လျက် ရှိသော်လည်း  ဒီဇင်ဘာလမှ အထွတ်အထိပ် ပူပြင်းသော ဧပြီလ မတိုင်မီအထိ  သွားလာကြသူ များပြား၍ စည်ကားလွန်းလှသည်။ 

ဒီဇင်ဘာလကုန်မှစ၍ လေးလတာကာလ ဘုရားဖူးရာသီအဖြစ် သတ်မှတ်ထားသည့် ပုံတောင်ပုံညာ တောင်ကြောတစ်နေရာရှိ အလောင်းတော်ကဿပ ဘုရားဖူးလမ်းကို မိုးကာလ ကုန်ဆုံးချိန်တွင်တော့ ယခင်နှစ်များထက် ဖွင့်လှစ်ချိန် တစ်ပတ်နောက်ကျ၍ ဇန်န၀ါရီလ ၇ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

ဒီနှစ်စတင်ဖွင့်လှစ်သည့် နေ့တွင်ပင် ဘုရားဖူး ခရီးသွား အများအပြား လာရောက်လည်ပတ်နေပြီ ဖြစ်သည်။

အလောင်းတော်ကဿပ ဘုရားသို့ မုံရွာမြို့မှလည်း သွားရောက်လည်ပတ်နိုင်ပြီး မုံရွာမြို့ ရွှေစည်းခုံစေတီ အနီးတွင် ဘုရားဖူး ကားဂိတ်အများစု ရှိကာ မိုင် ၅၀ ကျော်ခရီးအတွက် ခရီးသွားတစ်ဦးလျှင် အသွားအပြန် ကျပ်တစ်သောင်းခွဲ ပေးရပြီး မနှစ်ကထက် ကားလက်မှတ်ခ ကျပ် ၂၀၀၀ ပို၍ဈေးတက်ခဲ့သည်။

ကနီမြို့နယ်၊ မင်းကင်းမြို့နယ်နှင့် ယင်းမာပင် မြို့နယ်တို့နှင့် ထိစပ်လျက်ရှိသည့် အလောင်းတော်ကဿပ ရဟန္တာမြတ်ကြီး ရုပ်အလောင်း ကိန်းဝပ်စံပယ်ရာ အလောင်းတော်ကဿပ ဘုရားဖူးသွား လမ်းမကြီးသည် မြေသားလမ်း ဖြစ်သည့်အတွက် ပွင့်လင်းရာသီမှသာ သွားလာနိုင်သည်။

ထို့ပြင် အလောင်းတော်ကဿပ ဘုရားဖူး သွားရာတွင် တောင်တက်တောင်ဆင်းများကြောင့် ဘုရားဖူး ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပေါ်နေသည့်အတွက် သက်စွန့်စံဖျား သွားရောက်ရသည့် ထူးခြားအံ့သြဖွယ်ရာ ဘုရားဖူးခရီးစဉ် တစ်ခုဟုလည်း ဘုရားဖူး အများအပြားက ဆိုကြသည်။

ယခုနှစ်တွင် ယင်းသို့ ကိစ္စရပ်များ ဖြစ်ပေါ်မှု လျော့နည်းစေရန်နှင့် အန္တရာယ်ကင်းစွာ သွားလာနိုင်ရန် ကားလမ်းအရှည် မိုင် ၄၀ ကို စနစ်တကျ ပြုပြင်နေသည့် အတွက် ဘုရားဖူး လမ်းဖွင့်လှစ်မှုမှာ တစ်ပတ်နောက်ကျရခြင်း ဖြစ်ကြောင်း လမ်းပိုင်းဆိုင်ရာ တာဝန်ရှိသူများက ပြောကြားသည်။

ယင်းမာပင်ခရိုင် ကနီမြို့နယ်အပိုင် အမျိုးသားဥယျာဉ်နှင့် ထိစပ်လျက်ရှိသည့် ၁ စတုရန်းမိုင် အကျယ်အ၀န်းရှိ အလောင်းတော်ကဿပ ဘုရားသည် လျောင်းတော်မူ ရုပ်ပွားတော်စံရာကျောင်းနှင့် အောက်ဘက်ပေတစ်ရာ အနက်၌ ကျောက်လိုဏ်ဂူ တည်ရှိနေသည့်အပြင် အဇာတသတ်မင်း၏ သစ္စာရေတွင်း လွမ်းစေတီတို့ ရှိနေခြင်းကြောင့် မြန်မာပြည် အရပ်ရပ်မှ ဘုရားဖူးများ နှစ်စဉ် လာရောက်လည်ပတ်ကြလေ့ ရှိသည်။

ထိုသို့ ဧကသုံးသိန်းကျော်ခန့် ကျယ်ဝန်းသည့် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်း မြေသားလမ်းကြမ်းကြမ်းတွင် ဘုရားဖူး မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ် အပါအ၀င် ခြေလျင်ဘုရားဖူးသူ အများစုနှင့် စက်ဘီးစီး တောင်တက်အဖွဲ့များလည်း လာရောက်လည်ပတ်ကြသည်။  

အဆိုပါ ဒေသသို့ ဘုရားဖူးလာသူ အများစုမှာ ဗုဒ္ဓဘုရားရှင်၏ သာဝက ကဿပ ကိုယ်တော်ကြီးကို ပူဇော်ကန်တော့သည့် အနေနှင့် လျောင်းတော်မူ ရုပ်ပွားတော်နှင့် ကျောက်ဂူနံရံတို့ကို ရွှေသင်္ကန်း၊ ရွှေဆိုင်းများ ကပ်လှူပူဇော်ကြပြီး အဓိဋ္ဌာန်ဝင်ကာ ဆုတောင်းကြသည်။

ဗုဒ္ဓဘာသာ ယုံကြည်သူတို့က အလေးမြတ် ယုံကြည်မှုကြောင့် လာရောက်ကြသလို တောတောင်အလှအပနဲ့ သွားလာရ ခက်ခဲသောဒေသဖြစ်၍ ထိုအချက်ကလည်း ဘုရားဖူးတို့အတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်စေသည်။ ဆင်စီးပြီး သွားရောက်ရသော တောခရီးလမ်းလည်း ဖြစ်တာကြောင့် အခြားဘုရားဖူး ခရီးစဉ်များထက်လည်း ထူးခြားသည်ဟု ဆိုနိုင်သည်။

ယင်းသို့ ဘုရားဖူးရာသီတွင် နယ်ဝေးမှလာသည့် ညအိပ်ဘုရားဖူးများသည် ကုသိုလ်ရှင်များ လှူဒါန်းထားသည့် အဆောင် ၃၂ ဆောင်တွင် အခမဲ့ တည်းခိုနိုင်ပြီး ယင်းအဆောင်များတွင် ဘုရားဖူး ၂၀၀၀ ခန့် တည်းခိုနိုင်သည်။

ထို့အပြင် ကျောက်ဂူအတွင်း ပရိတ်ရွတ်သည့် လပြည့်နေ့တွင် ညအိပ်ခရီးသည်များမှာ အလွန်များပြားတတ်ပြီး ၂၀၁၀ ပြည့်နှစ် စာရင်းကောက်ယူမှုအရ ဘုရားဖူးဦးရေ လေးသောင်းအထိ လာရောက်လည်ပတ်ခဲ့ကြောင်း အဆိုပါ နေရာချထားရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“နိုင်ငံခြားသားတွေတော့ လာတာမတွေ့ဘူး။ နည်းတယ်။ မလာသလောက်ပဲ” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

အလောင်းတော်ကဿပ ဘုရားဖူး ရာသီချိန်သည် အေးမြသည့် ဆောင်းရာသီကာလ ဖြစ်နေသည့်အပြင် ဘုရားတည်ရှိရာ ဒေသသည် ၂၀ ဒီဂရီစင်တီဂရိတ်အောက် အအေးဓာတ်ရှိသည့်အတွက် ခရီးသွားများကို စောင်ထူထူများ ငှားရမ်းပေးသော လုပ်ငန်းများလည်း ရှိကာ ဘုရားဖူးများ အလွယ်တကူ အပန်းဖြေ စားသောက်နိုင်ရန်အတွက် စားသောက်ဆိုင်များလည်း အရေအတွက် အများအပြား ရှိနေသည်။   

လွန်ခဲ့သော ၁၀ စုနှစ် လေးစုခန့်ကမူ ယခုကဲ့သို့ အလွယ်တကူ သွားလာနိုင်သည်မဟုတ် မြို့ပြနှင့် အလှမ်းကွာဝေးသည့် တောကြီးမျက်မည်းထဲရှိ အဆိုပါနေရာကို သွားရောက် ဘုရားဖူးချင်သူများသည် တောတွင်းလမ်းခရီးတွင် သားရဲတိရစ္ဆာန်များကို မကြောက်မရွံ့ လမ်းလျှောက်ကာ ညအိပ်ခရီးနှင်ခဲ့ကြရသည် ဖြစ်သည်။

“ရဟန္တာကြီးအပေါ် စိတ်ဝင်စား ကြည်ညိုတာရော စိတ်အပန်းပြေ သဘာဝတွေကြောင့်ရော ဆင်စီးရမှ သဘာဝကျတာလေ” ဟု မန္တလေးမြို့မှ လာရောက်လည်ပတ်သည့် မမိုးမိုးက ဆိုသည်။

အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်သည် မြန်မာနိုင်ငံ၏ သဘာဝ အခြေခံခရီးသွားစခန်း ၂၁ ခုအနက် တစ်ခုအပါအ၀င် ဖြစ်နေ၍ သဘာဝ အခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ဆောင်ရွက်မည့် အပြင် ယင်းလမ်းပိုင်းကို လာမည့်ဘဏ္ဍာနှစ်တွင် နှစ်စဉ်ရာသီမရွေး သွားလာနိုင်ရန် အဆင့်မြှင့်တင် ပြုပြင်မည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်း စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်ကလည်း ပြောဆိုထားသည်။

အလောင်းတော်ကဿပ ဘုရားသို့ မုံရွာ-ယာကြီး-ကလေးဝလမ်းမှ တစ်ဆင့် တရော်ကျင်း-ညောင်ကိုင်း- ကပိုင်လမ်း၊ ယင်းမာပင်-ဇီးတော-ကပိုင်လမ်း စသည့် လမ်းများမှလည်း သွားလာနိုင်ပြီး တောင်ခြေကပိုင် ကျေးရွာမှ အလောင်းတော်ကဿပသို့ ၂၁ မိုင်ခန့် ကွာဝေးသည်။

“ဆင်စီးနိုင်တဲ့သူက နှစ်ညအိပ်နဲ့ ရောက်နိုင်ပေမယ့် လမ်းလျှောက်သူတွေအတွက်က စားအိုးစားခွက်တွေထမ်းပြီး ရောက်တဲ့နေရာ ချက်စားဆို လေး၊ ငါး ညအိပ်ကြရတယ်” ဟု သပိတ်ဆေးယာဉ်စခန်းမှ စံကျောင်းသို့သွားရာ ဆင်စီးလမ်းဘေးတွင် သောက်ရေခပ်ပေးနေသည့် အသက် ၆၀ အရွယ် အဘချစ်ဟန်က ဆိုသည်။

ယနေ့အချိန်တွင်မူ ကားလမ်းများကို ယခင်ထက် သွားလာရ အဆင်ပြေ ချောမွေ့စေရန် နှစ်စဉ် ဂေါပကအဖွဲ့က ချဲ့ထွင်ဖောက်လုပ်ပေးနေသောကြောင့် လမ်းမှာကျယ်လာသည်ဟု ခရီးသွားများက သုံးသပ်ပြောဆိုသည်။

သို့သော် တောင်တက်၊ တောင်ဆင်းလမ်းများတွင် ယာဉ်မောင်းများက လမ်းကျွမ်းကျင်မှု မရှိခြင်းနှင့် ညဥ့်အချိန် မောင်းနှင်မှုတို့ကြောင့် ယာဉ်မတော်တဆ တိမ်းမှောက်မှုများ နှစ်စဉ် ကြုံတွေ့နေရမြဲ ဖြစ်သည်။

အလောင်းတော်ကဿပ သာသနာ့မြေကို ထွန်းကားစည်ပင်စေရန် ဖိုလ်ဝင်တောင် ဆရာတော်  သက်ရှိထင်ရှား ရှိစဉ်က တစ်လျှောက်လုံး ကြိုးစားဆောင်ရွက်ခဲ့ပြီး၂၀၁၅ ခုနှစ် ဆရာတော် ပျံတော်မူပြီးနောက် ဂေါပကအဖွဲ့က ဆက်လက်အုပ်ချုပ်လာခဲ့ကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

အဆိုပါ ဂေါပကအဖွဲ့တွင် ဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ပုလဲမြို့နယ်၊ ကနီမြို့နယ်မှ သံဃာတော် အပါး ၂၀၊ လူပုဂ္ဂိုလ် ၁၂ ဦးတို့ဖြင့် ၂၀၁၅ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဘုရားပွဲရာသီ လေးလအတွက် ကားလမ်းငွေ ကောက်ခံဂိတ်၊ ပန်းတော်ကပ်၊ ဆွမ်းတော်ကပ်၊ ရွှေသင်္ကန်းကပ် လုပ်ငန်းများ အပါအ၀င် လုပ်ငန်းကိုးမျိုးကို လေလံပေး၍ နှစ်ချုပ်လှူဒါန်းမှု ရရှိငွေမှာ ကျပ်သိန်း ၇၀၀၀ ကျော် ရှိကြောင်း အဆိုပါ ဂေါပကအဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။

“ဘုရားဖူးတွေအတွက် အိပ်ဆောင်ကအစ အိမ်သာအဆုံး ဘုရားဖူး ၇ ရက် သားသမီးတွေရဲ့ လှူဒါန်းငွေတွေနဲ့ တည်ဆောက်ခဲ့တယ်” ဟု ဂေါပကအဖွဲ့မှ ဆရာတော်တစ်ပါးက မိန့်ဆိုသည်။

အလောင်းတော်ကဿပဘုရား ကျောက်လိုဏ်ဂူ တံခါးသည် ယခင်က လက်ဝင်သာအောင်ကျယ်ပြီး အတောင် ၂၀ ရှိသည့် ၀ါးထိပ်တွင် လှူဒါန်းသည့် ရတနာပစ္စည်းများတပ်၍ ကျောက်တံခါးကြားထိုးထည့် လှူဒါန်း၍ ရနိုင်ကြောင်း၊ ယခုအခါ ယင်းသို့မဟုတ်တော့ဘဲ ဂူတံခါးမှာ ပိတ်သွားကြောင်း ဆရာတော် ဦးဉေယျဓမ္မက မိန့်ကြားသည်။

“အခုလက်ဝင်မရတော့ဘူး မနှစ်က ဘုရားပွဲနေ့ ပရိတ်ရွတ်နေတုန်း ပွင့်တယ်။ စောင့်ဆိုင်းနေတဲ့ ပရိသတ်တွေက ရတနာပစ္စည်း ရွှေငွေတွေကို ကျောက်တံခါးနားရှိသူကို လှမ်းပေးပြီး တံခါးပွင့်တုန်း လှူကြတယ်။ ၁၅ မိနစ်လောက် ပွင့်ခဲ့တယ်” ဟု ဦးဉေယျဓမ္မက မိန့်ဆိုသည်။

ထူးခြားမှုများ ရှိနေခြင်းကြောင့် အနီးဝန်းကျင် မြို့နယ်လေးခုမှ ဒေသခံများသည် ဘုရားဖူးရာသီ လေးလတာကာလတွင် ဈေးရောင်းချခြင်း သာမက အထမ်းထမ်းခြင်းနှင့် သန့်ရှင်းရေး လုပ်ငန်းများကိုပင် စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်လျက်ရှိသည်။

ဒေသခံများ အတွက်ကတော့ ယင်းနေရာကို အမှီပြုကာ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ကြရခြင်း ဖြစ်သည်။

သမိုင်းအထောက်အထားတို့ဖြင့် ခိုင်မာသော ထင်ရှားကျော်စောမှုများ မရှိသည်တိုင် ထိုနေရာကို ပြည်တွင်းခရီးသွားများ ပိုမိုလာရောက်လည်ပတ်ရေးကို ဒေသခံများက မျှော်လင့်နေကြသည်။ 

အလောင်းတော်ကဿပ ဘုရားဖူးခရီးစဉ်မှာ ယခုအခါ ပြည်တွင်းခရီးသွားများကြားတွင် တစ်စထက် တစ်စထက် ကျော်ကြားလာလျက်ရှိပြီး လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်လာခြင်းကြောင့်လည်း ယခုနှစ် လာရောက်သူ ပိုများရန်ရှိသည်။

သို့သော် အန္တရာယ်ရှိသော တောတွင်းလမ်းကြောင့် ဖြစ်သည့်အပြင် တောတွင်းသားကောင်များ တိုက်ခိုက်မှု ကြုံရနိုင်သည်ဟူသော ခန့်မှန်းပြောဆိုမှုများကြောင့် အချို့သွားချင်သော်လည်း မသွားရဲသည် မျိုးလည်းရှိသည်။ ယင်းသို့ ပြောဆိုမှုများ ရှိသော်လည်း လက်ရှိအချိန်အထိတော့ တောတွင်းသားကောင်များ၏ တိုက်ခိုက်မှုကြုံရသည် ဆိုသော တိကျသေချာသည့် ဖြစ်ရပ်မျိုးတော့ မရှိသေးပေ။

မည်သို့ပင်ဆိုစေ အလောင်းတော်ကဿပ ဘုရားဖူးခရီးစဉ်တွင် ဆင်စီးနိုင်ခြင်း၊ သဘာဝအလှအပကို ခံစားနိုင်ခြင်းနှင့် နှစ်စဉ် တပို့တွဲလပြည့်နှင့် တပေါင်းလပြည့်များ၌ ကျောက်တံခါးပွင့်ခြင်းကဲ့သို့ ထူးခြားမှုများကို ကြုံတွေ့ရနိုင်ခြင်းတို့ကြောင့် ခရီးလမ်းမှာ ဝေးလံခေါင်းပါးသော်လည်း နှစ်စဉ်ခရီးသွား အများအပြား လာရောက်လည်ပတ်လျက် ရှိနေသည့် နေရာတစ်ခု ဖြစ်သည်။

ဂေါပက ဒုဥက္ကဋ္ဌ ဦးမောင်မောင်ချိုကမူ “ဆင်စီးရတာကြောင့်ပဲ ခရီးသွားတွေ လာတာများကြတယ်” ဟု ပြောသည်။

ခင်မေစန်း

  • TAGS