News

POST TYPE

ARTICLE

မျှော်လင့်ခြင်းမြို့တော်
08-Jan-2017 tagged as ရန်ကုန်

ခမ်းနားသော၊ ကြီးကျယ်သော သမိုင်းတို့ဖြင့် ထုံမွှမ်းအပ်သည့် မြို့တော်တစ်ခု ရှိသည်။ ယင်းမှာ ရန်ကုန်မြို့တော် (ဝါ) ရန်ကုန်မြို့ပင် ဖြစ်သည်။ အလောင်းမင်းတရားက ပြီးခဲ့သည့် နှစ်ပေါင်း ၂၆၀ ကျော်က ဒဂုံမြို့ကို သိမ်းပြီးနောက် ရန်ကုန်ဟု အမည်ပေးခဲ့သည်။ 

အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို သိမ်းပြီးနောက် ရန်ကုန်သည် အရှေ့တောင်အာရှ၏ စံပြမြို့တော် ဖြစ်သည်။
 
သို့သော်လည်း စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေက နေပြည်တော် ဆောက်ပြီးနောက် ယခုအခါ ‘ရန်ကုန်မြို့’ ဟု အမည်တွင်လာသည်။ 

ယခုတော့ ရန်ကုန်သည် ရန်အားလုံးကို ထွေးပွေ့ထားရသလို ဖြစ်နေသည်။ အမှိုက်ပစ်ခြင်းမှအစ မြို့သစ်စီမံကိန်းကြီးများအထိ မည်သို့မျှ စနစ်တကျ မရှိလှ။ 

သို့သော် ပြောင်းလဲလာမည့် မျှော်လင့် ခြင်းမြို့တော်အတွက် စီမံကိန်းများလည်း အကောင်အထည် ဖော်နေသည်။ 

ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ မျှော်လင့်ခြင်းတွေကို ထွေးပိုက်ထားရသည်။ နိုင်ငံတစ်ဝန်းရှိ အကျွမ်းကျင်ဆုံးသော ငွေလိုက်မုဆိုးကြီးများ ဤမြို့တွင် အခြေစိုက်သည်။ လူငယ်များအတွက် ပညာရေးနှင့် အခွင့်အလမ်းများ ရှာဖွေ ရာလည်း ဤမြို့တွင်ပင်။ သူဌေးဖြစ်လိုသူများကလည်း ဤမြို့တွင် ဘီလီယံနာ အိပ်မက်မက်ကြပြန်သည်။

တကယ်တမ်းတွင် ယနေ့ခေတ် ရန်ကုန်သည် အထည်ကြီးပျက် ဖြစ်သည်။ ဘာမှမရှိ။ ဗလာနိတ္ထိ။ လမ်းတွေက ဆိုးသည်။ မီးကပုံမှန်မရ။ အဆောက်အအုံတွေက မကြံ့ခိုင်။ အာရှနောက်ဆုံးလက်ကျန် စီးပွားရေး နှလုံးသည်းပွတ်တွင် ကမ္ဘာအရပ်ရပ်မှ စီးပွားရေးမုဆိုးများက ခြေချင်းလိမ်နေပြန်သည်။ တစ်ဖက်တွင်လည်း ဖွံ့ဖြိုးတိုးတက်မှုဆီသို့ အရှိန်အဟုန်ဖြင့် လှမ်းစပြုနေသည်ကို တွေ့ရသည်။ ကမ္ဘာကျော် ကုမ္ပဏီများ အပြိုင်အဆိုင် ဝင်ရောက်လာသည်။ လုပ်ငန်းရှင်များကလည်း အကွက် အကွင်းစောင့်ကြည့်နေသည်။ ဆောက်လက်စ အဆောက်အအုံများ၊ တံတားများ၊ လမ်းများအပြင် လာအိုတစ်နိုင်ငံစာမျှ ရှိသော လူဦးရေ ခြောက်သန်းကျော် ဈေးကွက်က မျက်စိကျစရာ။

နာဂစ်မုန်တိုင်း တိုက်ခတ်ခံရပြီး နောက်ပိုင်းတွင် တိုးပွားလာသည့် လူဦးရေကြောင့် မြို့ကြီးက မနိုင်ဝန်ထမ်းသည့် ဟန်ဖြင့် ငြီးငြူစပြုနေပြီ။ အိမ်ရာသစ်များ အလျှိုလျှို ပေါ်လာသည်။ မြေကွက်တွေ အလုအယက် ဖော်ကြသည်။ ဟိုစီမံကိန်း၊ ဒီစီမံကိန်းကြားရုံဖြင့် မြေဈေးတွေ မိုးပျံကုန်သည်။

ဤတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး စီမံကိန်း ၂၀၄၀ ကို စတင်လာသည်။ ယင်းစီမံကိန်းကို ၂၀၁၂ ခုနှစ်မှ စတင်၍ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) အကူအညီဖြင့် ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

မဟာရန်ကုန် မြို့ပြစီမံကိန်းတွင်  မြို့သစ်စီမံကိန်းများ၊ စီးပွားရေးဇုန်များ၊  မြစ်ကူးတံတားကြီးများ၊ မြို့ပြင်ပတ်လမ်း၊ မြို့တွင်းပတ်လမ်း၊ အဆင့်မြှင့်တင်ထားသည့် ရထားလမ်း၊ မိုးပျံလမ်းမကြီးများ၊ ရေနှင့်လျှပ်စစ် ရရှိရေး စီမံကိန်းများလည်း ပါဝင်သည်။ 

ဤအရာများအားလုံး၏ အချိန်သတ်မှတ်ချက်မှာ လာမည့် ၂၄ နှစ်အလို ၂၀၄၀ ပြည့်နှစ်တွင် ဖြစ်သည်။ အစိုးသစ် လက်ထက်တွင် ယင်းမဟာဗျူဟာ စီမံကိန်းကို ပြန်လည်ပြင်ဆင်ပေးရန် ညွှန်ကြားခဲ့ခြင်းကြောင့် ပြင်ဆင်ရေးဆွဲခဲ့ကြောင်း JICA ရုံး ကိုယ်စားလှယ် မစ္စတာကိုင် အိချီယိုနာကာဆာဝါက ပြည်တွင်းမီဒီယာတစ်ခုသို့ ပြောကြားခဲ့သည်။ 

“တိုင်းအစိုးရအဖွဲ့ကို အပ်ပြီးသွားပြီ။ ရှေ့လလောက်ကျမှ Review လုပ်မယ်။ (ပထမ စီမံကိန်းနဲ့တော့) သိပ်အပြောင်းအလဲ မရှိပါဘူး” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြနှင့် မြေယာဌာန ဒုတိယဌာနမှူး ဦးတိုးအောင်က The Voice သို့ ပြောကြားသည်။

ယင်းမဟာဗျူဟာကိုလည်း လက်ရှိတွင် မတ်လ၌ ကျင်းပမည့် ရန်ကုန်တိုင်းလွှတ်တော်တွင် ဆွေးနွေးနိုင်ဖွယ်ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။ 

“ဝန်ကြီးချုပ်ပြောတဲ့ နေချင်စဖွယ် စိမ်းလန်းသောမြို့ ဆိုတာ ၂၀၄၀ မှာတော့ မြင်ရမယ် ထင်ပါတယ်” ဟု တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ဆိုသည်။ 
“တို့အားလုံးတော့ ဝိုင်းဝန်းကြိုးစားရမှာနော်” ဟု ၎င်းက တပ်လှန့်လိုက်သေးသည်။ 

မျှော်လင့်ခြင်းမြို့တော်အတွက် လက်ရှိစီမံကိန်းများကို တို့ထိကြည်ကြပါစို့။ 

မြို့သစ်စီမံကိန်းများ

အငြင်းပွားဖွယ် ဖြစ်ခဲ့သော ရန်ကုန်မြို့သစ် စီမံကိန်းတွင် မြို့သစ်စီမံကိန်း ခုနစ်ခု ပါဝင်သည်။ သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက စတင်ခဲ့သော ယင်း စီမံကိန်းကို လက်ရှိတွင် ခေတ္တဆိုင်းငံ့ထားသည်။

ရန်ကုန်အရှေ့ပိုင်းမြို့သစ် ၁၇,၃၇၅ ဧက၊ ရန်ကုန် အနောက်တောင်ပိုင်းမြို့သစ် ၂၁,၇၁၆ ဧက၊ သန်လျင်မြို့သစ် ၂၁,၁၉၃ ဧက၊ ဒလမြို့သစ် ၁၅,၁၇၃ ဧက၊ ထန်းတပင်မြို့သစ် ၂၄,၇၄၈ ဧက၊ မှော်ဘီမြို့သစ် ၁၁,၅၉၄ ဧကနှင့် လှည်းကူးမြို့သစ် ၆၉၃၃ ဧက တို့ဖြစ်ပြီး လာမည့် ၂၀၄၀ ပြည့်နှစ်တွင် အပြီးအကောင်အထည်ဖော်မည် ဖြစ် သည်။ စုစုပေါင်း ကျပ် ၈၁၂၇ ဒသမ ၅၁ ဘီလီယံ ကုန်ကျမည် ဖြစ်သည်။

မြို့သစ်စီမံကိန်း တည်ဆောက်ရန်အတွက် လက်သိပ်ထိုးချပေးမှုများ ရှိသည်ဟူသည့် သံသယများကြောင့်လည်း ဝေဖန်မှုများစွာ ခံခဲ့ရသည်။ 

သမ္မတ ဦးထင်ကျော် လက်ထက်တွင် ရန်ကုန်တိုင်းလွှတ်တော်၌ မြို့သစ်စီမံကိန်းအကြောင်း စတင်ကြားလာရသော်လည်း ရေရှည်စီမံချက် ဖြစ်သောကြောင့် အဆောတလျင် မပြုလုပ်ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။ 

မြို့သစ်စီမံကိန်း ပြီးစီးလျှင်မူ လူဦးရေ ထူထပ်မှုကို ဖြေလျှော့ပေးနိုင်ဖွယ် ရှိပြီး  အလုပ်အကိုင် အခွင့်အလမ်းများလည်း  ဖန်တီးပေးနိုင်မည် ဖြစ်သည်။ သို့သော် ရှိပြီးသား မြို့သစ်များကိုမူ ဖွံ့ဖြိုးရန် မတတ်နိုင်သေးဘဲ မြို့သစ်အတွက် ဘတ်ဂျက်မလုံလောက်သည့် ပြဿနာကိုလည်း ထည့်သွင်းစဉ်းစားရန် လိုကြောင်း လွှတ်တော် ကိုယ်စားလှယ်များ ပြောဆိုကြသည်။ 

“တကယ်လိုအပ်တဲ့ဟာ ဖြစ်ဖို့လိုတယ်။ မလိုအပ်ရင် ဝန်ထုပ်ဝန်ပိုး ဖြစ်တယ်။ အခု ခုံးကျော်တံတားတွေပဲကြည့်။ ယာဉ်ကြောပိတ်ဆို့မှုကို မလျှော့ချနိုင်ဘူး။ ဘတ်ဂျက်ထိတာပဲ ရှိတယ်” ဟု စီးပွားရေး မူဝါဒရေးရာ ပညာရှင် ဒေါက်တာအောင်ကိုကိုက မှတ်ချက်ပြုသည်။

ဗဟိုမြို့တွင်း စီးပွားရေးဇုန်နှင့် ဒုတိယ ဗဟိုစီးပွားရေးဇုန်

ဗဟိုမြို့တွင်း စီးပွားရေးဇုန်သည် လက်ရှိဖွံ့ဖြိုးပြီး ဖြစ်သော ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ကို အခြေခံသည်။ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်နှင့် ပုဇွန်တောင် မြို့နယ်တို့ ဖြစ်သည်။ ယင်းမြို့နယ်များသည် မြို့လယ်ဖြစ်၍ စီးပွားရေး အချက်အချာကျသည်။ ထို့ကြောင့် မြေနေရာမရှိ။ ကုမ္ပဏီများနှင့် စီးပွားရေးရုံးခန်းများ ဖွင့်ရန် လုပ်ငန်းရှင်များ စုပြုံတိုးနေကြရသည်။ 

ထို့ကြောင့် အစိုးရက တစ်မျိုး စီစဉ်သည်။ ယင်းသည် မင်းဓမ္မခေါ် ဒုတိယ ဗဟိုစီးပွားရေးဇုန် တည်ဆောက်ရေး စတင်စဉ်းစားရခြင်း၏ အကြောင်းရင်းပင်ဖြစ်သည်။ 

မင်းဓမ္မစီးပွားရေးဇုန်သည် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းနှင့် တော်ဝင်လမ်းထောင့်တွင် တည်ရှိသည်။ စီမံကိန်း ဧရိယာအဖြစ် ဧက ၄၀၀ ကျော်သတ်မှတ် ထားသော်လည်း စီမံကိန်း ပထမအဆင့်အဖြစ် စည်ပင်သာယာပိုင်မြေ ၃၆ ဧက ပေါ်တွင် တည်ဆောက်ရေး လုပ်ငန်းများ စတင်လျက်ရှိသည်။ စည်ပင်ပိုင်မြေကို ကနဦး နှစ် ၅၀၊ ၁၀ နှစ်သက်တမ်းတိုး နှစ်ကြိမ်၊ မြေငှားခအဖြစ် တစ်နှစ် အမေရိကန်ဒေါ်လာ ၁၂၀,၀၀၀ ဖြင့် ငှားရမ်းခဲ့သည်။  အဆိုပါ လုပ်ငန်းများကို တင်ဒါအောင်မြင်ခဲ့သည့် First Myanmar Construction က ကိုရီးယားဒီဇိုင်းဖြင့် တည်ဆောက်လျက်ရှိသည်။ စီမံကိန်းကာလ ငါးနှစ်ကြာမြင့်မည် ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် ပြီးစီးမည်ဟု ခန့်မှန်းထားသည်။

စီမံကိန်းတွင် ၁၈ ထပ် လူနေတိုက်ရှစ်လုံး၊ ငါးထပ်ဈေးဝယ်စင်တာ တစ်လုံး။ ၁၇ ထပ် ဟိုတယ်တစ်လုံး၊ ၁၂ ထပ်ရုံးခန်း လေးလုံး၊ ငါးထပ် Convention စင်တာ  တစ်လုံး၊ ၁၇ ထပ် IT အဆောက်အအုံ တစ်လုံးနှင့် အစီးရေ ၅၀၀၀ ရပ်နားနိုင်သည့် မြေအောက်သုံးထပ် ယာဉ်ရပ်နား နေရာတစ်ခုလည်း ပါဝင်သည်။ စီမံကိန်း ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ သန်း ၃၅၀ ခန့် ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

နေရာအကျယ်အဝန်းနှင့် ယာဉ်ကြောပိတ်ဆို့မှုကို ရှောင်ရှားနိုင်သည့် အဆိုပါ စီမံကိန်းသည် ရန်ကုန်မြို့သို့ ထပ်မံတိုးဝင်လာမည့် စီးပွားရေး လုပ်ငန်းများအတွက် အသက်ရှူချောင်စေလိမ့်မည်ဟု သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

သို့သော်လည်း ဧက ၄၀၀ ကျယ်သည့် အဆိုပါ စီမံကိန်း မြေနေရာများစွာကို ခရိုနီ လုပ်ငန်းရှင်ကြီးများက ပိုင်ဆိုင်ထားပြီး ဖြစ်ကြောင်း  အမည်မဖော်လိုသည့် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။
“ရာခိုင်နှုန်း တော်တော်များများကို ခရိုနီတွေ ခွဲဝေယူပြီးသွားပါပြီ” ဟု ၎င်းက မှတ်ချက်ပြုသည်။ 

ထို့ပြင် စီမံကိန်းနေရာသည် တစ်ခေတ်တစ်ခါက တပ်မတော် ဗိုလ်ချုပ်များ နေထိုင်သည့် ကမ္ဘာအေးဗီလာနှင့် နီးကပ်သည့်အပြင် မင်္ဂလာဒုံ လေယာဉ်ကွင်းနှင့်လည်း နီးကပ်ပေရာ လုပ်ငန်းရှင်များအတွက် မျက်စိကျစရာ ဖြစ်လာသည်။ 

လက်ရှိတွင်လည်း မင်းဓမ္မ ဒုတိယဗဟို စီးပွားရေးဇုန်တွင် တောင်ကိုရီးယား ဒီဇိုင်းဖြင့် ကြယ်ငါးပွင့် အဆင့်ရှိ Dusit Thani Yangon ဟိုတယ်ကို တည်ဆောက်လျက်ရှိကြောင်း Myanmar V Pile ကုမ္ပဏီအုပ်စုနှင့် Dusit International Group ၏ ပြောကြားချက်ကို ဒီဇင်ဘာလ ၁၂ ရက်ထုတ် မြဝတီသတင်းတွင် ဖော်ပြထားသည်။ 

ထို့ပြင် မြန်မာကွန်ဗင်းရှင်းစင်တာထက် ခြောက်ဆခန့်ကြီးပြီး လူဦးရေ ၄၀၀၀ ကျော် ဝင်ဆံ့သည့် နိုင်ငံတကာအဆင့် ကွန်ဗင်းရှင်းစင်တာတစ်ခုကိုလည်း တည်ဆောက်လျက် ရှိသည်။

“ဘဏ်လုပ်ငန်းတွေ၊ အာမခံလုပ်ငန်း၊ အတိုင်ပင်ခံလုပ်ငန်းမျိုး ဝန်ဆောင်မှု လုပ်ငန်းတွေကတော့ မင်းဓမ္မမှာ အဆင်ပြေနိုင်တယ်။ ထုတ်လုပ်မှု မဟုတ်တဲ့ လုပ်ငန်းတွေပေါ့။ ဘာ့ကြောင့်ဆို အဲဒီမှာလည်း ကုန်ထုတ်လို့ မကောင်းဘူးလေ။ ရုံးခန်းဖွင့်ပြီးပဲ လုပ်လို့ကောင်းတာ” ဟု UMFCCI ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ဆိုသည်။

မြစ်ကူးတံတားကြီးများ

မြစ်ကူးတံတားကြီးများတွင် ဒလ-ရန်ကုန် တံတားမှာ အကောင်အထည်ဖော်မည့် အရိပ်အယောင်များ တွေ့မြင်နေရပြီ ဖြစ်သည်။ ယင်းတံတားကြောင့်လည်း ဒလမြို့နယ် အမှိုက်ပုံဘေးနားရှိ မြေဈေးများပင် မိုးထိအောင် မြင့်တက်ကုန်ကြသည်ဟု ဒေသခံများက ဆိုကြသည်။ 

အရှည်ပေ ၆၀၀၀ ကျော် ရှိမည့် အဆိုပါ တံတားကို ရန်ကုန်ဘက်ကမ်း ဘုန်းကြီးလမ်းနှင့် ဒလဘက်ကမ်း ဗိုလ်မင်းရောင်လမ်း နေရာတို့တွင် ဆက်သွယ်ဆောက်လုပ်မည် ဖြစ်သည်။ စီမံကိန်းကာလ ငါးနှစ်ဖြစ်ပြီး လာမည့် ၂၀၂၁ ခုနှစ်တွင် ပြီးစီးမည့် အဆိုပါ စီမံကိန်းအတွက်  မြန်မာအစိုးရက အမေရိကန်ဒေါ်လာ သန်း ၃၀ နှင့် ကိုရီးယားအစိုးရချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းကျော်တို့ဖြင့် တည်ဆောက်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ 

တံတားကြောင့် ဒလမြို့နယ်ရှိ ဒေသခံများ၏ လူနေမှုဘဝ မြင့်တက်လာမည်ဟု ဒေသခံများက ယုံကြည်ကြသည်။ 

ပြည်ပနိုင်ငံများတွင်လည်း မြစ်ကို မြို့လယ်ပို့ထား၍ မြစ်တစ်ဖက်ကမ်းကို မြို့ကွက်ချဲ့ထွင်စေခြင်းဖြင့် ပိုမိုတိုးတက်လာလေ့ ရှိကြောင်း မြန်မာ့စီးပွားရေး လေ့လာသူ ဦးလှမောင်က ဆိုသည်။

ထို့ပြင် ရန်ကုန်တောင်ပိုင်းခရိုင်ရှိ မြို့နယ်များကို အထူးစီးပွားရေးဇုန်အဖြစ် ဖော်ဆောင်ရန် မြို့သစ်စီမံကိန်းတွင် ပါဝင်သောကြောင့် ရန်ကုန်မြို့မှာ တောင်ပိုင်းသို့  ချဲ့ထွင်သွားမည့် သဘော ရှိနေသည်။ ယင်းသို့ ဆိုပါက ရန်ကုန်မြစ်သည် အင်္ဂလန် လန်ဒန်မြို့လယ်ခေါင်ရှိ သိမ်းမြစ်ကဲ့သို့ပင် နောင်အခါတွင် ရန်ကုန်မြို့လယ်သို့ ရောက်ရှိသွားမည် ဖြစ်သည်။

တောင်ပိုင်းခရိုင်ရှိ ချဲ့ထွင်မည့် မြို့နယ်များတွင် ဒလ၊ တွံတေး၊ ကွမ်းခြံကုန်း၊ လက်ခုပ်ကုန်းနှင့် ကော့မှူးမြို့နယ်တို့ ပါဝင်ရာ ဒလတံတားသည် ရန်ကုန်မြို့လယ်မှတစ်ဆင့် အဆိုပါ မြို့နယ်များသို့  သွားရောက်ရန် အဓိကလမ်းကြောင်း ဖြစ်လာမည်။ ကွမ်းခြံကုန်းသည် ပင်လယ်ဆိပ်ကမ်း ရှိရာ စက်မှုဇုန်နှင့် လေယာဉ်ကွင်း စီမံကိန်း တည်ဆောက်ရန် တိုင်းအစိုးရအဖွဲ့က ရည်ရွယ်ထားပြန်သည်။ 

ဒလတံတားသည် မင်္ဂလာဒုံ-ဒလ လမ်းကြောင်းသစ်ဖြင့် အသစ်တည်ဆောက်မည့် ဟံသာဝတီလေဆိပ်ကို ချိတ်ဆက်ထားမည်ဖြစ်ရာ လုပ်ငန်းရှင်များအတွက် မျက်စိကျစရာ ဖြစ်လာသည်။ သို့သော်လည်း ဒလသည် ရေရှားသည်ဟု နာမည်ကျော်ရာ နည်းပညာဖြင့် ကျော်လွှားရဖွယ် ရှိနေသည်။

ဟံသာဝတီလေဆိပ်နှင့် မိုးပျံတံတား

မြန်မာ့အကြီးဆုံး အပြည်ပြည်ဆိုင်ရာလေဆိပ် ဖြစ်လာမည့် ဟံသာဝတီလေဆိပ်ကို ရန်ကုန်မြို့မှ ၆၅ ကီလိုမီတာ အကွာတွင် ပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် တင်ဒါအောင်မြင်ထားသော Yangon-Changi-JGC Consortium ကုမ္ပဏီတို့က တည်ဆောက်မည် ဖြစ်သည်။ လက်ရှိတွင် သဘောတူညီမှု မူဘောင်ကိုသာ လက်မှတ်ရေးထိုးထားပြီး ယခုနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ စတင်နိုင်မည်ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောကြားထားသည်။ 

ဟံသာဝတီလေဆိပ် တည်ဆောက်ပြီးပါက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးသည် သိပ်သည်းမှုကို လျှော့ချနိုင်မည် ဖြစ်သည်။

သို့သော် ကွမ်းခြံကုန်းမြို့နယ်တွင် တည်ဆောက်မည်ဟု ရန်ကုန်တိုင်းအစိုးရက ဆိုထားသည့် နိုင်ငံတကာလေဆိပ်၏ အနေအထားအပေါ် မူတည်၍ ဟံသာဝတီလေဆိပ်၏ အနာဂတ် ပြောင်းသွားဖွယ် ရှိသည်။ 

ဟံသာဝတီလေဆိပ်နှင့် ရန်ကုန်မြို့ကို မိုးပျံလမ်းဖြင့် ဆက်သွယ်မည် ဖြစ်သည်။ ရန်ကုန်မြို့လယ်မှ ဟံသာဝတီလေဆိပ်သို့ သွားရာတွင် ယာဉ်ကြောကျပ်တည်းမှုကို ရှောင်ရှားရန်အတွက် မိုးပျံတံတား စီမံကိန်း ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ယင်းစီမံကိန်းသည် လူအများ စိတ်ဝင်စားမှု ခံနေရသော်လည်း ဝန်ကြီးဌာနနှင့် JICA တို့က အကြိုလေ့လာဆန်းစစ်မှု ပြုလုပ်သည့် အဆင့်သာ ရှိနေသေးသည်။ မိုးပျံတံတား စီမံကိန်းကို ကိုရီးယားနှင့် ပြုလုပ်ရန် ရည်ရွယ်ထားသည်ဟု ဦးတိုးအောင်က ပြောကြားသည်။

“ဒါပေမဲ့ဗျာ လေဆိပ်ကိုသွားဖို့ တစ်ခုတည်းအတွက်နဲ့ မိုးပျံတံတားကြီး ဆောက်ရမယ်ဆိုရင် ဘတ်ဂျက်တွေ အရမ်းကုန်မှာပေါ့” ဟု UMFCCI  ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ဆိုသည်။

သတိပြုရမည့် အကူအညီနှင့် မျှော်လင့်ခြင်း မြို့တော်

ဒုတိယကမ္ဘာစစ် အပြီးတွင် ကွန်မြူနစ်စနစ်ကို နှိပ်ကွပ်ရန် အရင်းရှင်နိုင်ငံများ၏ အကူအညီပေးမှုများမှာ ခေတ်စားလာသည်။ အကူအညီပေးမည့် အစိုးရများမှာ ဒီမိုကရေစီပို့ကုန် ဖြန့်ဖြူးလိုခြင်း သို့မဟုတ် ၎င်းတို့အစိုးရ အလိုကျစေမည့် အပြုအမူမျိုး လုပ်ဆောင်မှသာ အကူအညီပေးသည့် အခြေအနေမျိုး ဖြစ်လာသည်။ နောက်ပိုင်းတွင်မူ နိုင်ငံရေးအရ မဟုတ်သော်လည်း ၎င်းတို့နိုင်ငံရှိ ကုမ္ပဏီများ အကျိုးရှိစေမည့် မူဝါဒမျိုး (Trade and  Aid Policy) ဖြင့် အကူအညီများကို ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ပေးအပ်လာကြသည်။

ဥပမာအားဖြင့် အတိုးမဲ့ချေးငွေ သို့မဟုတ် အတိုးနှုန်းနည်းသည့် ချေးငွေတစ်ရပ် ရယူလိုပါက စီမံကိန်းနှင့် ဆိုင်သည့် ၎င်းတို့နိုင်ငံမှ ကုန်ပစ္စည်းများ ဝယ်ယူရခြင်း၊ ၎င်းတို့နိုင်ငံ အဖွဲ့အစည်းများက  အကြံပေးပြီး အကြံပေးခ ရယူခြင်းကဲ့သို့ လုပ်ဆောင်လာကြသည်။

ယင်းတို့အနက် အမေရိကန်နိုင်ငံမှ USAID နှင့် ဂျပန်နိုင်ငံမှ JICA တို့မှာ နာမည်ကြီးသည်။  

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း ၂၀၄၀ ကို JICA အကူအညီဖြင့်  အဓိကရေးဆွဲပြီး ပြည်တွင်းတတ်သိပညာရှင် အချို့လည်း ပါဝင်ခဲ့ကြသည်။ ယင်းစီမံကိန်းကို ဖော်ဆောင်ရန်အတွက်မူ မြန်မာတွင် ငွေကြေးမလုံလောက်။ အများစုကို ဂျပန်ထံမှ လည်းကောင်း၊ အချို့ကို ကိုးရီယားနှင့် အခြားသော နိုင်ငံများထံမှ လည်းကောင်း ချေးယူရမည် ဖြစ်သည်။

ရန်ကုန်မြို့ ကမ်းနားလမ်းရှိ လျှပ်စစ်ရထား စီမံကိန်းကို ဂျပန်နိုင်ငံ အကူအညီဖြင့် လုပ်ဆောင်ခဲ့သော်လည်း တစ်လခန့် အကြာတွင် ရပ်ဆိုင်းသွားခဲ့ရသည်။ ယင်းစီမံကိန်းအတွက် ဂျပန်နိုင်ငံမှ ဝယ်ယူခဲ့ရသည့် ရထားတွဲအဟောင်းများသာ အဖတ်တင်ခဲ့သည်။ စီမံကိန်း မစတင်မီက လေ့လာဆန်းစစ်သည်မှာလည်း JICA သာ ဖြစ် သည်။ စီမံကိန်း ရပ်ဆိုင်းရသည့် အကြောင်းပြချက်မှာ ယာဉ်ကြောပိတ်ဆို့မှုကြောင့်ဟု ဆိုပြန်ရာ JICA သည် ကနဦး ဆန်းစစ်စဉ်က မမြင်ဟန်ဆောင်၍ ရထားတွဲဟောင်းများ ရောင်းချခဲ့လေသလောဟု မေးခွန်းများ ရှိလာသည်။  

“စီမံကိန်းအမှားတွေပေါ့။ သွားပြီလေ။ အစ်ကိုတို့လည်း သိတယ်။ တော်တော်ဆိုးဆိုးရွားရွား ဖြစ်တာ။ အဲဒါမျိုးမဖြစ်အောင် အစ်ကိုတို့က လုပ်ကြရမှာ” ဟု  ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက မှတ်ချက်ပြုသည်။ 

လက်ရှိတွင် ရန်ကုန်-ဒလ တံတား စီမံကိန်းအတွက် ကိုရီးယားနိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းကျော် ချေးယူရာတွင် အမေရိကန်ဒေါ်လာ ၄၅ သန်း တန်ဖိုးရှိ လူစီးရထားတွဲ အသစ် ၁၀၀ ဝယ်ယူရန် ပါရှိသည်။ ယင်းစာချုပ်ကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်း  နှစ်ဖက်အစိုးရ တာဝန်ရှိသူများ စာချုပ် ချုပ်ဆိုခဲ့ကြသည်။

“ပြည်ပအကူအညီတွေနဲ့ ပတ်သက်ရင်တော့ သတိထားပြီး လုပ်ကိုင်စေချင်တယ်” ဟု စီးပွားရေး မူဝါဒရေးရာ ပညာရှင် ဒေါက်တာအောင်ကိုကိုက သတိပေးပါသည်။

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း၂၀၄၀ ဖော်ဆောင်ရာတွင် ပြည်ပအကူအညီများယူမည် ဆိုပါက သတိထားရန် လိုသကဲ့သို့ တစ်ဖက်တွင်လည်း ဆိုရှယ်လစ်ခေတ်ကကဲ့သို့ စိတ်ကြီးဝင်မှုများ မပါဘဲ ယူသင့်ယူထိုက်သည့် အကူအညီများကို နိုင်ငံတကာဆီမှ ရယူရမည် ဖြစ်သည်။

တည်ဆောက်ပြီးသော်လည်း အခြေခံအဆောက်အဦ မပြည့်စုံသည့် လှိုင်သာယာ၊ ရွှေပြည်သာ၊ သာကေတ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ မြို့နယ်တို့ကို ပြည့်စုံအောင် လုပ်ရန်ထက် မြို့သစ်များ တည်ဆောက်ရန် ပိုမိုဆန္ဒရှိနေကြသည်ကို နေ့စဉ်သတင်းများက ဖော်ပြနေကြသည်။

“ဒါပေမဲ့ဗျာ။ ဘယ်လိုပဲချဲ့ချဲ့ နိုင်ငံစီးပွားရေး မကောင်းရင် မရဘူး” ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးနိုင်ဝင်းက ဆိုသည်။

စီမံကိန်းတစ်ခု ဖော်ဆောင်ခြင်းသည် စီးပွားရေးအရ မည်မျှအကျိုးဖြစ်ထွန်းမှု ရှိသည်ကို ထုတ်လုပ်မှု စွမ်းရည်တိုးတက်မှု၊ ဆင်းရဲနွမ်းပါးမှု ကျဆင်းလာမှုနှင့် ဆက်သွယ်ရေး မည်မျှတိုးတက်လာသနည်း ဆိုသည့် နည်းလမ်းသုံးသွယ်ဖြင့် တိုင်းတာနိုင်သည်ဟု ဒေါက်တာအောင်ကိုကိုက ဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူခရီး၌ လာမည့် နှစ်ပေါင်း ၂၀ တွင် မြန်မာသည် စင်ကာပူကို ကျော်တက်မည်ဟု ပြောကြားခဲ့သည်။ သို့သော် စီမံခန့်ခွဲမှု သဘောတရားများအရ မြန်မာသည် စင်ကာပူကို ကျော်မည်ထက် ရန်ကုန်သည် စင်ကာပူကို ကျော်မည်က ဖြစ်နိုင်ခြေ ပိုရှိသည်။ အကြောင်းမှာ အစုအဖွဲ့သေးလေ စီမံခန့်ခွဲရ ပိုလွယ်ကူလေ ဖြစ်သောကြောင့်ပင်။ 

“စင်ကာပူကို မီအောင်ဆိုတာထက် ကိုယ်နဲ့အခြေအနေတူတဲ့ အိမ်နီချင်း ဗီယက်နမ်တို့၊ ထိုင်းတို့ဆီမှာ ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုလုပ်လဲဆိုတာ လေ့လာသင့်တယ်” ဟု ဒေါက်တာအောင်ကိုကိုက  အကြံပြုသည်။

မည်သို့ပင်ဆိုစေ သုခမြို့တော်ဆီသို့  မရောက်မီ ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးနိုင်ဝင်း၏ မျှော်လင့်ခြင်းမြို့တော် ၂၀၄၀ ပြည့်နှစ် ရန်ကုန်မှာ နေချင့်စဖွယ် ဖြစ်နေသည်။ 

မျှော်လင့်ခြင်းမြို့တော်တွင် မိုးပျံတံတားများ၊ မြေအောက်ရထားလမ်းများ၊ စိမ်းလန်းသော ဧရိယာများ၊ ခမ်းနားသပ်ရပ်သော တိုက်တာများ၊ ရန်ကုန်မြစ် တစ်ဖက်တစ်ချက်တွင် မီးရောင်ထိန်ထိန်ဖြင့် မြစ်ကမ်းဘေး လေညှင်းခံနေသည့် ပြည်သူများနှင့် စည်ကားလျက်ရှိသည်။ 

“အခုတောင်မှ မိုးပျံတံတားတွေပေါ်မှာ (ကားနဲ့) ပြေးနေတာ။ စိတ်ကူးတွေနဲ့တင် တော်တော်ကောင်းနေပြီ” ဟု ဦးနိုင်ဝင်းက ရယ်သွမ်းသွမ်းလျက် ဆိုလေတော့သည်။ 

ရဲနိုင်ဦး

ABOUT AUTHOR

(ရဲနိုင်ဦး)