News

POST TYPE

ARTICLE

စစ်ကိုင်းမှာမွေးတဲ့ ဂစ်တာ
08-Jan-2017 tagged as


မန္တလေးဘက်မှ လာလျှင် စစ်ကိုင်းတံတား အသစ်ပေါ်မှ လမ်းညာဘက်သို့ လှမ်းကြည့်လိုက်သည်နှင့် ဂစ်တာလေးများ အစီအရီ ချိတ်ဆွဲ ရောင်းချနေသော ဆိုင်လေးများကို တစ်ခုစ၊ နှစ်ခုစ တွေ့ရသည်။ ထိုဂစ်တာများသည် စစ်ကိုင်းဂစ်တာဟု တစ်နိုင်ငံလုံးအနှံ့ နာမည် ကျော်ကြားနေသည့် မြန်မာပြည်တွင်းဖြစ် လက်မှုဂစ်တာများသာ ဖြစ်သည်။

စစ်ကိုင်းမြို့တွင် ဂစ်တာ လုပ်ငန်းကို စိန်တုံး၊ နန်းဦးမြို့သစ်၊ ထုံးဘိုအရပ်တို့ တွင် လုပ်ကိုင်ကြပြီး ဂစ်တာလုပ်ငန်း စုစုပေါင်း ၂၀ ကျော်ခန့် ရှိသည်။ ထိုလုပ်ငန်းရှင်များ စုပေါင်းပြီး စစ်ကိုင်းဂစ်တာအသင်း ဟူ၍ အဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်းထားသည်မှာ နှစ်သိပ်မကြာသေးဘဲ လေးနှစ်ခန့်သာ ရှိသေးသည်။

နိုင်ငံတကာတွင် နာမည်ကြီး ဂစ်တာ တံဆိပ် လုပ်ငန်းများသည် စက်မှုသက်သက်သာ ဖြစ်ပြီး စစ်ကိုင်း ဂစ်တာကတော့ ရှေးယခင်ကတည်းက လက်မှု အဓိကဖြင့် ပြုလုပ်ထားခြင်းကြောင့် ထူးခြားသည်ဟု ဆိုရမည်။ စစ်ကိုင်းတွင် ဂစ်တာလုပ်ငန်း စတင် လုပ်ကိုင်သူမှာ ဆရာဦးကျော်သိန်း ဖြစ်သည်။

လွန်ခဲ့သည့် နှစ် ၅၀ က ဆရာ ဦးကျော်သိန်းသည် မန္တလေးမြို့  ၈၄ လမ်း ဂစ်တာလုပ်ငန်းရှင် ဦးဘချစ်ထံ ဝင်ရောက် လုပ်ကိုင်ခဲ့ပြီး စစ်ကိုင်းတွင် ဂစ်တာလုပ်ငန်း တစ်ခု ခွဲထောင်ခဲ့သည်။

ထိုစဉ်က စစ်ကိုင်းမြို့ ထုံးဘိုအရပ်ရှိ ဆရာ ဦးကျော်သိန်းထံ လာရောက် ပညာသင်ယူခဲ့ကြသော လူငယ်များသည် ယခုအခါ စစ်ကိုင်းဂစ်တာ လုပ်ငန်းဦးဆောင်နေသူများ ဖြစ်နေကြပြီ။

လက်ရှိ စစ်ကိုင်းဂစ်တာအသင်း ဥက္ကဋ္ဌမှာ New Wave ဂစ်တာလုပ်ငန်းမှ ဦးမြင့်ထွန်းဖြစ်ပြီး New Wave ဂစ်တာလုပ်ငန်းကို လုပ်သား ၁၅ ယောက်ခန့်ဖြင့် လည်ပတ်နေသည်။ ဂစ်တာလုပ်ငန်းများတွင် နာမည်တံဆိပ်အလိုက် ကျော်ကြားလျှင် ကျော်ကြားသလို လုပ်သားလည်း ပိုများ ဂစ်တာလည်း ဈေးပိုရတတ်သည်။

စစ်ကိုင်းဂစ်တာ လုပ်ငန်းများသည် စစ်ကိုင်းမြို့နေ လူငယ်များကို အလုပ်အကိုင် အခွင့်အလမ်း ပေးနေသော လုပ်ငန်းဟု ဆိုလည်း မမှားချေ။ ဂစ်တာလုပ်ငန်း တစ်ခုတွင် အမျိုးသား၊ အမျိုးသမီးမရွေး လုပ်ကိုင်နိုင်ပြီး ဂစ်တာ ပုံဖော်တပ်ဆင်သည့် လုပ်ငန်းကို အမျိုးသားများက အဓိက လုပ်ကြသည်။ အမျိုးသမီးများကတော့ ဂစ်တာ လက်တံ တပ်ဆင်ခြင်း၊ အချောကိုင်ခြယ်သခြင်းတွေ ပြုလုပ်ကြသည်။

လက်ရှိကာလအရ ဂစ်တာလုပ်ငန်းတွင် ဝင်ရောက် လုပ်ကိုင်သော အမျိုးသမီး တစ်ဦးလျှင် နေ့စားခ ကျပ် ၆၀၀၀ - ၇၀၀၀ ခန့်၊ အမျိုးသား တစ်ဦးလျှင် ၁၀,၀၀၀ ခန့် ရတတ်သောကြောင့် အခြားလက်လုပ် လက်စား လုပ်ငန်းများထက်စာလျှင် သက်သာပြီး နေ့တွက်ကိုက်သည်ဟု ဆိုရမည်။

စစ်ကိုင်းဂစ်တာ လုပ်ငန်းကို ရှေးယခင်က လက်မှု သီးသန့် ပြုလုပ်ခဲ့ပြီး ယခုအခါတွင်တော့ ခေတ်မီ စက်ကိရိယာများ အသုံးပြု၍ စက်မှုတစ်ပိုင်း လက်မှု တစ်ပိုင်း ပြုလုပ်နေကြပြီ ဖြစ်သော်လည်း နိုင်ငံတကာတန်းဝင် ဂစ်တာပုံစံရဖို့တော့ နည်းပညာ အခက်အခဲတွေ အများကြီး ကြုံနေရသေးသည်။

သစ်ဝါးပေါများသော နိုင်ငံဖြစ်သော်လည်း ဂစ်တာအတွက် အဓိက လိုအပ်သော သစ်သား အချောပြားကို တရုတ်ပြည်မှ မှာယူ အသုံးပြုနေရပြီး ဂစ်တာ လက်တံအတွက် လိုအပ်သော သစ်သားချောင်းများကိုလည်း ပြည်တွင်းမှ အမြောက်အမြား မှာယူ သိုလှောင်ရာတွင်လည်း အခက်အခဲများ ရှိနေသေးသည်။

ဂစ်တာ တစ်လက် ပြုလုပ်ရန် ကုန်ကြမ်းအစ အဆုံးသည် ပြည်တွင်းဖြစ်ဟူ၍ နည်းပါးနေခြင်းက ဂစ်တာတစ်လက် ထုတ်လုပ်ရာတွင် ကုန်ကျစရိတ် ပိုများစေသည်။

ဂစ်တာအတွက် လိုအပ်သော အထပ်သားကို တရုတ်ပြည်က မှာယူရသည်။ ပြည်တွင်းရှိ သုံးထပ်သားပြားများသည် ပေါင်းခံမှု နည်းပညာ မရှိခြင်းကြောင့် ဂစ်တာအဖြစ် တည်ဆောက်ရာတွင် အသုံး မပြုနိုင်သည်မှာ အားနည်းချက်ဖြစ်သည်။ လက်တံအတွက် ကျွန်းသားများကိုလည်း လိုသလောက် မဝယ်ယူနိုင်ဘဲ သစ်တိုသစ်စများထဲမှ ရလျှင် ရသလိုသာ  အသုံးပြုရသည်ကလည်း အခက်အခဲ တစ်ခုဖြစ်သည်။ ကီးအတွက် လိုအပ်သော အစိတ်အပိုင်းများကို ယခင်က တံတားဦးတွင် စက်ရုံဖြင့် ထုတ်လုပ်ခဲ့သော်လည်း ယခုအခါ တရုတ်မှသာ မှာယူ အသုံးပြုနေရသည်။

စစ်ကိုင်းဂစ်တာ ပြုလုပ်ရာတွင် အဆင့်ပေါင်း ၁၀ ဆင့်ကျော်ဖြင့် လူခွဲပြီး လုပ်ရသည်။ သစ်သားပြားများကို လိုသည့် ပုံရအောင် ဖြတ်တောက်ရသည်။ ပုံကြမ်း ပေါ်စေရန် ခွေရသည်။ အသံအိုး လုံစေရန် ဘား တန်းများ ညှိရသည်။ ဂစ်တာအိုးဖုံး ရသည်။ လက်တံပြား တပ်ပြီး ဆေးမှုတ် အခြောက် ခံရသည်။ ဆေးမှုတ်ခြင်းကလည်း တစ်ကြိမ်ထဲမဟုတ် အထပ်ထပ် ပြုလုပ်ရသည်။ ဆေးသား ချောစေရန် ကော်ပတ် အနုဖြင့်စားပြီး လိုင်ကာအုပ်ရသည်။ ဂစ်တာအိုး အပေါက်ပတ်လည်မှာ ပန်းတွေ ဆွဲရသည်။ ကီးတွေဖော်၊ ကြိုးတွေတပ် အသံညှိပြီးလျှင်တော့ ဂစ်တာ လုပ်ငန်း တံဆိပ်တပ်ကာ ဈေးကွက်ထဲ အသင့် ရောင်းနိုင်သည့် စစ်ကိုင်းဂစ်တာ တစ်လုံး ဖြစ်လာလေပြီ။

စစ်ကိုင်းဂစ်တာများကို မြန်မာပြည် အထက်ပိုင်း ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့က အများဆုံး မှာယူကြသည်။ ဂစ်တာ အမျိုးအစားများအနက် ဆိုဒ်လတ် ဂစ်တာများမှာ ရောင်းအား အကောင်းဆုံး ဖြစ်ပြီး ထင်းရှူးသား ထွင်းအိုးမှာ ဈေး အကြီးဆုံးဖြစ်သည်။ ဂစ်တာပညာရှင် ဦးချစ်စမ်းမောင်ကိုင်သော ချစ်စမ်းမောင် ဂစ်တာ၊ ကလေးများအကြိုက် ဂစ်တာ အသေးများနှင့် ယူကလီဂစ်တာများလည်း ရှိသေးသည်။ မယ်ဒလင်၊ တယောနှင့် ဘင်ဂျိုတို့မှာ မှာယူသူရှိမှ ပြုလုပ်ပေးသည်က များသည်။

ယခင် ဆရာဦးကျော်သိန်းလက်ထက် လက်မှုသီးသန့်ဖြင့် ဂစ်တာပြုလုပ်စဉ် ကာလများက လုပ်ကိုင်သူလည်း နည်းပါးပြီး ပြုလုပ်ချိန် ကြာမြင့်သောကြောင့်  ဂစ်တာ တစ်လုံးလျှင် ခြောက်လခန့် စောင့်ပြီး မှာယူရသည်များလည်း ရှိခဲ့ဖူးသည်။

ယခုတော့ လုပ်သား ၁၅ ယောက်ခန့်ဖြင့် လည်ပတ်နေသည့် အကြီးစား ဂစ်တာလုပ်ငန်း တစ်ခုလျှင် တစ်ရက်ကို ဂစ်တာ ၁၅ လုံးခန့် ပြုလုပ်နိုင်ပြီး လုပ်သမျှအကုန် နယ်အစုံ တင်ပို့ရသည်ချည်းသာ ဖြစ်သည်။ အထူးသဖြင့် ဆောင်းရာသီ ခရစ္စမတ် ကာလများနှင့် တောင်ကြီး တန်ဆောင်တိုင်ပွဲတို့တွင် ပိုရောင်းကောင်းတတ်သည်ဟု New Wave ဂစ်တာ လုပ်ငန်းပိုင်ရှင် ဦးမြင့်ထွန်းက ဆိုသည်။

နိုင်ငံတကာတွင် နာမည်ကြီးဂစ်တာ လုပ်ငန်းများစွာ ရှိပြီး စက်မှုသီးသန့်ဖြင့် တစ်ရက်လျှင် အလုံးရေ ထောင်ချီထုတ်နိုင်သော စက်ရုံများ၊ လက်မှု သီးသန့် ထွင်းအိုးများဖြင့် ပညာရှင် တစ်ယောက်လျှင် တစ်လလုံးမှ တစ်လုံးခန့်သာ ထုတ်လုပ်သော ဂစ်တာများ ဖြစ်သည်။ နည်းပညာ တိုးတက် အဆင့်မြင့်သည့်အလျောက် လက်ရာနှင့် ပစ္စည်း အရည်အသွေးကို လိုက်ပြီး ဂစ်တာ ဈေးနှုန်းများမှာ ကြီးမြင့်သည်များလည်း ရှိသည်။  စစ်ကိုင်းဂစ်တာသည် ထိုနိုင်ငံခြား ဂစ်တာများကို  အရည်အသွေးချင်း မယှဉ်နိုင်ခဲ့။

တရုတ်က တင်သွင်းသော စက်ရုံထုတ် ဂစ်တာများမှာလည်း စစ်ကိုင်း ဂစ်တာထက် ဈေးနှုန်း သက်သာပြီး လှပဆန်းသစ်သောကြောင့် လူငယ် အများစုက  ရွေးချယ် ဝယ်ယူလာကြသောအခါ စစ်ကိုင်း ဂစ်တာတို့ မျက်နှာငယ်ခဲ့ရသည်။

စစ်ကိုင်းဂစ်တာ လုပ်ငန်း၏ အနာဂတ်သည် ဝေဝေဝါးဝါး။ နည်းပညာအဆင့် မြှင့်တင်မှုများ၊ ခေတ်မီ စက်ရုံများဖြင့် စက်မှု အဓိကထား ထုတ်လုပ်သော လုပ်ငန်းအဖြစ်သို့ စစ်ကိုင်းဂစ်တာ လုပ်ငန်းရှင်များက  ဦးတည်ချင်သော်လည်း လက်တွေ့တွင် အလှမ်းဝေးနေဆဲ ဖြစ်သည်။ ချေးငွေ၊ နည်းပညာ အကူအညီ၊ ပြည်ပပို့ကုန် ဈေးကွက် ရှိလာလျှင်တော့ စစ်ကိုင်းဂစ်တာ သံတို့ နိုင်ငံ့အပြင်အထိ ရောက်နိုင်ပေလိမ့်ဦးမည်။

“စစ်ကိုင်း နှစ် ၇၀၀ ပြည့်ပွဲတုန်းကတော့ ကျွန်တော်တို့ စစ်ကိုင်းဂစ်တာတွေ အတော် ရောင်းခဲ့ရတယ်။ ဂစ်တာ တပ်ဆင် ထုတ်လုပ်ပုံတွေကို နိုင်ငံခြားသားတွေကလည်း စိတ်ဝင်တစား လာကြည့်ကြတယ်။ ကျွန်တော်တို့ကတော့ စစ်ကိုင်း ဂစ်တာ လုပ်ငန်းကို ဒီထက် ပိုထွန်းပေါက်စေချင်တယ်။ စစ်ကိုင်းမြို့ဝင် တစ်နေရာမှာလည်း စစ်ကိုင်းဂစ်တာပုံ အထိမ်းအမှတ် ရုပ်တု တစ်ခု ဆောက်ကြဖို့ တိုင်ပင်နေကြပါတယ်”ဟု စစ်ကိုင်းဂစ်တာအသင်း ဥက္ကဋ္ဌလည်းဖြစ် New Wave ဂစ်တာ လုပ်ငန်း ပိုင်ရှင်လည်းဖြစ်သော ဦးမြင့်ထွန်းက ဆိုသည်။

စစ်ကိုင်းဂစ်တာ လုပ်ငန်းတို့ကတော့ အခက်အခဲများကြားမှာ အသက် ဆက်နေရတုန်း။ တစ်နေ့တော့ စစ်ကိုင်းဂစ်တာသံတို့ မိုးယံသို့ လွင့်ပျံ့လာနိုင်လိမ့်ဦးမည် ထင်ပါသည်။

ယဉ်ယဉ်နှောင်း

  • TAGS