POST TYPE

ARTICLE

စပယ်ယာ တော်လှန်ရေး
07-Jan-2017 tagged as

၂၀၀၆ ခုနှစ်ခန့်က ဖြစ်သည်။

မောင်ဗြိတည်း ဟူသော တောသားသည် သံသေတ္တာ အစုတ် တစ်လုံးပိုက်ကာ သမိုင်းလမ်းဆုံတွင် အူလည်လည် ဖြစ်နေရှာ၏။

ဘတ်စ်ကားဆရာ ကိုလူညာတို့က မောင်ဗြိ သွားလိုသည့် ရှစ်မိုင်လမ်းဆုံသို့ ရောက်သည်ဟုဆိုကာ အဝေးပြေးဂိတ်မှ လိမ်ခေါ်ခဲ့သည်။

ထို့နောက် သမိုင်းလမ်းဆုံ ဆိုသော အရပ်တွင် ချပေး၏။

“ရောက်ပြီ ... ဆင်းဆင်း ... သွက်သွက်လေး ဆင်း”ဟူသော စပယ်ယာမင်း၏ ချိုသာယဉ်ကျေးသော မောင်းချသံကြောင့် မျက်နှာငယ်နှင့် ဆင်းခဲ့ရသော်လည်း ရှစ်မိုင် ဆိုတာကြီးသည် လုံးသလား၊ ပြားသလား မောင်ဗြိ မသိ။

ထိုအဖြစ်အပျက်ကား မောင်ဗြိ၏ ရန်ကုန် ဘတ်စ်ကားများနှင့် ပထမဆုံးအကြိမ် ဖူးစာဆုံမှုပင်။

နောက်ပိုင်း နှစ်များတွင်တော့ မောင်ဗြိသည် ရန်ကုန် ဘတ်စ်ကားများ၏ အထာညက်လာသည်။ ကားပေါ်တက်လျှင် နောက်ဆုံး တိုးပြီး ဘေးကပ်ရမည်။ ကျောပိုးအိတ်ပါလျှင် ရှေ့ပို့ရမည်။ ကားပေါ်မှဆင်းလျှင် တန်းကို ကိုင်ထားသော လက်ကို အမြန်လွှတ်ပြီး လွှားခနဲ ဆင်းတတ်ရမည်။ သို့မဟုတ်လျှင် ထောင်ဝါဒါမျက်နှာပေးနှင့် စပယ်ယာမင်း၏ ငေါက်ခြင်းကို ခံရမည်။

စပယ်ယာမင်းများကို တော်လှန်မိလျှင် ... မှတ်တိုင် အော်၊ လူခေါ်၊ ငွေကောက် ဘတ်စ်ကားဘုရင် စပယ်ယာ သခင်များ၏ ဆော်ပလော်တီးခြင်းကို ခံရမည်။

ဒါတွေကို မောင်ဗြိ အထာနပ်ပြီ။

မနပ်ခံနိုင်ရိုးလား။

စာလေး ပေလေး မတောက်တခေါက် ဖတ်ထားသည်ဆိုတော့ ရန်ကုန် အနောက်ပိုင်းမှ နာမည်ကျော် သမိုင်းဝင် လူမိုက်ကြီး လမ်းမတော် ဘိုးတုတ်သည် ဘတ်စ်ကား စပယ်ယာဘ၀တွင် လက်သွေးပြီးမှ လူမိုက် ဖြစ်လာသည်ဟု မောင်ဗြိ ဗဟုသုတ ရှိထား၏။

ထို့ကြောင့် စပယ်ယာ လုပ်ငန်းကို လူမိုက်ဗိုလ် သင်တန်းကျောင်းအဖြစ် မောင်ဗြိ သဘောပိုက်သည်။ အချိန် ကြာလာသည်နှင့်အမျှ  ဘတ်စ်ကားပေါ် တက်လျှင် စပယ်ယာမင်းများ အလိုကျ မောင်ဗြိ နေတတ်လာခဲ့သည်။

အိမ်ရှင်မကို ၀ယ်ပေးသော လက်ဝတ် ရတနာနှင့် စပယ်ယာလက်သို့ ရောက်သွားသော ပြန်အမ်းရန် ငွေသည် တောင်းရ အခက်ဆုံးဆိုသည့် သီအိုရီကိုလည်း မောင်ဗြိ သဘောပေါက်လာ၏။

ရန်ကုန်မြို့တွင် ထိုအခြင်းအရာသည် သွားလာရေးပင် ရှိသေးသည်။ နေရေး၊ စားရေး အသွယ်သွယ် ကလည်း ထူးမခြားနား။ ရောက်စတွင် အိမ်ခန်း ငှားနေနိုင်သည့်အဆင့်ပင် မရှိသော မောင်ဗြိသည် အဆောင် ငှားနေရ၏။

အဆောင်တို့ကား မောင်ဗြိကို စည်းကမ်း ရှိအောင် သင်ပေးပုံကား ပညာသားပါလှသည်။ အချို့အဆောင်များသည် အ၀တ်တန်းပေါ်တွင် လှန်းထားသော အတွင်းခံ ဘောင်းဘီပင်လျှင် သုံးမိနစ်ခန့် သတိလက် လွတ်နေမိပါက ပျောက်သွားတတ်သည်။ တစ်လုံးတည်းသာရှိသော အဆောင် အိမ်သာထဲတွင် အချို့ကား ရည်းစားနှင့်ဖုန်းပြောပြီး တစ်နာရီခန့် ဖင်ဇိမ်ခံသည်။ တစ်ခုတည်းသာရှိသော ရေချိုးခန်းတွင် ဂျပန်ခေတ်ကတည်းက မလျှော်လာသည့် အ၀တ်များအလား စိမ်ပြေနပြေ ရေစိမ်လျှော်တတ်သူလည်း ရှိသည်။

အိမ်ခန်းလေး ငှားနိုင်သည့် အခြေအနေ ရောက်လာတော့လည်း တစ်မျိုး စိတ်ညစ်ရပြန်၏။ ခြောက်လ တစ်ခါ အိမ်ငှား ပြည့်ခါနီးတိုင်း အိမ်ရှင့်အ၀ှာကို ဟို အကောင် မျှော်သလို မျှော်ရပြန်သည်။

ဆက်ငှား မငှား၊ ဈေးထပ်တင် မတင် ဒွိဟများဖြင့် အိမ်ပိုင်ရှင်နှင့် ပွဲစားကို ကျန်းမာပါစေ၊ ချမ်းသာပါစေ ဆုတောင်းပေးရသည်။

ရန်ကုန်သည် နေရေး စားရေး မလွယ်ကူ။

ရန်ကုန်သည် ရှုပ်ထွေးလှ၏။

စည်ပင်သာယာရယ် ... လမ်းဘေးဈေးသည်ရယ်က ဟိုနားက တိုးလိုက်၊ ဒီဘက်က ဖမ်းလိုက်။

ဘတ်စ်ကား စပယ်ယာရယ် ... ဘတ်စ်ကားတွေကို ချမယ်ဆိုတဲ့လူတွေရယ်က ဟိုနားက တိုးလိုက်၊ ဒီဘက်က ဖမ်းလိုက်။

ဒေါ်လာဈေးရယ် ... ကုန်သည်တွေရယ်က ဟိုနားက တိုးလိုက်၊ ဒီဘက်က ဖမ်းလိုက်။

အစိုးရရယ် ... ကန့်လန့်တိုက် ငတိတစ်စုရယ်က ဟိုနားက တိုးလိုက်၊ ဒီဘက်က ဖမ်းလိုက်။

တစ်နှစ်ပတ်လုံး လွတ်လပ်ရေးနေ့အလား ထုပ်ဆီးတိုး ကစားနေသည့် မြို့ကြီးဖြစ်သည်။

ထိုအခြေအနေတွင် မောင်ဗြိ သတင်းတစ်ခု ကြားရသည်။

မန္တလေး ရွှေမြို့တော်ကြီးတွင် အိမ်ရာကိုယ်ပိုင် မရှိသည့် မောင်ဗြိတို့လို မြေသလင်းသား ငနင်းပြားများအတွက် တန်ဖိုးနည်း အိမ်ရာတွေ လျှောက်လို့ရနေပြီဟု၏။

အဲ့သလိုမျိုး အိမ်ပိုင်လေးသာ ရှိလျှင်ဖြင့် နေရေး ဒုက္ခ မအေးတဲ့ ရန်ကုန်ကို ဘိုင့်ဘိုင်လုပ်ပြီး မန္တလေး သား အပြီးလုပ်မည် ဟူသောစိတ်ဖြင့် အနှီသတင်းကို ဂျာနယ်များတွင် ဖတ်ကာစုံစမ်း၏။

မန္တလေးကား အလွန်အံ့သြစရာ ကောင်းလှသောမြို့ တစ်မြို့ဖြစ်သည်ကို မောင်ဗြိ ရှာဖွေတွေ့ရှိသွားသည်။

အဘယ်ကြောင့်ဆိုသော် မန္တလေးတွင် အိမ်ပိုင် မရှိသော ဆင်းရဲသားများသည် မော်တော်ကား အကောင်းစားကြီးများ စီးနိုင်ကြ၏။

မယုံမရှိနှင့်။

အဆိုပါ တန်ဖိုးနည်း အိမ်ရာလျှောက်လွှာ တင်သည့်နေရာတွင် တန်ဖိုးမြင့်၊ နောက်ဆုံးပေါ် မော်ဒယ်လ် ကားကြီးကားငယ် အသွယ်သွယ်ဖြင့် လျှောက်လွှာ လာတင်ကြရာ လမ်းများပင် ပိတ်ဆို့သွားသတတ်။

ဘယ့်နှယ် ... ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးက မန္တလေးမှာမှ တကယ် ဖြစ်နေတာပါလား။ ကိုယ်ပိုင်အိမ် ရှိတာချင်း အတူတူမှာ မန္တလေးက လူတွေ နေ့ချင်းညချင်း ချမ်းသာသွားကြပါလားဟုပင် မနာလို ဖြစ်ရသည်။

ဆိုက်ကားပင် နပ်မမှန်သော မောင်ဗြိကလေး အားလည်း ငယ်သွားရပါသည်။ ရန်ကုန်တွင်လည်း ထိုသို့နှယ့် တန်ဖိုးနှယ် အိမ်ရာ စီမံကိန်းများ လာတော့မည်ဟု သိရ၏။

သို့သော်ငြား ... ဟယ်လီကော်ပရာဖြင့် အိမ်ခန်း လာလျှောက်မည့် ဆင်းရဲသားကြီးများဖြင့် တိုးဝှေ့နေသည်ကို ကြိုမြင်ယောင်လာသဖြင့် မောင်ဗြိ စိတ်လျှော့ ထားလိုက်ပါတော့သည်။

ကိုယ့်ဘာသာ သူများ တိုက်ခန်းလေး ငှားပြီး စပယ်ယာမျက်နှာ ကြည့်နေရသည့် ဘ၀ဖြင့် တော်သေးသည်ဟု စဉ်းစားမိသည်။

မကြာမီပင် သတင်းတစ်ခု သိရပြန်၏။

၂၀၁၇ ဇန်န၀ါရီ ၁၅ မှ စတင်ပြီး ရန်ကုန်တွင် မထသယာဉ်လိုင်းများကို ဖျက်သိမ်းပြီး အစိုးရအဖွဲ့မှ စီစဉ်ပေးသော ယာဉ်လိုင်းများဖြင့် ပြေးဆွဲမည်ဆိုသည့် သတင်း။

ဟိုးအရင်က ယာဉ်ပိုင်ရှင်တွေ ပုတ်ပြတ်ပေး စနစ်နဲ့ ပြေးဆွဲနေရာမှ ယခုတော့ စနစ်တကျစုဖွဲ့ ပြေးဆွဲစေတော့မည်ဟု ရန်ကုန်ဝန်ကြီးချုပ်က ဆိုသည်တဲ့။

ထို့ကြောင့် အပြိုင်အဆိုင် အလုအယက် မောင်းနှင်ကြစရာ မလိုတော့ဟုလည်း ဆို၏။

အလို...အို။

အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်သည့်အလား မောင်ဗြိ အူမြူးသွား၏။ မောင်ဗြိ ငယ်ကြောက် စပယ်ယာတွေလက်က လွတ်တော့မည်ပေါ့။ ဘတ်စ်ကားစီးလျှင် စပယ်ယာ သရဏံ ဂစ္ဆာမိ လုပ်ရသည့်ဘေးမှ ကင်းလွတ်တော့မည်ပေါ့။

ထိုသို့ စပယ်ယာဆိုးတွေ လက်အောက်က လွတ်ပြီ ဆိုသော်လည်း အရမ်း ၀မ်းမသာရန် မောင်ဗြိ ကိုယ့်ကိုယ်ကိုယ် ကြိတ်ဆုံးမပါသည်။

အင်္ဂလိပ်လက်အောက်က လွတ်ပြီဆိုပြီး ပျော်နေသည့် မြန်မာများ ... ဂျပန်က ခူးရာကားဆိုပြီး ပါးရိုက်ခံရသလိုမျိုး ဖြစ်မှာပဲ စိုးပါသည်။

နောက်မှလာသည့် မောင်ပုလဲများ ... ဒိုင်းဝန်ထက် မကဲဖို့ အစိုးရမင်းများကို အားကိုးရတော့မည်။

ဘာပဲဖြစ်ဖြစ် ဒီလိုဆိုလျှင်ဖြင့် ရန်ကုန်မှာနေပျော်လေပြီ။ နယ်ကို သတိရလျှင် တစ်ပတ် တစ်ကြိမ်လောက် ဟိုင်းဝေးကားဖြင့် နယ်ပြန်မည်။ ကျန်သည့်အချိန် ရန်ကုန်တွင် အလုပ်လုပ်ရင်း နှပ်မည်။

မောင်ဗြိ ထို့နှယ်ကြံစည်သည်။

ကြံစည်လို့မှမဆုံး ဟိုင်းဝေးကားဖြင့် အိမ်ပြန်ရမည့် အနေအထားကို စဉ်းစားစရာက ဖြစ်လာပြန်သည်။

ဧရာဝတီ တိုင်းဝန်ကြီးချုပ် ယာဉ်တန်းကို အဝေးပြေးကားက ၀င်တိုက်သည်တဲ့။

ဘာပဲဖြစ်ဖြစ် ရန်ကုန်တွင် စပယ်ယာ တော်လှန်ရေးကြီးကား အောင်မြင်သွားချေပြီဟု ဆိုရမည်လားမသိ။

နောက်ထပ် တော်လှန်ရေးများစွာ ကျန်နေသေးသည်။

အထူးသဖြင့် အခြေခံ လူတန်းစားများအတွက် ဝေပေးသော ဆန်ပြုတ်များကို အတင်းလုပြီး တန်းစီသောက်နေကြသော ခေတ်အဆက်ဆက် ဦးဘောဂကြီးများကိုသာ သနားသဖြင့် ဦးစားပေးလိုက်စေချင်သည်။

မောင်ဗြိတို့ အခြေခံ လူတန်းစားများကတော့ သူတို့ ထောင်ထားသော ကားများကိုစီးပြီး သူတို့ငှားထားသော အိမ်ကလေးများတွင် လခပေးနေကာ အနစ် နာခံလိုက်ပါတော့မည်လေ။

ဗြိတိသျှကိုကိုမောင်

  • TAGS